Monday, June 17, 2013

ကျောင်းသားကျောင်းသူများ





လောင်တဲ့မီး ကူငြိမ်းနိုင်ကြပါစေ

လောင်တဲ့မီး ကူငြိမ်းနိုင်ကြပါစေ

တစ်ခါက ရွာတစ်ရွာမှာ ပစ္စည်းဥစ္စာ ချမ်းသာတဲ့ မုဆိုးမ တစ်ယောက်ရှိ၏။ မုဆိုးမဟာ ဥစ္စာလည်းရှိ မာနလည်း ကြီးတာကြောင့် တစ်ရွာလုံးက သူမကို မျက်မုန်းကျိုးနေတာပေါ့။

တစ်နေ့ကျတော့ မုဆိုးမအိမ်မှာ မီးလောင်တော့ ရွာသားတွေကို အားကိုးတကြီးနဲ့ မီးကူငြိမ်းပေးဖို့ အော်နေတယ်။ မီးလောင်နေတဲ့ မုဆိုးမအိမ်ကို ရွာသားတွေက တစ်ယောက်မှ လာမကူငြိမ်းတဲ့အပြင် တချို့က "အကုန်လောင်ပါစေ။ ဒီလောက် မာနကြီးတဲ့ မုဆိုးမ တစ်ခါထဲ မွဲသွားပါစေ" ဆိုပြီး မေတ္တာပို့နေကြတယ်။

မကြာမီ ရွာသူကြီးရောက်လာပြီး ဒီလိုအော်ပြောလိုက်ပါတယ်။
"ဟေ့ ရွာသားတွေအားလုံး ကြီးငယ်ပါမကျန် ရေခပ်ပြီး မီးငြိမ်းကြ မီးသတ်ကြဟေ့"
"ရွာသူကြီး ဒီမုဆိုးမက မာနကြီးတယ် တစ်ရွာလုံးနဲ့လည်း မတည့်ဘူး ဒါကြောင့် မီးကို ကူမငြိမ်းနိုင်ဘူး"
"ဟ မင်းတို့ ဒီလို မပြောကြနဲ့ အခုလောင်နေတဲ့မီးက မုဆိုးမအိမ်ရဲ့ မိုးဖိုဆောင်ကို စလောင်တာတော့ ဟုတ်တယ်ကွ။ သူမရဲ့ အိမ်ကလေညာမှာရှိနေတော့ သူ့အိမ်ကြီးကို မီးစွဲလောင်သွားရင် မင်းတို့ငါတို့အိမ်တွေ တစ်ရွာလုံး ပြောင်သွားလိမ့်မယ် သိလား။ ဒါကြောင့် ရွာသားတွေ တစ်ယောက်မှ မကျန် ဒီမီးကို ဝိုင်းဝန်းပြီး ငြိမ်းသတ်ကြ"ဒီလိုနဲ့ ရွာသားတွေ ကလေးရော လူကြီးပါမကျန် တရွာလုံး မီးကို ဝိုင်းငြိမ်းလိုက်တော့ မီးငြိမ်းသွားတယ်။ မုဆိုးမရဲ့ မီးဖိုဆောင်တစ်ဝက်လောက်သာ မီးလောင်သွားတယ်။
မီးလောင်ပြီးတဲ့နောက် မုဆိုးမလည်း သူမရဲ့ အိမ်ကြီး မီးဘေးက လွတ်ခဲ့တာကို လွန်စွာဝမ်းသာသွားတယ်။ ရွာသားတွေကိုလည်း အထူးကျေးဇူးတင်မိတော့တယ်။ သူမမျက်ရည်ကျပြီးတော့ အခု မီးမလောင်ဘဲ ကျန်တဲ့ပစ္စည်းတွေဟာ ရွာသားတွေကြောင့်ကျန်နေခြင်းသာဖြစ်ကြောင်း သူမ သဘောပေါက်သွားတယ်။
မီးလောင်ပြီးတဲ့နောက် မုဆိုးမဟာ အရင်တုံးကလို မာနမကြီးတော့ဘူး။ ရွာရဲ့ ကိစ္စအဝဝကို လိုလေသေးမရှိအောင် ကူညီလေတော့တယ်။
တကယ်တော့ ရွာသားတွေ ငြိမ်းလိုက်တဲ့ မီးဟာ အပြင်မီးလို့ဆိုပေမယ့် မုဆိုးမကြီးရဲ့ အတွင်းမီးဖြစ်တဲ့ မာနတရားကိုလည်း ငြိမ်းသတ်နိုင်ခဲ့ခြင်းပါ။

တောင်တန်းသာသနာပြု ဆရာတော် စဝ်ဆုခမ်း (တန့်ယန်း)

မြန်မာနိုင်ငံမှထေရ၀ါသံဃာ.ဂိုဏ်းကြီး ( ၉ ) ဂိုဏ်း

မြန်မာနိုင်ငံမှထေရ၀ါသံဃာ.ဂိုဏ်းကြီး ( ၉ ) ဂိုဏ်း

မြတ်စွာဘုရားရှင်ဟောကြားတော်မူအပ်သောသုတ်၊ ၀ိနည်း၊ အဘိဓမ္မာဟုဆိုအပ်သော ပိဋကတ်သုံးပုံ တွင် သုတ်နှင့်အဘိဓမ္မာမပါ၊ ၀ိနည်းတော်အပိုင်းတွင်သာ အနက်အဓိပ္ပါယ်ဖွင့်ဆို လိုက်နာမှု၌သာ အနည်းငယ် ကွဲလွဲမှုရှိကာကွဲပြားသွားကြသည့် သံဃာတော်များသည်မိမိတို့၏ ဆရာအစဉ်အဆက်အားဖြင့် ဂိုဏ်းများ အဖြစ်တည်ရှိကာ ယနေ့မြန်မာနိုင်ငံတွင် ( ၉ ) ဂိုဏ်း ရှိနေသည်ကို တွေ့ရှိရပါသည်။ ထိုသံဃာ့ဂိုဏ်းကြီးများ အမည်နှင်.ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို တင်ပြရလျှင်.....

( ၁ ) သုဓမ္မာဂိုဏ်း

တာဝတိသာနတ်ပြည်တွင် သိကြားမင်းသည်သုဓမ္မာဇရပ်တော်၌မှုခင်းများကို စီစဉ်ဆုံးဖြတ်လေ့ ရှိသည်။ ဤ အစဉ်အလာအရ မြန်မာဘုရင်များလက်ထက်တော်က သာသနာရေးဆိုင်ရာမှုခင်းများကို ဆရာတော် ကြီးများစုဝေးဆုံးဖြတ်ရာ၌ ထိုနေရာဌာနကို "သုဓမ္မာ " ဟုခေါ်သည်။ ယင်းအစည်းအဝေးသို့ တက်ရောက် ခွင့်ရသော ဆရာတော်များကို သုဓမ္မာဝင်ဟုခေါ်သည်။ သံဃာ့ဂိုဏ်းများ မကွဲမပြား တစ်စည်းတစ်လုံးတည်း ရှိစဉ်က မြန်မာနိုင်ငံတွင်သံဃာအားလုံးသည် သုဓမ္မာဝင်ဆရာတော်ကြီးများ၏ အုပ်ချူပ်မှုအောက်တွင် ရှိနေကြသည်။ ထိုသို့ရှိနေရာမှ မင်းတုန်းမင်းကြီးလက်ထက်တွင် ' ရွှေကျင် ' ဂိုဏ်းခွဲထွက်သွားသောအခါ ရွှေကျင်ဂိုဏ်းဝင်မဟုတ်သောသံဃာများကိုသုဓမ္မာဂိုဏ်းဝင်အဖြစ်ခေါ်ဆိုကြသည်။

( ၂ ) ရွှေကျင်ဂိုဏ်း

မင်းတုန်းမင်းကြီးသည် ၀ိနည်းသိက္ခာအလွန်လေးစား၍ အကျင့်ပဋိပတ်နှင့်ပြည့်စုံသော ရွှေကျင်ဆရာတော် ဘုရားကြီး ဦးဇာဂရကို အလွန်တရာကြည်ညို၍ သာသနာပိုင်အဖြစ်တင်မြှောက်လိုသော်လည်း တောင်နန်း မိဖုရားခေါင်စင်္ကြာဒေ၀ီ၏ ဆန္ဒကိုမလွန်ဆန်နိုင်သဖြင့် မောင်းထောင်ဆရာတော်ကို သာသနာပိုင် တင်မြှောက်ခဲ့ရသည်။ အခါတစ်ပါးရွှေကျင်ဆရာတော်ဘုရားက သာသနာပိုင် ဆရာတော်ထံ သွားရောက်ရာ စကားမပြောဆိုပဲနေခဲ့သဖြင့် ဆရာတော်မှ မိမိအားမလိုလားဟု သဘောပိုက်တော်မူခဲ့သည်။ ယင်းနောက် ၁၂၁၄ ခုနှစ်တွင် ရွှေကျင်ဆရာတော်ကို သုဓမ္မာဆရာတော်များအမိန့်ဖြင့် သုဓမ္မာသို့ ကြွရန်ဆင့်ဆိုရာ မကြွဘဲနေသဖြင့် သုဓမ္မာဆရာတော်များက အတင်းအကြပ်ခေါ်ဆိုရန်စီမံရာတွင် မင်းတုန်းမင်းကြီးက ရွှေကျင်ဆရာတော်အား သုဓမ္မာသို့ ဆင့်ခေါ်ခွင့်မရှိ၊ ရွှေကျင်ဆရာတော်လွတ်လပ်စွာ သီတင်းသုံးနိုင်သည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုအချိန်မှစ၍ ရွှေကျင်ဆရာတော်ဘုရားကြီးဦးဇာဂရ၏တပည့် သံဃာတော်အဆက်ဆက်တို့ကို
ရွှေကျင်ဂိုဏ်းဝင်ဟု ခေါ်ဆိုကြသည်။

( ၃ ) ဒွါရဂိုဏ်း (၃) ဂိုဏ်း

သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင်ပဲခူးတိုင်းအုတ်ဖိုမြို့မှ ဆရာတော်အရှင်ဥက္ကံသ၀ိမာလာသည် ရေသိမ်၌ ရဟန်းခံခြင်းကို အကြောင်းပြု၍ အင်္ဂလိပ်အစိုးရလက်အောက်ရှိ သုဓမ္မာဂိုဏ်းဝင်ဆရာတော်များနှင့် အငြင်းပွားခဲ့သည်။ အုတ်ဖိုဆရာတော်သည်မိမိတပည့်ရဟန်းများနှင့် သီးခြားဂိုဏ်းခွဲခဲ့သည်။ ဘုရားရှိခိုးရာ၌ ကာယကံ၊ ၀စီကံ၊ မနောကံဟူ၍ ရှိခိုးခြင်းမပြုရ၊ ကာယဒွါရ၊ ၀စီဒွါရ၊ မနောဒွါရဟုဒွါရဖြင့် ရှိခိုးမှမှန်ကန်သည်ဟု အုတ်ဖိုဆရာတော်ကဆုံးဖြတ်သည်။ ( ယခုတော့ ထိုသို့ဘုရားရှိခိုးသည်ကို မတွေ့ရ တော့ပါ။ တစ်နိုင်ငံလုံးနီးပါး ကာယကံ၊ ၀စီကံ၊ မနောကံဖြင့်သာ ရှိခိုးကြသည်။)

ဇိနတ္တပကာနီကျမ်းပြုကျီးသဲလေးထပ်ဆရာတော် (သုဓမ္မာဂိုဏ်း) က ကံဖြင့် ရှိခိုးမှမှန်ကန်ကြောင်း ငြင်းခုံကြသည်။ ထို့ကြောင့် အောက်မြန်မာနိုင်ငံ၌ အုတ်ဖိုဆရာတော်၏ဂိုဏ်းကို ဒွါရဂိုဏ်း
ဟုခေါ်ကြသည်။ သုဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟုခေါ်ကြသည်။ နောက်ပိုင်းတွင်မူ ကံဂိုဏ်းဟုမခေါ်တော့ပဲ သုဓမ္မာဂိုဏ်းဟုပင် ပြန်လည်ခေါ်ကြသည်။

ယင်းဒွါရဂိုဏ်းသည် (က) အနောက်ချောင်းဒွါရ၊ (ခ) မဟာဒွါရ၊ (ဂ) မူလဒွါရ ဟူ၍ (၃) မျိုး
ထပ်၍ ကွဲသွားကြပြန်သည်။

( က ) အနောက်ချောင်းဒွါရဂိုဏ်း

ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးလက်ထက်မှာပင် ငါးသိုင်းချောင်းရေတံခွန်ကျောင်းတိုက် ဆရာတော် ကြီးကို အခြားသောဒွါရဂိုဏ်းဝင်ကျောင်းတိုက်ကြီး (၆) တိုက်မှ သံဃာတော်များက ပထမပါရာဇိက (မာတုဂါမဖြင့် ဖောက်ပြန်သည့်အမှု) ဖြင့် စွပ်စွဲကြသည်။ ဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးသည် အစွပ်စွဲခံရသည့် ဆရာတော်ကြီးဘက်မှရပ်တည်ခဲ့သဖြင့် ကျောင်း(၆) ကျောင်းမှ သံဃာတော်များသည် သီးခြားဂိုဏ်းတည်ထောင်ကြသည်။ " င၀န်မြစ်" ကို အနောက်ချောင်းဟု ထိုဒေသတွင်ခေါ်ကြသည်။ ယင်းအနောက်ချောင်းကို အစွဲပြု၍ ရေကြည်၊ငါးသိုင်းချောင်းတစ်ဝိုက်ရှိ အဆိုပါဒွါရဂိုဏ်းကို အနောက်ချောင်းဒွါရဂိုဏ်းဟုခေါ်ကြသည်။

(ခ) မဟာဒွါရဂိုဏ်း

ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးသည် ဗေဒင်ကျမ်းတတ်ကျွမ်းလှသည်ဟုဆိုသည်။ ယခု လက်ရှိအများ လက်ခံသတ်မှတ်ထားသော လပြည့်လကွယ်နေ့များသည် ဗေဒင်နည်းအရ တွက်ချက်ရာ၌ အမှန်တကယ် လမပြည့်သေး၊ လမကွယ်သေး၊ လပြည်.ကျော်တစ်ရက်ရောက်မှလပြည့်သည်။ လဆန်းတစ်ရက်ရောက်မှ လကွယ်သည်ဟု ဆို၍ (၁၅) ရက်တစ်ကြီမ်လပြည့်၊ လကွယ်သိမ်ဝင်၍ သံဃဥပုသ်ပြုခြင်းကို ဆောင်ရွက်သည်။ အခြားသောသုဓမ္မာဂိုဏ်းဝင်နှင့် ရွှေကျင်ဂိုဏ်းဝင်သံဃာများသည် လပြည့်၊ လကွယ်နေ့များ၌ သိမ်ဝင်ဥပုသ်ပြုကြသော်လည်း ဒွါရဆရာတော်ကြီးနှင့် တပည့်များသည် လပြည်.ကျော် (၁) ရက်နေ့နှင့်လဆန်း (၁) ရက်နေ့ရောက်မှသာ သိမ်ဝင်ဥပုသ်ပြုကြသည်။ အုတ်ဖိုဆရာတော်ကြီး ၁၂၆၇ ခုနှစ်တွင် ပျံလွန်တော်မူပြီးနောက်ပိုင်းတွင် ၁၂၈၀ ပြည့်နှစ်၌ ဒွါရဂိုဏ်းဝင်သံဃာတော်များသည် (ရာဇပဓာနံ) ဟူသော မြတ်စွာဘုရား၏အမိန့်တော်အရ လပြည့်လကွယ်ကိစ္စကို အစိုးရမင်းတို့၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်ဟူသော ဒေသနာအရဒွါရဂိုဏ်းဝင်သံဃာတော်အများစုသည် အများနည်းတူ လပြည့်နေ့နှင့် လကွယ်နေ့များတွင် သိမ်ဝင်ဥပုသ်ပြုကြပါသည်။ ယင်းဒွါရဂိုဏ်းမှာ အခြားသော ဒွါရဂိုဏ်းများထက် သံဃာအရေအတွက်များပြားသောကြောင့် မဟာဒွါရဂိုဏ်းဟုခေါ်ကြသည်။ ဤဂိုဏ်း၏ အမည်အပြည့်အစုံမှာ (ဓမ္မာနုဓမ္မမဟာဒွါရနိကာယဂိုဏ်း) ဖြစ်ပါသည်။

ဓမ္မာနုဓမ္မ = တရားအတိုင်းလိုက်နာသော

မဟာ = သံဃာများပြားသော

ဒွါရ = ဘုရားရှိခိုးရာ၌ (ဒွါရဖြင်.ရှိခိုးသော)၊

နိကာယ = သံဃာ.အစုအဝေး (ဖြစ်သည်။)

(ဂ) မူလဒွါရဂိုဏ်း

အုတ်ဖိုဆရာတော်ကြီးပျံလွန်တော်မူပြီးနောက် မဟာဒွါရဂိုဏ်းဝင်သံဃာများသည် လပြည့်လကွယ်ကိစ္စကို အခြားဂိုဏ်းသံဃာများနှင့်အတူ ပြန်လည်လက်ခံကြသော်လည်း အချို.သောဒွါရဂိုဏ်းသံဃာများမှာ အုတ်ဖိုဆရာတော်ကြီးချမှတ်ခဲ့သည့်မူအတိုင်း လပြည့်ကျော်(၁)ရက်နှင့်လဆန်း(၁)ရက်တို့တွင် သိမ်ဝင်ဥပုသ်ပြုမြဲပြုကြ၏။ ထိုသို့ မူလအတိုင်းရှိသည့်ဒွါရဂိုဏ်းကို မူလဒွါရဟုခေါ်ဆိုကြသည်။

မူလဒွါရဟူသောအမည်၏ရှေ.တွင် ' ဓမ္မ၀ိနယာနုလောမ ' ဟုထပ်ဆင့်ဝိသေသနပြုထားသည်။ ( ဓမ္မ + ၀ိနယ + အနုလောမ ) သုတ္တံ၊ အဘိဓမ္မာတရားတော်နှင့်လည်းကောင်း၊ ၀ိနည်းနှင့်လည်းကောင်း လျော်ညီသောဂိုဏ်းဟုဆိုလို၍အမည်အပြည့်အစုံမှာ ' ဓမ္မ၀ိနယာနုလောမူလဒွါရနိကာယ ' ဂိုဏ်းဟု ခေါ်ဆိုကြသည်။

( ၆ ) ဝေဠုဝန်နိကာယဂိုဏ်း

ရန်ကုန်မြို.၊ ဗဟန်းရပ်ကွက်၊ သီလရှင်ကျောင်းအတွင်းရှိဝါးကျောင်း၌ နေထိုင်သောကြောင့် ယင်းဆရာတော်ကို ဝေဠုဝန်ဆရာတော်ဟုခေါ်ဆိုကြသည်။ ယင်းဆရာတော်သည် ဗဟန်းဝေဠုဝန်ကျောင်း တိုက်ကို တည်ထောင်ပြီးနောက် အင်းလျားဝေဠုဝန်ကျောင်းတိုက်၊ စမ်းချောင်းဝေဠုဝန်ကျောင်းတိုက်၊ ပုသိမ်နှင့်မြန်အောင်မြို.များရှိ ဝေဠုဝန်ကျောင်းတိုက်များကို တည်ထောင်ခဲ့သည်။ ယင်း၏တပည့်သံဃာ များကို ဝေဠုဝန်ဂိုဏ်းဟုခေါ်ဆိုကြသည်။ ဒွါရဂိုဏ်းနှင့် ပေါင်းသင်းဆက်ဆံသဖြင့် ' ဝေဠုဝန်ဒွါရဂိုဏ်း ' ဟုလည်းခေါ်ဆိုကြသည်။

( ၇ ) စတုဘုမ္မိက မဟာသတိပဌာန်ငှက်တွင်းဂိုဏ်း

စစ်ကိုင်းမြို.၏အနောက်ဘက် မင်းဝန်တောင်တန်း၌ ပုဇဉ်းထိုးငှက်များ တွင်းတူးရာမှ လိုဏ်ဂူဖြစ်လာပြီး ယင်းငှက်တွင်းများရှိသောနေရာ၌ တည်ရှိသောဘုန်းကြီးကျောင်းကို ငှက်တွင်းချောင်ဟု ခေါ်ဆိုကြသည်။ ယင်းငှက်တွင်းချောင်ဆရာတော်ဦးပဏ္ဍ၀သည် မင်းတုန်းမင်းလက်ထက်၌ မဟာသတိပဌာန်သုတ်တော်လာ (၃၂)ကောဌာာသကမ္မဌာန်းကို ကြိုးပမ်းအားထုတ်ပြီးဟောကြားပြသသည်။

ထို.အပြင် အစဉ်အလာအားဖြင့် ကာမ၊ ရူပ၊ အရူပ ဟူသော (ဘုံ ၃ ပါး )ကို ဟောပြောလေ့ရှိရာမှ နိဗ္ဗာန်ကိုပင် ဘုံတစ်ခုအနေဖြင့် ထည့်သွင်း၍ ဘုံ (၄) ပါးရှိသည်ဟု ဟောပြောခဲ့ခြင်းကြောင့် စတုဘုမ္မိက ( စတု = လေး ၊ ဘုမ္မိက = နေရာ/ တည်ရာဌာန ဘုံရှိခြင်း ) ဟု အမည်တစ်ခုထပ်ဆင့်တိုးခဲ့သည်။ ထို့ကြောင့် ဤဂိုဏ်းကို စတုဘုမ္မိကမဟာသတိပဌာန်ငှက်တွင်းဂိုဏ်း ဟုခေါ်ဆိုကြသည်။

( ဂ ) ဂဏ၀ိမုတ်ကူးတို. ဂိုဏ်း

ထားဝယ်မြို.နယ်၊ ကူးတို့ရွာဆရာတော် ဦးက္ကုန္ဒ၀ံသသည် တောရဆောက်တည်၍ တရားကျင့်သုံးလျက် ရှိသည်။ သုဓမ္မာဂိုဏ်းချူပ်၊ဂိုဏ်းအုပ်၊ဂိုဏ်းထောက်များက မကြာခဏ ဆင့်ခေါ်သဖြင့် ယင်းသို့ဆင့်ခေါ် ခံရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် မန္တလေး၊ သုဓမ္မာသာသနာပိုင်ထံ မေတ္တာစာတင်သွင်းခဲ့သည်။ သာသနာပိုင် ပခန်းဆရာတော်က ၁၂၅၈ ခုနှစ်တွင် ယင်းတောရကျောင်းဆရာတော်ကြီးကိုဆင့်ခေါ်ခြင်းမပြုနိုင်စေရန် သုဓမ္မာဂိုဏ်းမှ အလွတ် ' ဂဏ၀ိမုတ္တိ ' ( ဂဏ = ဂိုဏ်း ၊ ၀ိမုတ္တိ = လွတ်ခြင်း ) ဟု စာချွန်တော်အမိန့် ထုတ်ပြန်ပေးခဲ့သည်။

ထို့ကြောင့် ယင်းဆရာတော်ကြီး၏တပည့်အစဉ်အဆက်တို့ကို ' ဂဏ၀ိမုတ္တိ ကူးတို့ ' ဂိုဏ်းဟုခေါ်ဆိုကြသည်။ သုဓမ္မာဂိုဏ်းမှ အလွတ်ဖြစ်သောကူးတို့ရွာမှဆရာတော်ကြီး၏ တပည့်သံဃာများဟုဆိုလိုသည်။ မူလ ဆရာတော်ကြီးကတော့ တောရဆောက်တည်လို့ ကင်းလွတ်ခွင့်ရတယ်။ အခုတပည့်တွေကရော ဆရာတော်ကြီးကဲ့သို့ အားလုံးပဲတောရဆောက်တည်ကြသလား၊ မဆောက်တည်တဲ့ ရဟန်းတွေကို ကင်းလွတ်ခွင့်ပေးသင့်သလား၊ စဉ်းစားစရာပါပဲ..

( ၉ ) ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း

မဟာရင်ဆရာတော်သည် ၁၂၀၃ ခုနှစ်တွင် ယိုးဒယားနိုင်ငံ၌ မွေးဖွားခဲ့၍ ငယ်မည်မှာ " ဦးရင် " ဖြစ်သည်။ ယိုးဒယားနိုင်ငံ ' ဓမ္မယုတ္တိနိကာယ ' ( တမယွတ် ) ဂိုဏ်း၌ ရဟန်းပြု၍ ပါဠိစာပေများကို မဟာအဆင့်အတန်းအောင်မြင်သည်အထိ စာပေသင်ကြားတတ်မြောက်ခဲ့သည်။ ထိုအခါဦးရင်အမည်ကို မဟာဘွဲ့နှင့်ပေါင်းစပ်၍ မဟာရင်ဖြစ်လာသည်။

မဟာရင်အမည်ရှိဆရာတော်ကြီးသည် မော်လမြိုင်မြို.နယ် ' ကတိုး ' ရွာ၌ ကျောင်းတိုက်တည်၍ စာပေပို့ချသည်။ ယင်း၏တပည့်သံဃာများကို ' မဟာရင်ဂိုဏ်း ' ဟုခေါ်ဆိုကြသည်။ ယိုးဒယားနိုင်ငံရှိမူလပင်မဂိုဏ်း၏အမည်ကို ပူးတွဲ၍ ' ဓမ္မယုတ္တိ နိကာယ မဟာရင်ဂိုဏ်း ဟုခေါ်ဆိုကြသည်။

ဓမ္မ = တရားတော်ကို ၊

ယုတ္တိ = အထောက်အထားပြုသော ၊

နိကာယ = သံဃာအစုအဝေး ။

ဟူ၍ဖြစ်ပါသည်။

အထက်ပါနိုင်ငံတော်အသိအမှတ်ပြုသံဃာ့ဂိုဏ်းကြီး ( ၉ ) ဂိုဏ်းတို့သည် ဘုရားဟောပိဋကတ် ( ၃ ) ပုံ အနက်သုတ်နှင့်အဘိဓမ္မာတို့တွင် အယူအဆတူမျှကြသော်လည်း စောင့်ထိန်းလိုက်နာအပ်သည့် ၀ိနည်းပိုင်း ဆိုင်ရာတို့တွင် အလေးအပေါ့အတိမ်အနက်စသည်ဖြင့် ကွဲလွဲမှုရှိကြသည်ကို အကြောင်းပြု၍ ကွဲပြား နေကြခြင်းသာဖြစ်ပါသည်။

အထက်ပါသံဃာ့ဂိုဏ်းများ ပေါ်ပေါက်ရခြင်းအကြောင်းကို သုံးသပ်ရသော် သီလသမာဓိနှင့်ပြည့်စုံပြီး စာပေကျမ်းဂန် တတ်ကျွမ်းကာ နောက်လိုက်တပည့်သံဃာများပြားသော ဆရာတော်ကြီးများ၏ ဓမ္မ၀ိနယနှင့် ထိုစဉ်ကာလသံဃာထုနှင့် မင်းအစိုးရအပေါ်ပုဂ္ဂလိကအမြင်ဖြင့် မိမိယုံကြည်ယူဆချက်အတိုင်း စိုက် တမတ်မတ်ကျင့်သုံးပြီး အခြားသောသံဃာများနှင့် မဆက်စပ်ပဲ သီးခြားနေခဲ့ခြင်းက စတင်ခဲ့သည်ကို တွေ့
ရသည်။ ညှိနှိုင်း၍မရလောက်အောင်ကြီးမားသည့် သဘောထားကွဲလွဲမှုမရှိခဲ့သည်မှာ ထင်ရှားသည်။ အခြားသောဘာသာများနှင့် နှိုင်းယှဉ်လေ့လာနိုင်သော ယခုခေတ်ကြီးတွင် ထေရ၀ါဒအစစ်အမှန်ဟု ကြွေး ကြော်နေသောမိမိတို့နိုင်ငံအနေဖြင့် ယခုကဲ့သို့ သံဃာ့ဂိုဏ်းများအများအပြားရှိနေခြင်းကား မကောင်းပေ၊
ထို.ကြောင်.ပင်လျှင် မြန်မာပြည်၏ရှင်မဟာဗုဒ္ဒဃောသဟုပင် ဂုဏ်ပြုခေါ်တွင်ရသည့် တောင်မြို. (အမရပူရ မဟာဂန္ဓာရုံ) ဆရာတော်အရှင်ဇနကာဘိဝံသက သံဃအစည်းအဝေးတစ်ခုတွင် အဆိုပါဂိုဏ်းများ အားလုံး ဖျက်သိမ်းပြီး ထေရ၀ါဒစစ်စစ်သံဃာဟုသာ သတ်မှတ်ရန် အဆိုတင်သွင်းခဲ့ဖူးကြောင်း မှတ်သား ကြည်ညိုခဲ့ ရဖူးပါသည်။

ခေတ်အမြင်ရှိလှသောဆရာတော်၏ ဥာဏ်တော်ကိုသာ ကြည်ညိုဦခိုက်ရပါသည်။ သို.သော်.... ထိုစဉ်က အကြောင်းကြောင်းများကြောင့် ဆရာတော်ဘုရား၏ရည်မှန်းချက် မအောင်မြင်ခဲ့ရပေ၊ တစ်ချိန်သောအခါ တွင်ကား ဆရာတော်မျှော်မှန်းသကဲ့သို့ ဖြစ်လာနိုင်ပါစေဟုသာ မျှော်လင့်ဆုတောင်းမိပါသည်။

အပ္ပမာဒမဂ္ဂဇင်းတွင်ဖော်ပြပါရှိသောဆောင်းပါးရှင် ငှက်တောင်ပျံ(ဇင်းကျိုက်)၏ "သင်္ဂါယနာနှင့် ထေရ၀ါဒ သံဃဂိုဏ်းကြီးများ" ဆောင်းပါးကို ပြန်လည်မွမ်းမံတင်ပြပါသည်။ သီးခြားခွင့်မတောင်းနိုင်သည်ကို နားလည်ခွင့်လွတ်နိုင်မည်ဟုမျှော်လင့်ပါသည်။
(icenandaw.ning) မှ ကူးယူဖော်ပြသည်။

ကူးတို့ခပြဿနာ..

ကူးတို့ခပြဿနာ..

* သေရွာကာလ ၊ရောက်ကြသောအခါ
ကိုယ့်နောက် ကိုကား ၊ ဘာများပါမှာ
ပစ္စည်းစုစု ၊ တစ်ခုမပါ
ကိုယ်ပြုထားကံများပါ မည်သာ ။
* အထုပ်ကလေး တစ်ပြင်ပြင်
ကိုယ့်နောက်ပါမည်ထင်
အထုပ်ရှင် သေလို့သွား
ကျန်တဲ့သူတွေ ဝေလို့စား
အထုပ်ရှင်မှာအလကား
ဘာမှလည်းပါမသွား
သေရွာ ကျတော့ အပါယ်လား
နိဗ္ဗာန်ရောက် ဖို့အခက်သား ။
                                      ( တိပိ ဋကဓရဆရာတော် ဦးကောသလ္လ )

အထက်ပါကဗျာလေးကို ဗုဒ္ဓဘာသာဝင်တိုင်း နာဖူးကြ ၊ကြားဖူးကြပါ၏ ။
ကိုယ်သေရင် ဘာမှပါတာမဟုတ်ဘူး ။ ဝတ်ပေးလိုက်တဲ့အဝတ်စားက ကောင်းနေရင်တောင် သုဘရာဇာကချွတ်ယူလိုက်သေးတယ်။
ကိုယ်လုပ်ထားတဲ့ ကုသိုလ်ပဲကိုယ့် နောက်ကိုပါမှာပါ ။
စသောသံဝေဂ စကားများကိုလည်း ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ပြောဆိုဖူးကြ၏ ။ ဤကဗျာ၏ ဆိုလိုရင်းနှင့် ဤစကား၏အဓိပ္ပါယ်တို့မှာ ဘုရားဟောနှင့် တစ်ထပ်တည်း ကျအောင်မှန်ကန်၏ ။ ဗုဒ္ဓဘာသာဝင်တို့သည် နားထကမှန်ကန်သောအသံတို့ကို ကြားရပြီး ပါးစပ်ကမှန်ကန်သော စကားကို ပြောဆိုနေကြတော်လည်း အသိ ဥာဏ်သည်ကား မှားယွင်းသောအယူ အဆတစ်ခုခုကို လက်ခံနေတုန်းပင်ဖြစ်၏ ။
ထိုအယူဆကား သေသူ၏ ' ပါးစပ်ထဲတွင် ကူးတို့ခ ထည့်ရမည် ' ဟူသော အယူဆဖြစ်၏ ။ မည်သူစ၍ ထွင်းခဲ့သည်မသိ ၊ကူးတို့ ခမထည့် လျှင်ပင် ဘဝကူးမကောင်းနိုင်တော့သလိုထင်နေ ကြ၏ ။ သံသရာကူးပြောင်းရာတွင် ကုသိုလ်ကံက ကောင်းသောနေရာသို့ ပို့ပေး၍ အကုသိုလ်ကံက မကောင်းသောနေရာသို့ပို့ ပေးခြင်းဖြစ်သည် ။
ကူးတို့ခ ဆိုသည်ကား ဘဝကူးပြောင်းရာ၌ ဘာမှပတ်သက်မဟုတ်ပါချေ ။ ကူးတို့ခ သမိုင်းကြောင်းကို ကျွန်ုပ်တို့ မှတ်သားရဖူးသည်မှာ ရှေးခေတ်မြန်မာများသည် သီလလုံခြုံ၏ ။ လောဘအလွန်နည်း၏ ။ မည်သူမျှငွေကို အပိုအနေဖြင့် စုဆောင်းထားခြင်းမရှိ။
ပစ္စည်းဥစာ အသုံးအဆောင်များကို ငွေကြေးနှင့်ဝယ်ယူခြင်း မရှိကြပဲလဲလှယ် သုံးဆောင်လေ့ရှိကြသည် ။
ထို့ကြောင့်လောဘနည်းကြသော မြန်မာတို့၏အလည်တွင် ငွေကြေးဆိုသည်မှာ ဘာမှတန်ဖိုး ရှိသောအရာမဟုတ်ကြပေ ။
လောဘနည်းပြီး သီလလုံခြုံကြသော အနီးစပ်ဆုံးမြန်မာ များအကြောင်းကို တင်ပြရလျှင် အမရပူရခေတ် မှ ဘိုးတော်မင်းတရားနှင့်ပြည်သူအားလုံးတို့သည် လောဘနည်းပြီး သီလလုံခြုံကြသောကြောင့် သက်တမ်းပြည့်နေကြရ၏ ။ အနာရောဂါ ကင်း၏ ။
အသက်တစ်ရာပြည့် မှသာသေကြရသဖြင့် အသုဘတစ်ခုနှင် ကြုံကြိုက်ဖို့ရာ အင်မတန်ခဲယဉ်း၏ ။ လူတစ်ယောက်သေလျှင်ကြိတ်ကြိတ်တိုးကြည့် ကြရသည်ဆို၏ ထိုသို့ လူအသေပျောက် အလွန်နည်းပါးသောကြောင့် ' အမရပူရ - သေခြင်းမရှိသောမြို့ ' ဟုအမည်ပေးထားခြင်းဖြစ်သည်။
ရှင်အရဟံနှင့် အနော်ရထာမင်းတို့၏ ကျေးဇူးကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာ စစ်စစ်များဖြစ်ကြသဖြင့် သေသူနှင့်ပတ်သက်၍အပိုကုန်ကျမည့် ပကာသန အလုပ်များ တစ်ခုမျှ မလုပ်ကြပေ ။ သေသူအတွက်တကယ် ကျိုးရှိမည့် အလုပ်များကိုကား ဟာကွက်မ
ရှိအောင် ပြုလုပ်လေ့ရှိကြ၏ ။
ဥပမာအားဖြင့် - သေသည်နှင့်တစ်ပြိုင်နက် ရဟန်းသံဃာတော်များကိုပင့်ဖိတ်ပြီး ဆွမ်း ၊သင်္ကန်း စသောလှူဖွယ်ဝထ္ထု မျိုးစုံကိုပြည့်စုံအောင် လှူကားအမျှ အတန်းပေးဝေလေ့ရှိ၏ ။ တတ်နိုင်သောသူများဆိုလျှင် ၊ကျောင်းကန်ဇရပ်များကိုပါ ဆောက်လုပ်လှူဒါန်းပြီးအမျှ အပေးဝေ၏ ။
ကျန်ရစ်သူများက အစားအစာလှူဒါန်း ပြီးအမျှပေးဝေလျှင် တစ်ဖက်လူမှာ အစားစာကိုရရှိ၏ ။ အဝတ်အထည်လှူပြီးအမျှပေးဝေလျှင် အဝတ်အထည်ကိုရ၏ ။ အဆောက်အဦးပေးလှူပြီး အမျှပေးဝေလျှင်အဆောက်အဦးကို ရရှိ၏ ။ရေကန်ကိုပေးလှူပြီး အမျှပေးဝေလျှင် ရေကန်ကိုရရှိ၏ ။ထိုအချက်ကို သေချာစွာသိရှိထားသောရှေးမြန်မာကြီးများသည် ၊အလှူမျိုး
စုံကိုပေးလှူပြီး အမျှပေးရန်ကိုသာ အဓိကထားကြ၏ ။
သေသူအတွက်ရော ၊ ကျန်သူများအတွက်ပါ ဘာမျှအကျိုးမရှိသည့်အလောင်းကောင်ကို မိတ်ကပ် ၊ပေါင်ဒါ ခြယ်သခြင်းဓါတ်ပုံများရိုက်ခြင်း ၊ဝမ်းနည်း ကြောင်းကြော်ငြာထည့်ခြင်း ၊ငွေများစွာကုန်သည့် အခေါင်းကိုပြု လုပ်ခြင်း ၊အုပ်ဂူပြုလုပ်ခြင်း စသောအလုပ်တို့ကို တစ်ခုမျှမလုပ်ပေ ။ ဖျာဟောင်းတစ်ခုပတ်ပြီလူ နှစ်ယောက်ထမ်းကာ မြစ်ကမ်းစပ်တွင်သွားထားသည် ။
မြစ်တစ်ဖက်ကမ်းရှိ လူသူမရှိသော တောကြီးကို သုသာန်အဖြင့် သတ်မှတ်ထားသည် ။ပြန်ခါနီးတွင် လူသေ၏ ပါးစပ်ထဲတွင်လည်းသုဘရာဇာ အတွက်ဟိုဘက်ကမ်းပို့ ခ (ကူးတို့ခ) အဖြစ် ငွေတစ်မတ်ထည့်ပေးခဲ့သည် ။
အချို့ကလည်း ခေါင်ရမ်းပန်းကို လူသေ၏ ခေါင်းတွင် ပန်ပေးလိုက်သည်နှင့် ရှေး မြန်မာကြီးတို့၏ သီလတန်ခိုးကြောင့်လူသေသည် သူ့အလိုလို သုသာန်ရှိရာ မြစ်ကမ်းစပ်သို့ ထသွားသည်ဟုအဆိုရှိ၏ ကမ်းစပ်ရောက်သည်နှင့် သုဘရာဇာက ခေါင်းမှ ခေါင်ရမ်းပန်းကို ဖြုတ်လိုက်သည် ။ ထိုအခါလူသေသည် မြေပေါ်သို့လဲကျသွား၏ သုဘရာဇာက ပါးစပ်ထဲမှငွေ တစ်မတ်ကိုထုတ်ယူပြီးတစ်
ဖက်ကမ်းသို့ ပို့ပေးလိုက်သည် ။ တစ်ဖက်ကမ်းရောက်သည်နှင့် မြေကြီးပေါ်သို့ အသာချထားလိုက်သည်။ ညအခါတွင်သားစားတိရစ္ဆာန်တို့က လာရောက်စားသောက်ပစ်လိုက် တဖြင့်သေသူအတွက် ဒါနကုသိုလ်ထပ်မံ ဖြစ်ရပါသေးသည် ။
ဤရည်ရွယ်ချက်ဖြင့် အလောင်းကို မြေမြုပ်ခြင်း၊ ဂူသွင်းခြင်း၊မီးရှို့ခြင်း တို့ကိုရှေး မြန်မာကြီးများ မပြုလုပ်ကြခြင်းဖြစ်သည်။
လူသေ၏ ခေါင်းတွင် ခေါင်ရမ်းပန်းပန်ပေး ရုံမျှနှင့် မည်သူမျှလိုက်ပို့ စရာမလိုပဲ သူ့အလိုလို ထသွားသည်ဆိုသော အချက်ကို ယခုခေတ်လူများအနေဖြစ် ယုံချင်မှယုံမည် ။
ဣဇ္ဈယတိ ဘိက္ခဝေ သီလဝတော
စေသောပဏိဓိ ဝိသုဒ္ဓတ္တာ ။( အဂုင်္တ္တျိရ်ပါဠိတော်)
ချစ်သား ၊ချစ်သမီးတို့ သီလရှိသောသူတို့၏ အလိုဆန္ဒသည် စင်ကြယ်သောကြောင့် အလိုဆန္ဒမှန်သမျှပြည့် စုံရ၏ ။
ဤကား ဘုရားဟောဖြစ်၏ ။ ကျွန်းကြီးလေးကျွန်းတွင် တောင်ကျွန်းနေသူများသည် သက်တမ်းအမြဲမရှိ ၊ဆယ်နှစ်နင့်သေသူများရှိသလိုအနှစ်တစ်ရာနေမှ သေသူများလည်းရှိ၏ ။ အရှေ့ကျွန်းနေသူများမှာ နှစ်ပေါင်း ခုနှစ်ရာအသက်ရှည်၏ ။ အနောက်ကျွန်းကား အနှစ်
ငါးရာအသက်ရှည်၏ ။မြောက်ကျွန်းကားအနှစ် တစ်ထောင်အသက်ရှည်၏ ။
မြောက်ကျွန်းသူ ၊မြောက်ကျွန်းသားများအသက် တစ်ထောင်ထိ အသက်ရှည်ရခြင်းမှာ သူတို့လုံခြုံအောင်စောင့်ထိန်းထားကြသောသီလတန်ခိုးကြောင့်ပင်ဖြစ်၏ ။ မြောက်ကျွန်းသူ မြောက်ကျွန်းသားများအားလုံး သည်သီလတန်ခိုးကြောင့် အားလုံးကျမ်းမာသန်စွမ်းပြီး
လူချော လူလှတွေချည်းဖြစ်၏ ။
ဗုဒ္ဓလက်ထက်တော်က ဇောတိကသူဌေး မယား အတုလကာ ရီ သည်မြောက်ကျွန်းသူဖြစ်၏ ။ဇောတိက သူဌေးအတွက်နတ်များကယူဆောင်ပေးခြင်းဖြစ်၏ ။ 
သူမ၏ ခန္ဓာကိုယ်သည်နွေအခါတွင်အေး ပြီး ဆောင်းအခါတွင်နွေ၏ ။ သီလတန်ခိုးကြောင့်သ
ဘာဝက ဖန်တီပေးထားခြင်းဖြစ်၏။ မြောက်ကျွန်းသူ မြောက်ကျွန်းသား တို့သည် ကလေးမွေးပြီးလျှင်နို့ တိုက်ကျွေးစရာမလို ၊ကလေး
ကိုတွေ့သမျှလူများက ကလေး၏ပါးစပ် ထဲမိမိတို့လက်ထည့်ပေးလိုက် ဖို့သာလို၏ ။ ထိုလက်ညှိုးကပင် နို့ထွက်လေ ၏ ။
သူတို့တွင်မည် သည့်အနာရောဂါမှမရှိသဖြင့်ဆေးကုစရာလည်းမလိုအပ်ပေ ၊အဆောက် အဦးအတွက်လည်းကိုယ်တိုင် အိမ်ဆောက်
စရာမလို သစ်ပင်က အိမ်ဖြစ်ပေးရ၏ ။
ဝတ်ရေးစားရေးအတွက် လည်းပူပင်စရာမရှိ ပဒေသာပင်များကလိုရာကို သီးပေးရသည် ။အထူးခြားဆုံးက မြောက်
ကျွန်းသူ မြောက်ကျွန်းသားများတစ်ယောက်သေလျှင် ၊အပင်ပန်ခံပြီး သင်္ဂြိုဟ်စရာမလိုပေသေသူအား အဝတ်ဖြူနှင့် ပတ်ကာရွာလည်
ရှိ ၊ကျောက်ဖျာပေါ်တွင်တင်ထားလိုက်ယုံ သာရှိသည် ။သူတို့၏ သီလတန်ခိုးကြောင့် ဧရာမ ငှက်ကြီးများက ရုပ်အလောင်းကိုလာချီ
ကာပင်လယ်ထဲသို့ ပစ်ချပြီ သင်္ဂြိုဟ်ပေးကြသည် ။
ဤအချက်ကိုထောက်ဆ၍ ရှေးမြန်မာကြီးများ၏ သီလတန်ခိုးကြောင့်လူသေကို ခေါင်ရမ်းပန်း ပန်ပေးလိုက်သည်နှင့်
သူ့အလိုလို သုသာန်ရှိရာသို့ ထသွားသည်ဆိုခြင်းမှာ ဟုတ်နိုင်ဖွယ်ရှိသည်ဟု ထင်မိ၏ ။ ရှေးခေတ်က ကူးတို့ခ ထည့်ပေးသည်မှာသုဘရာဇာ အတွက်သာဖြစ်ကြောင်းစာရှုသူများ သိလောက်ပေပြီ ။
ယခုခေတ်တွင်ကား- သုဘရာဇာများအတွက် ကျင်းတူးခ ၊ အခေါင်းခ များကိုသီးသန့်ပေးနေရပြီ ဖြစ်သဖြင့် ကူးတို့ခထည့်စရာမလိုကြောင်းထင်ရှာ၏ ။ တဖန်သံသရာအတွက်လည်း (ကူးတို့ခ) နှင့်ဘာမှမဆိုင် ' ကုသိုလ်၊အကုသိုလ် ' နှင့်သာဆိုင်ကြောင်း ထင်ရှားပေါ်လွင်နေ၏ ။ လူဆယ်ယောက်သေလျှင်၊ငွေ နှစ်ကျပ်ခွဲ၊ မြေကြီးထဲရောက်ပြီး အလကားဖြစ်ရ၏ ။အယောက်
တစ်သန်းဆိုလျှင် ငွေ(၂၅၀၀၀၀) မြေကြီးထဲတွင်အလကား ဖြစ်ပြီးပျက်စီးသွားရ၏ ။မြန်မာပြည်၏ ခေတ်အဆက်ဆက်တွင်လူပေါင်း
သန်းနှင့်ကျော်၍သေဆုံး သွားခဲ့ပြီးဖြစ်ရာငွေများသည်လည်း သန်းနှင့်ချီ ခဲ့လေပြီ ။
မှားယွင်းသည့်အယူအဆ တစ်ခုကြောင့် ဘာသာရေး ၊လူမှုရေး ၊ကျန်မားရေး မည်သည့်အတွက်မှအကျိုးမရှိပဲ မြေကြီးထဲတွင်
ပျက်စီးသွားရသောငွေများကို တွေးမိတိုင်း နှမြောစရာ ကောင်းလှတော့၏ ။ မည်သည့်ကောင်းကျိုးမှမရှိသော အယူအဆကြီးကို
အလျှင်အမြန် ပယ်စွန့်နိုင်ကြပါစေ ။

                                                                                မေတ္တာရှင် ( ရွှေပြည်သာ)

ဗုဒ္ဓဘာသာ (၅)မျိုး

ဗုဒ္ဓဘာသာ (၅)မျိုး

ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။ အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့

(၁) ကုလ ဗုဒ္ဓဘာသာ
(၂) လာဘ ဗုဒ္ဓဘာသာ
(၃) ဘယ ဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅) ပညာဓိက ဗုဒ္ဓဘာသာ


(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘကဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ပွင့်မှန်းမသိ။ ဘုရားဘာတရား ဟောမှန်း လည်းမသိ။ ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်း လည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။

(၂)လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာရွေးပြီးကိုးကွယ်တယ်။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ ဘုရား ကျောင်းဆောင် ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။

(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရား ကိုးကွယ်မှ အသက်ရှည် မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော်
ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ
(၃)မျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဟိုလူမပါ။ ဒီလူမပါ။ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း
ကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း
ဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ
ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။
  သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် နက်ကိုဟောကြားတော် မူခဲ့ပါတယ်။ ဒီတရားတော် အနက် တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက် တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက ***ရှောက်ထားတာပါ။ သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။
> မိစ္ဆာသဒ္ဒါယုံကြည်မှုကလာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။

အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။ မှားတာကို မှားတယ်လို့ သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့ အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိကဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္တာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို
ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့ သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။
ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့
ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ ပညာလည်းပါတယ်။ ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance (ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,) အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေ ကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။
..............................................................................