ဗုဒ္ဓသာသနံ
လဇ္ဇီ ရက္ခိဿတိ
မြန်မာနိုင်ငံတော်သို့ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိတော်မူစဉ်ကပင် သာသနာတော် ရောက်ရှိလာသည်ဟု မြန်မာပညာရှင်အများက လက်ခံခဲ့ကြပါသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် နှစ်ပေါင်း နှစ်ရာကျော် သောအခါ အသောက ဘုရင်ကြီးလက်ထက် သာသနာပြုစေလွှတ်စဉ်ကလည်း မြန်မာပြည် သုဝဏ္ဏဘုမိအရပ်သို့ အရှင်သောဏထေရ် အရှင်ဥတ္တရထေရ် အမှူးပြုသော ရဟန္တာမထေရ်များ ဦးဆောင်သော သာသနာပြု
ဆရာတော် များ ရောက်ရှိကြောင်း သာသနာ့သမိုင်း အထင်အရှား ရှိခဲ့ပါသည်။ နောင်အခါ အစဉ်မပျက် သာသနာတော်ကို လဇ္ဇိသူတော်ကောင်းများ စောင့်ရှောက်လျှက် ရှိနေကြောင်းကိုလည်း သမိုင်းအထောက်အထား များအရ သိကြရပါ သည်။
ပရိယတ္တိသာသနာ
တစ်ပြည်လုံး စာပေပရိယတ္တိနှင့်တကွ ခိုင်မာတောင့်တင့်အောင် သာသနာရောက်ရှိလာသော အချိန်ကား သာသနာ ၁၆၀၁ ခု ကောဇာ ၄၁၉ ခုမတိုင်မီ ပုဂံပြည်သို့ အရှင်အရဟံကြွရောက်သော အချိန်ပင် ဖြစ်ခဲ့ပါသည်။ ထိုအချိန်ကား မြန်မာပြည်သူပြည်သာများအတွက် အလွန်ကံကောင်းသော အချိန်ဟု ယူဆသင့်သည်။ မြန်မာပြည်သမိုင်းတွင် အရှင်အရဟံနှင့် အနော်ရထာကိုသာ နုတ်လိုက်လျှင် ယခုကဲ့သို့ မြန်မာ့ဂုဏ်ကို ဆောင်နိုင်စရာ ကျန်တော့မည့် မဟုတ်ပါ။
ဗုဒ္ဓမြတ်စွာတို့ ပွင့်တော်မူလာကြသည်မှာ လောကရှိသတ္တ၀ါအများ အသိညာဏ်တိုးတက် မြင့်မား ရင်ကျက် ရန်အတွက်သာ အဓိကဖြစ်ကြောင်း ဗုဒ္ဓရှင်တော်မြတ်ကိုယ်တော်တိုင်ပင် ဟောကြား တော်မူခဲ့ပါသည်။ (အင်္ဂုတ္ထိုရ် ဧကပုဂ္ဂလ၀ဂ်)
အရှင်အရဟံ
မထေရ် ပုဂံသို့ရောက်ချိန်မှာ သက်တော် ၂၅နှစ်ကျော် ၃၀ ပတ်ဝန်းကျင်တွင် ဖြစ်ပါသည်။ မထေရ်မြတ် သက်တော် ၈၁ နှစ် အလောင်စဉ်သူမင်းကြီး နန်းစံ ၂ နှစ်တွင် ပျံလွန်တော်မူခြင်းကို ပညာရှိအများ သဘောတူ လက်ခံခဲ့ပါသည်။ ထို့ကြောင့် အလောင်းစည်သူနန်စံ ၂ နှစ် ကျန်စစ်နန်းစံ ၂၈ နှစ် စောလူး ၇ နှစ် ပေါင်းလျှင် ၃၇ နှစ်ဖြစ်ကာ အနောရထာနှင့် အရှင်အရဟံ တွေ့သောအခါတွင် ( အနော်ရထာဘုရင် နန်းစံ ၉ နှစ်ဟု ဆိုပါသည်) သက်တော် ၂၀ ကျော် ၃၀ ၀န်းကျင်သာ ရှိပါသေးသည်။ ( အိန္ဒိယနိုင်ငံ အသောကဘုရင်ကြီး နှင့်နိဂြောဓ သာမဏေတို့ တွေ့သောအခါ ကိုလည်း ထည့်သွင်း စဉ်းစားပါ။)
သို့သော်
ယနေ့ ညာဏ်ပညာဖြင့် မျှော်မှန်းကြည့်လျှင် ထိုအရှင်အရဟံ၏ ကျေးဇူးတော်သည် မည်မျှ ကြီးကျယ် မြင့်မားသည်ကို မြန်မာလူမျိုးတို့အတွက် မတိုင်းတာနိုင်အောင် ကျေးဇူးကြီးမားကြောင်း သိခွင့်ရခဲ့ပါသည်။
အရှင်အရဟံမထေရ်မြတ်သည် သထုံမှ ရောက်ရှိလာသော ပိဋကတ်တော်များကို တိုင်းပြည်သို့ ချက်ချင်း ဖြန့်ချီခြင်း မပြုသေးဘဲ သီဟိုဠ်မှ ပိဋကတ်တော်အစုံကို ရရှိအောင် ကြိုးစားပြီးနောက် တိုက်ဆိုင်တီးဖြတ်ကာ အလွဲအမှားမရှိဟု မိမိကိုယ်တော်တိုင် သိရှိပြီးမှ နိုင်ငံတော်သို့ ဖြန့်ချီသင်ကြားစေခဲ့ခြင်း ဖြစ်ပါသည်။
ပိဋကတ်တော်ကို သင်ကြားရာတွင် အဦးအစ ဗုဒ္ဓဘာသာတို့၏ အလေ့အထကျင့်ဝတ် အသိဥာဏ်များကို သင်ကြားပေးခဲ့သည်မှာ သေချာပါသည်။ သို့သော် စာပေ တတ်မြောက်မှုကို ပေါ်လွင်ထူးခြားစွာ မှတ်တမ်း တင်ကြခြင်းမှ တပါး အခြေခံသင်ကြားမှုများမှာကား ပေါ်လွင်ထင်ရှားမှုမရှိခဲ့ပါ။
သုတေသီပညာရှင်များ မငြင်းသာအောင် သေချာမှုတစ်ခုကား ဗုဒ္ဓဘာသာစာသင်ယူရာတွင် မင်္ဂလသုတ် တရားတော်ကို ကျောင်းတိုင်းတွင် သင်ကြားစေခဲ့သည်မှာ အသေအချာသိရသော အချက်ပင် ဖြစ်ပါသည်။
နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က အင်္ဂလိပ် မြန်မာ ခေတ်ပညာရှင် သုတေသီတစ်ဦးအား မြန်မာ့သမိုင်းတွင် သာမက ဘာသာရေးသမိုင်းတွင် မင်္ဂလသုတ်ကို မည်သည့်ခေတ်က စတင်ကာ ကျောင်းသင်ခန်းစာအဖြစ် သတ်မှတ်ပြီး သင်ကြားခဲ့သည်ကို သိပါစေဟု စုံစမ်းမေးမြန်းခဲ့ရာ ဘုန်းတော်ကြီးကျောင်းများ ပေါ်စကဟုသာ မှတ်ပါဟု အမိန့်ရှိခဲ့ပါသည်။ ထိုမျှ အားရမှုမရှိသဖြင့် ဆက်လက်ရှာ ဖွေလေ့လာခဲ့ရာ ခုဒ္ဒကနိကာယ်အပါအ၀င် ပထမသင်္ဂါယနာတင်ချိန်မှ စခဲ့ကာ ကျောင်းသားငယ် ရှင်ငယ်များ သင်ယူရန် ရည်ရွယ်စီစဉ်ထားကြောင်း လေ့လာ သိရှိရပါသည်။ ခုဒ္ဒကမှာ ကလေးသူငယ်များ ဖတ်စာဟု ဆိုခဲ့ပါသည်။
ထိုကဲ့သို့ အလွန်မြင့်မြတ်သော အကျင့်သီလ ညာဏ်ပညာတန်ခိုး နှင့် ပြည့်စုံတော်မူသော အနာဂတ်ကို ကြိုတင်သိမြင်တော်မူကြသည့် အရှင်မဟာကဿပ အရှင်အနုရုဒ္ဓါ အရှင်အာနန္ဒာ အစရှိသော သံဃာတို့မှတစ်ဆင့် တတိယသင်္ဂါယနာတင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် သီရိဓမ္မာသောကမင်းကြိးတို့ သာသနာပြု စဉ်ကပင် မင်္ဂလာတရား သင်ကြားမှုကို စတင်ခဲ့သည်ကို တွေ့ရသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာသင်ခန်းစာသမိုင်းတွင် မင်္ဂလာတရားကို ယနေ့တိုင်အောင် ပေါ်လွင်ထင်ရှားနေ ခဲ့သည်မှာ အံ့သြဖွယ်မရှိပါ။ ပိဋကတ်သုံးပုံတရားတော်တွင် သုတ်ပေါင်းမြောက်များစွာ ရှိသည်အနက်မှာ ယခု မင်္ဂလသုတ်တော်ကို ထူးထူးခြားခြား သင်ခန်းစာ သင်ရိုးညွှန်းတွင် အစဉ်မပျက် ယနေ့တိုင်အောင် သင်ကြားစေခဲ့ သည်မှာ အလွန် အလေးပြု သတိထားစရာ ကောင်းပါသည်။ လောကီ လောကုတ္တရာ အကျိုးစီးပွားအတွက် အထူး အလေးပြု သင်ကြားသင့်ပါသည်။
No comments:
Post a Comment