Monday, December 26, 2016

ဥမ္မာဒန္တီအကြောင်း လေ့လာခြင်း




ရှေးအခါက သိဝိတိုင်း၊ အရိဌပုရမြို့မှ သိဝိမည်တဲ့ မင်းဟာ မင်းလုပ် အုပ်ချုပ်တယ်။ ဘုရားလောင်းက အဲဒီမင်းရဲ့ မိဖုရားခေါင်ကြီး ၀မ်းဗိုက်မှာ ဖြစ်တယ်။ သိဝိမင်းသားလို့ နာမည်မှည့်ကြတယ်။ စစ်သူကြီးမှာလည်း သား ရလာတယ်။ အဘိပါရကလို့ နာမည်မှည့်ကြတယ်။ သူတို့နှစ်ယောက်လုံးဟာ မိတ်ဆွေဖြစ်ပြီး ကြီးပြင်းလာကြတယ်။ အသက်(၁၆)နှစ်အရွယ်မှာ တက္ကသိလာပြည်ကို သွားပြီး အတက်ပညာ သင်ယူကာ ပြန်လာကြတယ်။ မင်းက သားအား မင်းအဖြစ်ကို ပေးတယ်။ သား ရှင်ဘုရင်ကလည်း အဘိပါရကကို စစ်သူကြီးအရာမှာ ထားကာ တရားသဖြင့် မင်းလုပ်အုပ်ချုပ်တယ်။ အဲဒီ အရိဌပုရမြို့မှာပဲ တိရိဋိဝစ္ဆအမည်ရှိတဲ့ ကုဋေ(၈၀)ကြွယ်ဝတဲ့ သူဌေးရှိတယ်။ သူ့သမီးက ရုပ်လှတယ်၊ တင့်တယ်တဲ့ လက္ခဏာနဲ့ ပြည့်စုံတယ်။ သူမ နာမည်မှည့်ရာနေ့မှာ သူမကို ဥမ္မာဒန္တီလို့ နာမည်မှည့်ကြတယ်။ ဥမ္မာဒန္တီဟာ အသက်(၁၆) နှစ် အရွယ်မှာ လူ့အလှထက် ပိုတယ်။ နတ်သမီးလေးလို အလွန်လှတယ်။ ကြည့်ရှုချင်စရာ ကောင်းတယ်။ စိတ်ကြည်လင်စေတယ်။ အလွန် လှပမှု၊ ခန္ဓာကိုယ် ပြေပြစ်မှုတွေနဲ့ ပြည့်စုံတယ်။ သူမကို မြင်မြင်သမျှ ပုထုဇဉ်တွေဟာ ကိုယ့်သဘောနဲ့ ကောင်းကောင်းမရပ်တည်နိုင်ကြ၊ ထန်းရည်၊ အရက်မူးသူတွေပမာ ကိလေသာနဲ့ ယစ်မူးကုန်တယ်။ သတိမထားနိုင်ကြတော့ပါ။ ဥမ္မာဒန္တီရဲ့ဖခင် တိရိဋိဝစ္ဆသူဌေးက မင်းထံ ချဉ်းကပ်ပြီး လျှောက်တင်ပါတယ်။
`` အရှင်မင်း၊ ကျွန်ုပ်ရဲ့ အိမ်မှာ မိန်းမရတနာ ဖြစ်ပေါ် နေပါတယ်။ မင်းနဲ့သာ သင့်လျော်ထိုက်တန်ပါတယ်။ လက္ခဏာဖတ်တဲ့ ပုဏ္ဏားတွေကို လွှတ်ပြီး အဲဒီမိန်းမရတနာကို စူးစမ်းခိုင်းကာ ကြိုက်သလို ပြုလုပ်ပါ။``
မင်းက ``ကောင်းပြီ`` လို့ ပြောပြီး ပုဏ္ဏားတွေကို စေလွှတ်လိုက်ပါတယ်။ အဲဒီ ပုဏ္ဏားတွေက သူဌေးအိမ်သွားပြီး ပူဇော်မြတ်နိုးမှုကို ခံယူကာ နို့ဃနာကို သုံးဆောင်ကြတယ်။ အဲဒီခဏမှာ ဥမ္မာဒန္တီက အဆင်းတန်ဆာအားလုံးနဲတန်ဆာဆင်ပြီး အဲဒီပုဏ္ဏားတွေထံ သွားတယ်။ အဲဒီပုဏ္ဏားတွေက ဥမ္မာဒန္တီကို မြင်ပြီး သတိမထားနိုင်ကြတော့။ ကိလေသာနဲ့ ယစ်မူးကုန်တယ်။ သူတို့ ထမင်းစား မပြီးသေးတာကို မသိကြတော့။ တချို့က ထမင်းလုတ်ကို ယူပြီး `ငါတို့ စားကြမယ်` လို့ အမှတ်နဲ့ ဦးခေါင်းမှာ တင်ကြတယ်။ တချို့က ချိုင်းကြားမှာ ပစ်ကြတယ်။ တချို့က နံရံကို ပုတ်ခတ်ကြတယ်။ ပုဏ္ဏားအားလုံး အရှုးတွေချည်း ဖြစ်ကုန်တယ်။ ဥမ္မာဒန္တီက အဲဒီပုဏ္ဏားတွေကို မြင်ပြီး `` ဒီပုဏ္ဏားတွေက ငါ့ရဲ့လက္ခဏာကို ဖတ်ကြမတဲ့လား၊ ဒီပုဏ္ဏားတွေကို လည်ပင်းကိုင်ပြီး ဆွဲထုတ်ကြပါ`` လို့ ပြောကာ ဆွဲထုတ်ခိုင်းတယ်။ အဲဒီပုဏ္ဏားတွေက မျက်နှာ မသာမယာဖြစ်ပြီး မင်းနန်းတော်ကို သွားကြတယ်။ ဥမ္မာဒန္တီအပေါ် စိတ်ဆိုးပြီး ``အရှင်မင်း၊ အဲဒီမိန်းမက မိန်းမယုတ် ဖြစ်ပါတယ်။ အရှင်မင်းနဲ့ မလျောက်ပတ် မထိုက်တန်ပါ`` လို့ လျှောက်တင်ကြတယ်။ မင်းက ``အယုတ်မတဲ့``လို့ ပြောပြီး ဥမ္မာဒန္တီကို အခေါ်မခိုင်းတော့ပါ။ ဥမ္မာဒန္တီက အဲဒီဖြစ်ပုံကို ကြားရပြီး `` ငါ့ကို မိန်းမယုတ်မို့ မင်းက မယူတာတဲ့။ မိန်းမယုတ်ဆိုတာ ဒီလို မဟုတ်ကြပါ`` လို့ ပြောပြီး ရှိပါစေ၊ ငါဟာ အဲဒီ မင်းကို တွေ့ရရင် သိစေမယ် လို့ တွေးကာ အဲဒီမင်းအပေါ် ရန်ငြိုးဖွဲ့လိုက်တယ်။ အဲဒီအခါ ဥမ္မာဒန္တီကို ဖခင်က အဘိပါရက စစ်သူကြီးအား ပေးလိုက်တယ်။ ဥမ္မာဒန္တီဟာ အဘိပါရကရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံယူရတယ်။---
ဥမ္မာဒန္တီအကြောင်း လေ့လာခြင်း ၂
ဘယ်ကုသိုလ်ကံရဲ့ အကျိုးဆက်ကြောင့် ဥမ္မာဒန္တီဟာ ဒီလောက်လှရသလဲ။ အနီရောင်အ၀တ်ကို လှူခဲ့တဲ့ အလှူရဲ့ အကျိုးဆက်ကြောင့်ပါပဲ။ အကျယ်ချဲ့ ပြောပါမယ်။ ဥမ္မာဒန္တီဟာ ရှေးဘ၀တစ်ခုမှာ ဗာရာဏသီမြို့က ဆင်းရဲတဲ့အမျိုးမှာ ဖြစ်ခဲ့တယ်။ ပွဲလမ်းသဘင်နေ့မှာ ဘုန်းကံနဲ့ပြည့်စုံတဲ့ မိန်းမတွေက ၀တ်ပန်း (ဆူးပန်းပွင့်) နဲ့ အရောင်ဆိုးထားတဲ့ အနီရောင်အ၀တ်ကို ၀တ်ပြီး တန်ဆာဆင်ကာ ပျော်ပါးနေကြတယ်။ ဥမ္မာဒန္တီလောင်းလျာက အဲဒီမိန်းမတွေကို မြင်ပြီး အဲဒီလို အ၀တ်ကို ၀တ်ကာ ပျော်ပါးလိုစိတ် ဖြစ်လာတယ်။ မိဘတွေအား ပြောပြတော့ မိဘတွေက ``သမီး၊ ငါတို့က ဆင်းရဲသားတွေပဲ။ အဲဒီလို အ၀တ်ကို ငါတို့ ဘယ်မှာ ရမှာလဲ``လို့ ပြောကြတယ်။ ``ဒီလိုဆိုရင် သမီးကိုကြွယ်ဝချမ်းသာတဲ့ အိမ်တစ်အိမ်မှာ အခစား အလုပ်လုပ်ဖို့ ခွင့်ပြုကြပါ။ သူတို့က သမီးရဲ့ဂုဏ်ကို သိပြီး ပေးကြပါလိမ့်မယ်`` လို့ ပြောတယ်။ မိဘတွေက ခွင့်ပြုလို့ အဲဒီအိမ် ချဉ်းကပ်ပြီး ပြောတယ်။
``ကျွန်မဟာ ၀တ်ပန်းနဲ့ ဆိုးထားတဲ့ အနီရောင်အ၀တ်အတွက် အခစားအလုပ် လုပ်ပါမယ်``။
``သုံးနှစ်ပတ်လုံး အလုပ်လုပ်ပြီးရင် သင့်ရဲ့ဂုဏ်ကို သိပြီး ငါတို့ပေးကြပါမယ်။ အဲဒီအခါ ဥမ္မာဒန္တီလောင်းလျာကို အဲဒီလူတွေက အဲဒီလို ပြောလိုက်ကြပါတယ်။ သူမက ``ကောင်ပါပြီ`` လို့ ၀န်ခံပြီး အလုပ်လုပ်တယ်။ အဲဒီလူတွေက သူမရဲ့ဂုဏ်ကို သိပြီး သုံးနှစ် မပြည့်ခင်မှာဘဲ သူမအား ၀တ်ပန်းနဲ့ ဆိုးထားတဲ့ အနီရောင်အ၀တ်ထူထူနဲ့အတူအခြားအ၀တ်ကိုလည်း ပေးလိုက်ကြတယ်။ ``သင့်သူငယ်ချင်းမတွေနဲ့အတူ သွားပြီး ရေချိုးကာ ၀တ်ခဲ့ပါ``လို့ ပြောကာ သူမကို စေလွှတ်လိုက်ကြတယ်။ သူမက သူငယ်ချင်းမတွေကို ခေါ်ယူပြီး သွားကာ အ၀တ်နီကို မြစ်ကမ်းနားမှာ ထားပြီး ရေချိုးတယ်။ အဲဒီခဏမှာ ကဿပဘုရားရှင်ရဲ့ တပည့်တစ်ဦးက သင်္ကန်းလုယူခံထားရလို့ ချိုးထားတဲ့ သစ်ကိုင်းကို ၀တ်လည်းဝတ်၊ ရုံလည်းရုံကာ အဲဒီအရပ်ကို ရောက်လာတယ်။ ဥမ္မာဒန္တီလောင်းလျာက အဲဒီမထေရ်ကို မြင်ရပြီး `` ဒီအရှင်မြတ်ဟာ သင်္ကန်း အလုယူခံရတာ ဖြစ်လိမ့်မယ်။ အရင်ဘ၀ကလည်း မလှူခဲ့လို့ ငါ့မှာ အ၀တ်ကို ရဖို့ ခဲယဉ်းတယ်`` လို့ တွေးကာ အဲဒီအ၀တ်ကို နှစ်ပိုင်းခွဲလိုက်တယ်။ တစ်ပိုင်းကို အရှင်မြတ်အား ငါ လှူမယ်`` လို့ ကြံပြီး ရေထဲမှ တက်လာကာ သူမရဲ့ အ၀တ်ကို ၀တ်ပြီး ``ရပ်တော်မူပါဦးဘုရား`` လို့ လျှောက်တယ်။ မထေရ်ကို ရှိခိုးပြီး အ၀တ်အနီကို အလယ်က ခွဲကာ အဲဒီမထေရ်အား တစ်ပိုင်းကို လှူလိုက်ပါတယ်။
အဲဒီမထေရ်က သင့်တင့်ရာအရပ်မှာ ဖုံကွယ်ရာနေရမှာ ရပ်ကာ ချိုးထားတဲ့ သစ်ကိုင်းကို စွန့်ပစ်ပြီး အဲဒီအ၀တ်ရဲ့ ထောင့်တစ်ထောင့်ကို ခါးမှာ ၀တ်ကာ တစ်ထောင့်ကို အပေါ်မှာ ရုံပြီး ထွက်ခွာသွားတယ်။ အဲဒီအခါ အဲဒီအ၀တ်ရဲ့ အရောင်ကြောင့် အဲဒီမထေရ်ရဲ့ တစ်ကိုယ်လုံးဟာ တက်သစ်စနေပမာ တစ်ခဲနက် တောက်ပနေတယ်။ သူမက အဲဒီအခြေအနေကို မြင်ရပြီး ``ငါ့ရဲ့ အရှင်မြတ်ဟာ ပထမက မတင့်တယ်ပါ။ အခု တက်သစ်စနေပမာ တင့်တယ်နေတယ်။ ဒီကျန်တဲ့ အ၀တ်ပိုင်းကိုလည်း အဲဒီမထေရ်အားသာ လှူမယ်`` လို့ တွေးကာ ဒုတိယအ၀တ်ပိုင်း ကိုလည်း လှူလိုက်ပါတယ်။ ဒီလိုလည်း ဆုတောင်းလိုက်ပါတယ်။
``အရှင်ဘုရား၊ တပည့်တော်ဟာ ဘ၀သံသရာမှာ ကျင်လည်တဲ့အခါ မြင့်မြတ်တဲ့ ရုပ်အဆင်းကို ဆောင်နိုင်သူ ဖြစ်ရပါလို၏။ တပည့်တော်ကို မြင်ပြီး ဘယ်ယောက်ျားမှ ပင်ကိုယ်အနေထားနဲ့ တည်ရှိဖို့ မစွမ်းနိုင်ပါစေနဲ့။ တပည့်တော်ထက် အခြားအမျိုးသမီးက ပိုပြီး ရုပ်လှသူ မဖြစ်ပါစေနဲ့။
မထေရ်ကလည်း အနုမောဒနာပြုပြီး ဖဲသွားပါတယ်။ သူမဟာ နတ်ပြည်မှာ ကျင်လည်ရင်း အဲဒီအချိန်မှာ အရိဌပုရမြို့မှာ ဖြစ်ကာ အဲဒီလို အလွန်လှပသူ ဖြစ်လာပါတယ်။ သိဝိမင်းဟာ မြို့ကို လှည့်လည်တဲ့အခါ တစ်နေ့မှာ ဥမ္မာဒန္တီကို မြင်သွားပါတယ်။ နေ့ရော ညပါ အိပ်လို့မပျော်နိုင်အောင် ခံစားသွားရရှာပါတယ်။ တစ်ည သို့မဟုတ် နှစ်ည အဘိပါရကစစ်သူကြီး ဖြစ်ချင်ပါဘိတယ်။ ဥမ္မာဒန္တီနဲ့ ပျော်ပါးပြီး သိဝိမင်း ပြန်ဖြစ်ချင်ပါတယ်``လို့ တောင် သိကြားမင်းက သူ့ကို ဆုပေးခဲ့ရင် ဆုတောင်းချင်ပါသတဲ့။ အဲဒီလောက်ထိအောင်ပဲ စွဲလမ်းသွားရှာပါတယ်။
သိဝိမင်းက ဘုရားလောင်း ဖြစ်ပါတယ်။ အဘိပါရကက အရှင်သာရိပုတ္တရာအလောင်းဖြစ်ပါတယ်။ ဥမ္မာဒန္တီက ဥပ္ပလ၀ဏ်အလောင်းလျာဖြစ်ပါတယ်။ (ဇာတ်၊ ဌ၊ ပဉ္စမ၊၂၂၂)မြန်မာနိုင်ငံမှာပဲ သင်္ကန်းလှူတဲ့ အမျိုးသမီးတွေက များလှပါပေတယ်။ ဥမ္မာဒန္တီလောင်းလျာ လှူခဲ့တဲ့ အ၀တ်ထက် အခုမြန်မာနိုင်ငံက သင်္ကန်းအလှူရှင်တွေ လှူနေတဲ့ သင်္ကန်းက အရောင်အဆင်းရော၊ အမျိုးအစားပါ ပိုမိုကောင်းမွန်ဖွယ် ရှိပါတယ်။ သင်္ကန်းလှူတဲ့ အမျိုးသမီးတိုင်းသာ ဥမ္မာဒန္တီလို ဆုတောင်းခဲ့ကြရင် အမျိုးသားတွေဟာ အရှုးချည်း ဖြစ်ကုန်ရပါလိမ့်မယ်။ အမျိုးသမီးလောကမှာ ဥမ္မာဒန္တီတွေသာ များခဲ့ရင် အမျိုးသားတွေမှာ ဒုက္ခများရချည်ရဲ့။ ဥမ္မာဒန္တီလောက် အမျိုးသားတွေရဲ့ စိတ်ကို မွှေနှောက်ချောက်ချားစေနိုင်စွမ်း မရှိတောင် ဥမ္မာဒန္တီနီးပါး ချောက်ချားစေတဲ့ အမျိုးသမီးတွေဟာ ဥမ္မာဒန္တီလို အ၀တ်လှူပြီးများ ဆုတောင်းခဲ့ကြလေသလား။ ဥမ္မာဒန္တီလို အမျိုးသားတစ်ယောက်လည်း ရှိခဲ့ပါတယ်။ အနာထပိဏ်ရဲ့ တူဖြစ်သူ ခေမက ဖြစ်ပါတယ်။
သူက ကဿပဘုရားလက်ထက်က ရွှေစေတီမှာ ရွှေပြား (၂) ချပ်လှူကာ ``ဆွေမျိုးအမျိုးသမီးများ ချန်ပြီး ကျန်အမျိုးသမီးတွေဟာ ငါ့ကို မြင်ရင် ချစ်ကြပါစေ`` လို့ ဆုတောင်းခဲ့ပါတယ်။ ခေမက ကို မြင်ရင် အမျိုးသမီးတွေခမျာ ချစ်စိတ်ဝင်ကာ ပင်ကိုယ်အနေထားနဲ့ ရပ်တည်နိုင်စွမ်း မရှိကြတော့ပါတဲ့။ စာရှုသူဟာ အဲဒီဥမ္မာဒန္တီနဲ့ ခေမကတို့ကိုများ အားကျ နေမိလေရောသလား။ ဥမ္မာဒန္တီနဲ့ ခေမကလို ဆုတောင်းပုံချင်းတူတဲ့ အမျိုးသား အမျိုးသမီးတို့ ဆုတောင်းပြည့်ရာ ဘ၀မှာ ဆုံစည်းကြရင် ဘယ်လိုနေကြလေမလဲ။
လင်္ကာ
၁။ ဥမ္မာဒန္တီ, လှလွန်းသည်, လှူသည် အ၀တ်နီ။
၂။ အ၀တ်နီ အလှူက, သူ့ရူပ, လွန်မှ လှစေသည်။
၃။ လှထိပ် ခေါင်တင်, ဖြစ်ဖို့ပင်, ရှေးတွင် ဆုပန်သည်။
၎။ ထိုဆုအရ, သူ့ရုပ်က, ခေါင်က ရောက်နေသည်။

"ဥပ္ပလ၀ဏ်ထေရီမ"
မြတ်စွာဘုရားချီးမြှင့်တော်မူသည့် ဧတဒဂ်ဘွဲ့ထူး ရရှိတော်မူကြသော ထေရီမများတွင် ဥပ္ပလ၀ဏ်ထေရီမသည် တန်ခိုးကြီးသောအရာ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမကြီးတစ်ဦး ဖြစ်ပေသည်။
ဤကဲ့သို့ ဧတဒဂ်ဘွဲ့ထူးရရှိခြင်းသည် သာမန်ပါရမီသာမန်စိတ်ဓာတ် ဇွဲ လုံ့လ ၀ီရိယဖြင့် ရရှိနိုင်သည်မဟုတ်၊ ခုထလုပ်၍ ရနိုင်သောအရာမျိုးလည်း မဟုတ်ချေ၊ ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီများကို ဖြည့်ဆည်းခဲ့ရခြင်းကြောင့်သာ ရရှိခြင်းဖြစ်ပေသည်။
ထိုသို့ ကမ္မနိယာမနှင့် ဆည်းပူး၍ယူရသော ပါရမီ၏သဘောကို နားမလည်ကြသဖြင့် သူများရလျှင် ရလိုကြသည်၊ သူများထူးလျှင် ကိုယ်လည်းထူးချင်ကြသည်၊ တန်ခိုးရှင် ရှင်ဒေ၀ဒတ်သည်ပင်လျှင် လက်ဝဲ လက်ယာ ရာထူးရလိုမူ၊ မနာလိုမူများဖြစ်ကာ နောက်ဆုံး မတန်မရာ ဘုရားရာထူးအထိ အလိုရမ္မက်ကြီး၍ ပျက်စီးခဲ့ရဖူးသည်။
ဥပ္ပလ၀ဏ်ထေရီမသည်ကား အစမထင် ဘ၀သံသရာများစွာက ကုသိုလ်မျိုးစေ့များ ကြဲချစိုက်ပျိုးခဲ့သဖြင့် လွန်ခဲ့ပြီးသော ကမ္ဘာတစ်သိန်းအထက် ပဒုမုတ္တရ မြတ်စွာဘုရားရှင် ပွင့်တော်မူခိုက် ဟံသာဝတီပြည်၌ အမျိုးကောင်းသမီး တစ်ဦးဖြစ်ခဲ့လေသည်။
အမျိုးကောင်းသမီးသည် လူအများနှင့်အတူ ပဒုမုတ္တရဘုရားရှင်ထံသို့ တရားနာသွားရောက်ခဲ့ရာမှ ဘိက္ခုနီမတစ်ပါးကို တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ဘွဲ့ထူး ချီးကျူးတော်မူသည်ကို တွေ့မြင်အားကျ၍ မြတ်စွာဘုရားနှင့်တကွ သံဃာတော်များအား ပင့်ဖိတ်ကာ ခုနှစ်ရက်ပတ်လုံး ဆွမ်းသင်္ကန်းများကို လှူဒါန်းပူဇော်ခဲ့သည်။ နေ့စဉ်ပေးလှူပြီးတိုင်းလည်း ဘုရားရှင်၏ ခြေတော်ရင်း၌ အဆင်းအနံ့နှင့် ပြည့်စုံသော ကြာညိုပန်းခုနှစ်စည်းတို့ကို ချထားပူဇော်ကာ တန်ခိုးကြီးသောအရာ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ရရှိရန် ဆုပန်ဆင်ခဲ့လေသည်။
ထေရီမလောင်းလျာသည် ဤဘဒ္ဒကမ္ဘာ ကဿပဘုရားရှင် လက်ထက်တော်၌ ဗာရာဏသီပြည် ကိကီမင်းကြီး၏ သမီးတော် ခုနှစ်ယောက်တွင် နှစ်ယောက်မြောက် သမဏဂုတ္တာအမည်ရှိ မင်းသမီး ဖြစ်ခဲ့သည်၊ မင်းသမီးဘ၀တွင် ခေမာထေရီလောင်းလျာနည်းတူ အမတော် ညီမတော်များနှင့် တကွ နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် အပျိုစင်ဘ၀ဖြင့် ဗြဟ္မစရိယကို ကျင့်သုံးလျက် သံဃာတော်များ သီတင်းသုံးတော်မူရန် ပရိဝုဏ်ကျောင်းတိုက်ကြီးကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဘ၀တစ်ခုတွင်လည်း ကဿပ ဘုရားရှင်၏တပည့် ရဟန္တာမထေရ်မြတ်တစ်ပါးအား ရွှေရောင်အဆင်း ၀ါဝင်းချောမွေ့သော အ၀တ်ကို လှူဒါန်းခဲ့ပြန်လေသည်။
ထိုကုသိုလ်မျိုးဆက်များကြောင့် သိဝိတိုင်း အရိဋ္ဌပုရပြည်၌ သီရိဋိဝစ္ဆမည်သော ပုဏ္ဏားသူဌေးကြီး၏ သမီးဖြစ်လာ၍ သူမ၏အလှသည် မြင်သူများ ရူးသွပ်မေ့မြောသွားနိုင်လောက်အောင် ချောမောလှပသဖြင့်
"ဥမ္မာဒန္တီ "ဟုပင် ကျော်ကြားခဲ့သူဖြစ်သည်။
ထိုမှတဖန် ဘ၀တခုတွင် လယ်သမားတစ်ဦး၏ သမီးဖြစ်၍ လယ်တောသို့ သွားရာ ရေအိုင်တစ်ခုမှ ချိုးယူခဲ့သော ကြာပန်းနှင့် ပေါက်ပေါက်ပွင့် ငါးရာတို့ကို မစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါးအား လှူဒါန်းခဲ့သည်။ ပေါက်ပေါက်ပွင့် ငါးရာနှင့်အမျှ ရင်သွေးရတနာများ မွေးဖွားရန်နှင့် ဖြစ်လေရာဘ၀တိုင်း မှာလည်း ခြေလှမ်းတိုင်း၌ ပဒုမ္မာကြာပန်းများ မြေမှပေါ်ထွက်ခံလင့်ရန် ဆုပန်ခဲ့လေသည်။ သို့ရာတွင် ပန်းလှူစဉ်က အပရစေတနာချို့ငဲ့သဖြင့် ပဒုမ၀တီမိဖုရားခေါင်ကြီးဖြစ်သောအခါ နန်းအရာကကျ၍ ပန်းများလည်း မခံလာတော့ချေ။
ကြာပန်းထဲ၌ သံသေဒဇပဋိသန္ဓေတည်နေခဲ့သူ ပဒုမတီမိဖုရားခေါင်းကြီးဘ၀တွင် တောင်းခဲ့သောဆုအတိုင်း သံသေဒဇ သားငါးရာ ဖွားမြင်ရာ သားတော်ငါးရာလုံး ပစ္စေကဗုဒ္ဓါငါးရာ ဖြစ်သွားခဲ့ကြသည်။ ပဒုမ၀တီလည်း သားများစွာ၏ မိခင်ဘ၀မှ သားမဲ့မိခင်ဖြစ်ရလေသည်ဟု ၀မ်းနည်းပူဆွေးကာ စိတ်ထိခိုက်၍ ကွယ်လွန်ခဲ့လေသည်။
ထို့နောက် ရာဇဂြိုဟ်မမြို့တံခါးအနီး ရွာငယ်လေးတစ်ခုဝယ လက်လုပ်လက်စား အမျိုးအိမ်၌ အမျိုးသမီးကလေး ဖြစ်ခဲ့လေ၏။ တစ်နေ့သ၌ လင်ယောက်ျားအတွက် လယ်တောသို့ ထမင်းပို့သွားခိုက် ရှေးဘ၀က သားတော်ခဲ့ဘူးသော ပစ္စေကဗုဒ္ဓါအရှင်မြတ်များကို တွေ့မြင်၍ ကြည်ညိုစိတ်ဖြစ်ကာ မိမိအတွက် ဝေစုကို လှူဒါန်းခဲ့လေသည်။ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်များအား နောက်တစ်နေ့တွင်လည်း ပင့်ဖိတ်၍ အလှူဒါနပြုခဲ့ပေသည်၊ ထို့နောက် ကြာညိုရှစ်လက်တို့ကိုလည်း အရှင်မြတ်တို့၏ ခြေရင်း၌ ချထားပူဇော်ပြီး “ဖြစ်လေရာဘ၀တိုင်းမှာ ကိုယ်၏အဆင်းသည် ဤကြာညိုပန်းအဆင်းကဲ့သို့ ဖြစ်ပါစေသားဟု ဆုတောင်းခဲ့လေသည်။
ဤအရှင်မ၏ ထူးခြားချက်မျာ အလှူဒါနပြုရာတွင် ပဒုမ္မာကြာပန်းကိုပါ လှူဒါန်းခဲ့ရာ ဘ၀များစွာတို့၌ ခြေဖ၀ါးအောက်မှ ကြာပန်းများပေါ်ထွက်လာခြင်း၊ ကိုယ်ရောင်အဆင်းသည် ကြာတိုက်အတွင်းသား အဆင်းကဲ့သို့ရှိခြင်း၊ ပဒုမ္မာကြာပွင့်ကြီးထဲ၌ ပဋိသန္ဓေတည်နေရခြင်း စသည်ဖြင့် မိမိပြုသောကံ၊ ဆုတောင်းများအရ ထူးခြားသော ဖြစ်ရပ်များဖြင့် ကျင်လည်ခဲ့ရသော ကြည်ညိုဖွယ်ရာ ရဟန္တာထေရီမကြီးတစ်ပါး ဖြစ်ပေသည်။
နောက်ဆုံးဘ၀တွင် ထေရီမလောင်းလျာသည် သာဝတ္ထိမြို့ သူဌေးကြီးတစ်ဦး၏ သမီးဖြစ်လာသည်။ ရှေးယခင်ဘ၀များက ဆုတောင်းခဲ့သည့်အတိုင်း သူမ၏ အရောင်အဆင်းသည် ကြာညိုပန်းကဲ့သို့ ရူချင်ဖွယ်တင့်တယ်လှပ၏။ ထို့ကြောင့် "ဥပ္ပလ၀ဏ"္ဏဟု အမည်ပေးကြလေသည်။
ဥပ္ပလ၀ဏ္ဏာအမျိုးသမီးကလေး အရွယ်ရောက်လတ်သော် အရောင်အဆင်း လှပသည်နှင့်အမျှ သူ့သတင်းကိုကြားသိကြသော သူဌေး သူကြွယ်၊ မင်းညီ မင်းသား၊ ဘုန်းတံခိုးကြီးမားကြသော ဘုရင်းမင်းများက ဥပ္ပလ၀ဏ္ဏာ အမျိုးသမီးလေးနှင့် လက်ဆက်လိုကြောင်း တောင်းဆိုကြလေ၏။ မိဘများမှာ သမီးအိမ်ထောင်ရေးအတွက် ဝေခွဲမရ စိတ်ဆင်းရဲနေကြရသည်။ တစ်နေ့တွင် အကြံအစည်တစ်ခုကို စဉ်းစားမိခဲ့ကြသဖြင့် သမီး ဥပ္ပလ၀ဏ္ဏာကို ခေါ်၍ -
ချစ်သမီး ဥပ္ပလ၀ဏ္ဏာ - သမီးကို စုံမက်လိုလားသူတွေ များပြားလှသဖြင့် ငါတို့မှာ အခက်ကြုံတွေ့နေရပြီ၊ အားလုံးထဲမှ တစ်ယောက်ကို ပေးလိုက်ပါလျှင်လည်း ကျန်သူများက မုန်းကြတော့မည်၊ ဤဒုက္ခဘေးမှ ကင်းဝေးစေရန် ဘုရားရှင်၏ သာသနာတော်မှာ ချစ်သမီး ရဟန်းပြုနိုင်ပါ မည်လားဟု -
မြေးမြန်းကြလေသည်။ သူမသည် ဤဘ၀တွင် နိဗ္ဗာန်ဆုကြီးကို ဆွတ်ခူးရမည့် ပါရမီရှင် ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဤသို့သော ဘုရားရှင် သာသနာတော်ကြီးနှင့် ဆုံစည်းရန် ကမ္ဘာပေါင်းများစွာ၌ ဘုရားရှင်အဆူဆူတို့ထံ ပါရမီကုသိုလ်ထူးများကို ဆည်းပူးကြိုးစားခဲ့ရသူ ဖြစ်ခြင်းကြောင့်လည်းကောင်း မိဘတို့၏ အစီအမံကို ကြည်ဖြူဝမ်းမြောက်စွာ လက်ခံခဲ့လေသည်။
ဥပ္ပလ၀ဏ်သမီးငယ်ကို ကောင်းစွာပြင်ဆင်၍ မိဘများကိုယ်တိုင်ပင် ခမ်းနားကြီးကျယ်စွာ ဘိက္ခုနီကျောင်းသို့ ပို့ဆောင်ရဟန်းပြုပေးလိုက်ရာ သူမ၏ဆန္ဒများ ပြည့်ဝသွားပေသည်။
ရဟန်းဖြစ်၍ မကြာမြင့်မီပင် ဥပုသ်ပြုရန်အတွက် ရှေးဦးဆောင်ရွက်ဖွယ်များဖြစ်သော ဥပုသ်အိမ် သိမ်အပြင်၌ တံမြက်လှည်းခြင်း၊ သောက်ရေအိုးတည်ထားခြင်း၊ နေရာခင်းခြင်း၊ ဆီမီးညှိထွန်းခြင်းများကို ဥပုသ်ပြုကြမည့် ထေရီမ ကြီးငယ်များကြွမလာကြမီ ဥပ္ပလ၀ဏ်ထေရီမကလေး ကြိုတင်ပြုလုပ်ရန် အလှည့်ကျ၏၊ ထိုသို့ ဝေယျာဝစ္စများလုပ်နေစဉ်တွင်လည်း အရှင်မ ဥပ္ပလ၀ဏ်သည် မြတ်စွာဘုရားထံမှ နာကြားခဲ့ရသော ကမ္မဋ္ဌာန်းနည်းများ၊ ဥပဇ္ဈာယ်ဆရာထံမှ သင်ယူထားသော ၀ိပဿနာရူနည်းများကို ရူမှတ်ပွားများနေမိ၏၊ မိမိရှေ့ရှိ ထွန်းညှိထားသော ဆီမီးတောက်အညွန့်ကို ရပ်လျက် စူးစူးစိုက်စိုက် ရူလိုက်သောအခါ တေဇောကသိုဏ်းဘာဝနာဖြစ်၍ ဈာန်သမာပတ်များကိုပင် ရရှိလာလေ၏။
ထိုရရှိလာသော ဈာန်သမာပတ်ကို အခြေခံပြု၍ ၀ိပဿနာကမ္မဋ္ဌာန်း ဆက်လက်အားထုတ်စီးဖြန်းလေရာ ထိုခဏအတွင်းမှာပင် မဂ်ဉာဏ် အဆင့်ဆင့် ရင့်ကျက်ကာ အရဟတ္တဖိုလ်ကို ရရှိခဲ့လေသည်။ အရဟတ္တဖိုလ်ကိုရသည်နှင့် တပြိုင်နက်ပင် ရှေးဆုတောင်းအတိုင်း တန်ခိုးဖန်ဆင်းခြင်း၌ ၀သီဘော်ငါးတန် လေ့လာနိုင်နင်းပြီး ဖြစ်သွားလေသည်။
ထို့ကြောင့် ရဟန်းပြုပြီး တစ်ဆယ့်ငါးရက်မပြည့်မီမှာပင် အရဟတ္တဖိုလ်ကို ရရှိခဲ့သော ဥပ္ပလ၀ဏ်ထေရီမအား ကြည်ညိုကိုးကွယ်ကြသူများ တနေ့တခြားများပြားလာတော့သည်။
တနေ့တွင် "နန္ဒလုလင်" က ထေရီမာအား အဓမ္မကြံစည်မူ ကိစ္စတခုဖြစ်ပွားခဲ့ရာ ထို့အတွက် အရှင်မအေပေါ် လူအချို့ သံသယဖြစ်ခဲ့ကြလေသည်။ ထိုအခါ ဘုရားရှင်က -
ကြာဖက်ပေါ်တွင် ရေမတင် လျှောကျသကဲ့သို့လည်းကောင်း၊ ပွက်ဆောက်ဖျားပေါ်၌ မုန်ညင်းစေ့ မတည်နိုင်သကဲ့သို့လည်းကောင်း၊ ကာမဂုဏ်တို့၌ လိမ်းကျံကပ်ငြိခြင်းမရှိသော ပုဂ္ဂိုလ်ကို သူတော်သူမြတ်ဟူ၍ ငါဘုရားဟောကြားတော်မူ၏ဟု - မိန့်တော်မူခဲ့ရပေသည်။

ထို့နောက် ဥပ္ပလ၀ဏ်ထေရီမကိုလည်း -
ဥပ္ပလ၀ဏ်---သင်သည် တန်ခိုးပြခြင်းဖြင့် ပရိသတ်လေးပါးတို့၏ ယုံမှားသံသယကို ယနေ့ပင် ဖျောက်လေလော့ဟု - မိန့်တော်မူလေရာ ဥပ္ပလ၀ဏ်အရှင်မသည် အောက်ပါတန်ခိုးအမျိုးမျိုးကို ပြလေ၏ -ကလေးငယ်များ ကစားသောအခါ ဆီကို လက်၌ထည့်၍ ကစားသကဲ့သို့ သမုဒ္ဒရာလေးစင်းတို့ကို လက်တွင်း၌ ထည့်ထား၏။
တဖန် နုပျိုသောလူရွယ်သည် ဆန်းကြယ်သော ဖြူဆံမြက်ကို နုတ်သလို မြေကြီးကို အထက်သို့ ဆွဲလှန်၍ လက်တွင်း၌ ထည့်ထားလေ၏။
တဖန် အဆင်းမျိုးစုံရှိသော မိုးပေါက်များ အကြိမ်ကြိမ်ရွာစေ၍ စကြ၀ဠာအပြည့်မျှရှိသော လက်ဝါးကို ဦးထိပ်၌ မိုးအုပ်လျက် မြေကြီးကို ဆုံ၊ မြင်းမိုရ်တောင်ကို ကျည်ပွေ့ပမာပြုလျက် ကျောက်စရစ်ခဲများကို စပါးသဖွယ်ပြုလျက် သူငယ်မကဲ့သို့ ထောင်းထုပြလေ၏။
ထို့မှနောက်၌ အရှင်မ၏ ဂုဏ်သတင်းသည် ရှေးကထက်ပို၍ ကျော်စောထင်ရှားလာခဲ့သည်။
အရှင်မလည်း ယခင်ရရှိပြီးသော ဈာန်အဘိညာဉ်တို့ကို အဖန်ဖန် ၀င်စား၍ ပွားများ၏။ အထူးသဖြင့် မိမိ အလိုရှိရာ တန်ခိုးပြာဋိဟာအမျိုးမျိုးပြသနိုင်သော ဣဒ္ဓိဝိဓ အဘိညာဉ်ကို အလေးထား၍ ဆက်လက်ပွားများနေခဲ့၏။ အရှင်မသည် ထိုသို့ ဣဒ္ဓိဝိဓအဘိညာဉ်ကို ပွားများနေခဲ့ရာမှ တနေ့သ၌ လူသူ အရောက်နည်းပါးသော ဥယျာဉ်သို့ သွား၍ တစ်ပါးတည်း ဖလာသမာပတ် ၀င်စားနေခိုက် မာရ်နတ်သည် အရှင်မသို့ ချဉ်းကပ်၍ -
ရဟန်းမ---တစ်ယောက်တည်း နေဘိ၏၊ စော်ကားတတ်သော ယောက်ျားဆိုးများကို မကြောက်လေသလောဟု -
ခြောက်လှန့်စကား ပြောကြား နှောက်ယှက်လေ၏။
အရှင်မကလည်း -
ဟယ်မာရ်နတ်---သင့်လို ယုတ်မာ ကြမ်းတမ်းသော ယောက်ျားဆိုးများ အရာထောင်မက လာသော်မှ ငါ၏မွေးညင်းတစ်ပင်မျှ တုန်လူပ်အောင် ပြုနိုင်မည်မဟုတ်၊ သင်တစ်ယောက်တည်းဖြင့် ငါ့ကို မည်သို့ပြုလုပ်နိုင်မည်နည်းဟု ရဲရဲတောက်စကားများဖြင့် ပြန်လည်းကြိမ်းမောင်းလိုက်ရာ မာရ်နတ်လည်း ကွယ်ပျောက်ထွက်ပြေးခဲ့ရလေ၏။
ဥပ္ပလ၀ဏ်ထေရီမကြီးကား ဤသာသနာတော်၌ ထေရီမများစွာတွင် "တန်ခိုးအရာ ဧတဒဂ်ဘွဲ့ထူး" ချီးကျူးဂုဏ်ပြုခံရသူ ဖြစ်တော်မူ၏။
ဥပ္ပလ၀ဏ်ထေရီမသည် ရဟန္တာဖြစ်ပြီးနောက် ဤသို့ ဥဒါန်းကျူးရင့်ခဲ့ပါသည် -
သတ္တိသူလူပမာ ကာမာ၊ ခန္ဓာသံ အဓိကုဋ္ဋနာ။
ယံ တွံ ကာမရတိံ ဗြူသိ၊ အရတီ ဒါနိ သာ မမ။
ကာမဂုဏ်တို့သည် ဓား လှံ သံတံကျင်နှင့် တူကုန်၏။ ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ထိုကာမဂုဏ်တို့၏ ခုတ်ပိုင်း လှီးဖြတ်ရာ စဉ်တီတုံးနှင့် တူကုန်၏။ ကာမဂုဏ်တို့၌ မွေ့လျော်နေရန် သင်မာရ်နတ်ပြောဆိုလာ၏။ သင်ပြောဆိုသော ထိုကာမဂုဏ်သည် ယခုအခါ ငါ့အတွက် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်စရာ မဟုတ်တော့ပြီ။
သဗ္ဗတ္ထ ၀ိဟတာ နန္ဒီ၊ တမောခန္ဓော ပဒါလိတော။
ဧ၀ံ ဇာနာဟိ ပါပိမ၊ နိဟတော တွမသိ အန္တက။
ငါသည် ခပ်သိမ်းသော အာရုံတို့၌ နှစ်သက်မူတဏှာကို ပယ်ဖျောက်အပ်ပြီ၊ မာရ်ယုတ် - ဤသို့ တဏှာ အ၀ိဇ္ဇာကို ပယ်သောသူဟု ငါ့ကိုသိလော့၊ မာရ်ယုတ် - သင်ကား ရူံးသူ ဖြစ်ခဲ့ပြီတကား။
Ashin Indacariya

Wednesday, December 21, 2016

▫ မြတ်စွာဘုရား ညွှန်ပြသော ပစ္စုပ္ပန်စီးပွား ချမ်းသာရေးနှင့် တမလွန် ချမ်းသာရေး လမ်းညွှန်▫



ဗုဒ္ဓမြတ်စွာ လက်ထက်တော် ကာလတုန်းက ကောလိယတိုင်း၊ ကက္ကရပတ္တဆိုတဲ့မြို့မှာ မြတ်စွာဘုရားရောက်ရှိနေတဲ့ အချိန်ပိုင်း လေးမှာ အဲဒီ ကက္ကရပတ္တ ကဒီဃဇာဏု ဆိုတဲ့ အမျိုးသားဦးဆောင်ပြီးတော့ ဗုဒ္ဓမြတ်စွာထံ ၀င်ရောက်ချဉ်းကပ်ကြတယ်။ သူတို့ က မြတ်စွာဘုရားကို လျှောက်တယ်။
"အရှင်ဘုရား၊ တပည့်တော်တို့ ဟာ ဒီဘ၀မှာလဲ ချမ်းချမ်းသာ၊ ပျော်ပျော်ရွှင်ရွှင်မိသားစုနဲ့  သိုင်းသိုင်းဝိုင်းဝိုင်း နေချင်ပါတယ်။ နောင်ဘ၀မှာလဲကောင်းရာ ဘုံဘ၀ကို ရောက်ချင်တယ်။ အဲဒီလို ဖြစ်နိုင်တဲ့ အခြေအနေကောင်းတွေများ ရှိပါသလား" တဲ့။
မြတ်စွာဘုရားက ရှိတယ်၊ ဒီဘ၀အတွက် "ဟိတသုခ"အခြေအနေကောင်းတွေနဲ့  ချမ်းသာသုခကို ရစေနီုင်တဲ့ အချက်လေးချက် ရှိတယ်။ နောင်ဘ၀အတွက်လည်းပဲ အခြေအနေကောင်းတွေ ပေးပြီးတော့ချမ်းသာသုခကို ရစေနိုင်တဲ့ အကြောင်းတရား လေးမျိုး ရှိတယ် ဆိုပြီးအဂုင်္တ္တရ နိကာယ်မှာပဲ မြတ်စွာဘုရားဟောထားတဲ့ သုတ်တစ်သုတ်ကို မှတ်တမ်းတင်ထားတာ ရှိပါတယ်။
အဲဒီသုတ်မှာ မြတ်စွာဘုရားက ဒီဘ၀အတွက် "ဟိတသုခ"အခြေအနေကောင်းနဲ့ ချမ်းသာကို ရစေတတ်တဲ့ အချက်ကတော့-
နံပါတ်(၁) ဥဋ္ဌာနသမ္ပဒါ - ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ကြိုးကြိုးစားစား လုပ်ကိုင်ရမယ်။ အဲဒီ "ဥဋ္ဌာနသမ္ပဒါ" တက်တက်ကြွကြွ၊ ကြိုးကြိုးစားစား လုပ်တယ်ဆိုတဲ့နေရာမှာ မြတ်စွာဘုရားက ထပ်ပြီးတော့ ရှင်းထားတယ်။ ကြိုးစားတယ်ဆိုတဲ့ အချက်မှာ ဘာတွေပါတုန်း ဆိုလို့ ရှိရင် "ဒက္ခ "လုပ်ငန်း ကျွမ်းကျင်မှုရှိရမယ်၊ "အနလသ" ဇွဲကောင်းမှု ရှိရမယ်၊"ဥပါယ၀ီမံသ" နည်းပညာ ရှိရမယ်။ ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က မြတ်စွာဘုရားက စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အောင်မြင်ဖို့  နည်းလမ်းတစ်ခု ပေးထားတာပါ။ ဒါက မြတ်စွာဘုရားဟောတဲ့ ပိဋကတ်တော် တွေထဲမှာ ပါတဲ့ တရားပါ။ လုပ်ငန်းကျွမ်းကျင်မှု၊ ဇွဲကောင်းမှု၊နည်းပညာ အဲဒီ(၃)ရပ် ပေါင်းစပ်ထားတဲ့ ကြိုးပမ်းအားထုတ်မှု ဆိုတာ ရှိရမယ်တဲ့။
နောက်တစ်ချက်က (၂)"အာရက္ခသမ္ပဒါ" - ထိန်းသိမ်းစောင့်ရှောက်မှု ရှိရမယ်။ လောကမှာ စီးပွားဥစ္စာတွေနဲ့  ငွေကြေးဓန မြောက်မြားစွာ ရလာတယ်။ ကုန်ပစ္စည်းတွေ မြောက်မြားစွာ ထုတ်နိုင်တယ်။
သို့ သော် မထိန်သိမ်းဘူးဆိုရင် အလေအလွင့်တွေများပြီးတော့ စီးပွားဥစ္စာ တိုးသင့်သလောက် မတိုးဘူး။ ဒါကြောင့်မို့ လို့  ထိန်းသိမ်း ဖို့ နည်းပညာတတ်ရမယ်။ အလုပ်လုပ်ပြီး ရလာတဲ့ ပစ္စည်းကို ရန်သူမျိုးငါးပါးထဲက တစ်ခုခုနဲ့ မှ မပျက်စီးရအောင်၊ အလေအလွင့် မရှိရအောင် သေချာစောင့်ရှောက်မှုဆိုတဲ့ "အာရက္ခ သမ္ပဒါ" တရားရှိဖို့ လိုသေးတယ်။
နောက်တစ်ခုကတော့  (၃)"ကလျာဏမိတ္တတာ" မိတ်ကောင်း ဆွေကောင်း ရှိရမယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး အာကံပေးမည့် ပုဂ္ဂိုလ်၊ အကျင့်စာရိတ္တကောင်းတဲ့ ပုဂ္ဂိုလ်၊ အသိပညာရှိတဲ့ ပုဂ္ဂိုလ်၊ ကိုယ်ကျင့်တရား ကောင်းတဲ့ ပုဂ္ဂိုလ်၊ အဲဒီလို မိတ်ကောင်း ဆွေကောင်း တွေလဲပဲ အင်မတန် လိုအပ်ပါတယ်။ နောက်ဆုံး စီးပွားရေးနဲ့ ပတ်သက်ပြီး တကယ့်ကို အရေးကြီးတဲ့
အချက်တစ်ခုကတော့ (၄) "သမဇီဝိတာ" ရလာတဲ့ စည်းစိမ်ဥစ္စာ၊ ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်း၊ ကိုယ့်ရဲ့ ဝင်ငွေထွက်ငွေနဲ့  ပတ်သက် လာလို့ ရှိရင် စာရင်းဇယား ခိုင်ခိုင်မာမာထားပြီးတော့ ၀င်ငွေနှင့် ထွက်ငွေ အမြဲတမ်း မျှမျှတတဖြစ်နေဖို့  အရေးကြီးတယ်။ "သမဇိ ၀ိတာ' ဆိုတဲ့ သဘောက ၀င်ငွေနှင့် ထွက်ငွေ အမြဲတမ်းညှိပြီးတော့ သုံးစွဲတဲ့ အခုခေတ် စီးပွားရေးပညာလိုပဲ။
မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ငါးရာကတည်းက ကြိုးပမ်းအားထုတ်မှု၊ အလေအလွင့် မရှိအောင်၊ ထိန်းသိမ်းမှု၊
မိတ်ကောင်းဆွေကောင်းရှိမှု၊ ၀င်ငွေထွက်ငွေ မျှမျှတတသုံးစွဲမှု ဆိုတဲ့ ဒီအချက်ကြီး (၄) ချက်ကို ဟောခဲ့တာဖြစ်တယ်။ ဘယ်ပုဂ္ဂိုလ် ပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်မှ မဟုတ်ဘူး။ဒီစည်းကမ်းအတိုင်း ဆောင်ရွက်ကြမယ်ဆိုလို့ ရှိရင် စီးပွားရေးက တိုးတက်လာ မှာပဲ။ အများကြီးမတိုးတက်တောင် ပျက်စီးမသွားနိုင်ဘူး။ ဒါ ဒီဘ၀မှာ ကောင်းတဲ့ အခြေအနေတွေနဲ့  ကောင်းတဲ့ ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ အချက်လေးချက်ပဲ။
တမလွန်ဘ၀အတွက်ကတော့ ဒီဘ၀ကလုပ်တဲ့ ဟာတွေပါ။အဲဒီ တမလွန်ဘ၀အတွက် ရှိသင့်ရှိထိုက်တဲ့ အရည်အသွေး ကတော့ အခြားမဟုတ်ဘူး။ ဓမ္မနှင့် ပတ်သက်တဲ့ အသိဥာဏ်။ အခုနက ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ သိတဲ့ မျက်စိရှိရမယ်။ ကိုယ်ကျင့် တရားနဲ့  ပတ်သက်လာလို့ ရှိရင်
 နံပါတ် (၁) ကိုယ်ကျင့်တရားကောင်းရမယ် လို့ ဆိုလိုတယ်။
နံပါတ် (၂) ယုံကြည်ချက် ရှိရမယ်။ ယုံကြည်ချက်ဆိုတာ ဘာသာတရားနဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓမြတ်စွာရဲ့ မှန်စွာသိတဲ့ အသိဥာဏ်ကို လက်ခံလို့  မြတ်စွာဘုရား သွန်သင်ဆုံးမသမျှကို လေးစားလိုက်နာမှု၊ ယုံကြည်မှု ရှိရမယ်။ ယုံကြည်မှု ရှိသလို ကိုယ်ကျင့် တရား ကောင်းရမယ်။
နံပါတ် (၃) စွန့် လွှတ်နိုင်မှု ရှိရမယ်။ လူဟာ မိမိရလာတဲ့ အခွင့်အရေးကို တစ်ယောက်တည်းမသုံးဘဲ၊ ကိုယ်တစ်ယောက်တည်း
မခံစားဘဲ မိမိပတ်ဝန်းကျင်နှင့် မျှဝေခံစားတတ်ရမယ်။ ဒါကို 'စာဂသမ္ပဒါ"လို့ ခေါ်တယ်။
နံပါတ် (၄) က "ပညာသမ္ပဒါ"၊ အကြောင်းအကျိုး အကောင်းအဆိုး ခွဲခြားသိတာက အစ လောကမှာရှိတဲ့ သဘာဝတရားတွေဟာ
ဘယ်ဟာမှ မမြဲဘူးဆိုတာကို သိရှိနားလည်ထားတဲ့ ပညာမျိုး ရှိရမယ်။ အကျဉ်းချုပ် ပြောရလို့ ရှိရင်
"သဒ္ဓါသမ္ပဒါ" ယုံကြည်မှု ရှိရမယ်။
"သီလသမ္ပဒါ" ကိုယ်ကျင့်တရားနှင့် ပြည့်စုံရမယ်။
"စာဂသမ္ပဒါ" မျှဝေခံစားဖို့ ၊ စွန့် ကြဲတတ်မှု ရှိရမယ်။
"ပညာသမ္ပဒါ" အသိပညာရှိရမယ်။
အဲဒီ အခြေအနေကောင်း (၄) မျိုး ရှိနေလို့ ရှိရင် သုခ လို့ ဆိုတဲ့ အရာရာမှ အဆင်ပြေမှု၊ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု ဆိုတာတွေ ဖြစ်ပေါ်လာမှာပါ။


ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
(မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ ကမ္ဘာ တရားတော်မှ)
( ဓမ္မ စာပေများ မှတဆင့် ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်)

Tuesday, December 20, 2016

ပဝါရဏာ ဆိုသည်


ပဝါရဏာ ဆိုသည် ဝိနည်းတော်ထဲမှာ တွေ့ရသည့် ဆိုရှယ် ပညာရပ် တစ်ခုဖြစ်သည်။ ယနေ့ ခေတ်စကားဖြင့်ဆိုလင် ရဟန်းတော် အချင်းချင်း ဖဲယားဝဲလ် နှုတ်ဆက်ခြင်း တစ်မျိုးပင် ဖြစ်သည်။ သို့သော် ဗုဒ္ဓ၏ ဖဲယားဝဲလ် ယဉ်ကျေးမှုက ကိုယ်ကျင့်တရား ရေးရာများ ပါဝင်နေသည်။ ဝါတွင်း သုံးလပတ်လုံး အတူတူ သီတင်းသုံးခဲ့ကြရပြီးနောက် တစ်ပါးကို တစ်ပါး၊ တစ်ပါးနှင့် တစ်ပါး ပုထုဇဉ် ရဟန်းတော်များ ပီပီ စိတ်အမြင်မတူမှုများ သေချာပေါက် ရှိနိုင်ပေသည်။ ထို့ကြောင့် ဝါလကျွတ်၍ ကိုယ့်ခရီးကို လျှောက်ကြရာ ထိုထို စိတ် အခန့်မသင့်မှု၊ အမြင်မတူမှုများ ပါမသွားရလေအောင် တစ်ပါးကိုတစ်ပါး ဝန်ခံကြ၊ တောင်းပန်ကြ၊ ခွင့်လွှတ်ကြ၏။ နောက်နောင် အမြင်မတော်မှု တွေ့ပါက ရိုးသား ပွင့်လင်းစွာ ထောက်ပြ လမ်းညွှန်ရန် ဖိတ်မံကြရသည်။
ဘုရားလက်ထက်တော်တုန်းကမူ ဤသို့ လမ်းခွဲပြီးနောက် တစ်ပါးနှင့် တစ်ပါး ပြန်လည်ဆုံတွေ့ရန် ခက်ခဲပေမည်။ ယနေ့ခေတ်မှာတော့ အများအားဖြင့် နှစ်ရှည် လများ အတူတကွ သီတင်းသုံးနေကြသဖြင့် ရဟန်းတော်ချင်း ပိုမို အကျွမ်းတဝင် ရှိကြသည်။ မည်သို့ဖြစ်စေ " ပဝါရဏာ " ယဉ်ကျေးမှုက ရဟန်းအဖွဲ့အစည်း ဥပဒေတော်သည် အလွန်ခေတ်မီပြီး စီဗီလိုက်ဇေးရှင်း သက်တမ်းလည်း အရှည်ကြဆုံး ဖြစ်တန်ရာကောင်း၏ ဟု ဂုဏ်တော်ကို မှန်း၍ ကြည်ညိုမိသည်။
ရှေးအခေါ် ‘သန်တူလ’၊ ယခုအခေါ် ‘သီတင်းကျွတ်လ’တွင် ဘာသာရေးနှင့် နှီးနွှယ်သော ပွဲတော်များ ကျင်းပလေ့ရှိခဲ့ကြသည်။
ရှေးမင်းများလက်ထက်မှ ယနေ့တိုင် ဆင်နွှဲလာခဲ့ရာ ‘မြန်မာ့ရိုးရာ ယဉ်ကျေးမှုတရပ်’ အနေဖြင့် တည်ရှိနေပေတော့သည်။
@@@@@@@@@@@@@@@@@@@@@@@@@

တာဝတိံသာပွဲ ခေါ် မီးမြင့်မိုရ်ပွဲ

ဤသီတင်းကျွတ်လတွင် ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်သို့ တဝါတွင်းလုံး ကြွရောက်၍ အဘိဓမ္မာတရားတော် ချီးမြှင့်ရာမှ ‘သင်္ကဿမြို့တော်’သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။ သင်္ကဿမြို့သို့ ဆိုက်ရောက်တော်မူလာချိန်မှာ သီတင်းကျွတ် လပြည့်ည မှောင်ရီပျိုးစအချိန် ဖြစ်သည်။ မြို့သူမြို့သားတို့သည် ဆီမီးထိန်ထိန် ညှိထွန်း၍ ဗုဒ္ဓမြတ်စွာကို လှိုက်လှဲဝမ်းသာ ကြိုဆို ဦးညွတ်ခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာသည် ဝဲယာ ငွေစောင်းတန်း ရွှေစောင်းတန်းတို့မှ နတ်ဒေဝတာများ ခြံရံလျက် အလယ် ပတ္တမြားစောင်းတန်းမှ ဆင်းသက်တော်မူလာခဲ့လေသည်။ ဤတာဝတိံသာနတ်ပြည်မှ ပြန်ကြွလာပုံကို ရည်မှန်း၍ ‘တာဝတိံသာပွဲ’ ခေါ် ‘မီးမြင့်မိုရ်ပွဲ’ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ တခမ်းတနား ဆင်နွှဲလာခဲ့ကြခြင်း ဖြစ်သည်။

အဘိဓမ္မာ အခါတော်သဘင်
@@@@@@@@@@@
ဗုဒ္ဓမြတ်စွာသည် မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿီတနတ်သားကို အမှူးထား၍ အားလုံးသော နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရား ဟောကြားတော်မူခဲ့သည်။ တဝါတွင်းလုံး ကျေးဇူးဆပ်ဒေသနာ ဟောကြား၍ ဤသီတင်းဝါလကျွတ်ချိန်တွင် လူ့ပြည်သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။ ဤအထိမ်းအမှတ်ဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် ပဋ္ဌာန်းအစရှိသော အဘိဓမ္မာခုနစ်ကျမ်းကို စုပေါင်းညီညာ ပြိုင်တူ ရွတ်ဆိုကာဖြင့် ‘အဘိဓမ္မာအခါတော်သဘင်’ကို ဆင်ယင်ကျင်းပကြသည်။ နှစ်စဉ်လည်း မြန်မာ့အသံမှ အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ကြပုံကို ထုတ်လွှင့်ပေးခဲ့သည်။

ဝါကျွတ်ပူဇော် ကန်တော့ပွဲ
@@@@@@@@@@@
‘ဝါကျွတ်ပူဇော်ကန်တော့ပွဲ’မှာလည်း မြတ်ဗုဒ္ဓကို အားကျ အတုယူ၍ ဖြစ်ပေါ်လာသော အစဉ်အလာကောင်းတခု ဖြစ်သည်။ မှန်ပါသည် – ဗုဒ္ဓမြတ်စွာသည် တဝါတွင်းလုံး တာဝတိံသာနတ်ပြည်သို့ ကြွရောက်တော်မူ၍ မယ်တော်မိနတ်အား နို့ဖိုးဆပ်ဒေသနာ ဟောကြားတော်မူခဲ့ပါပေ၏။ ဤမြတ်ဗုဒ္ဓ၏ ကျေးဇူးရှင်တို့အပေါ် ကျေးဇူးတရားသိ၍ ကျေးဇူးဆပ်တော်မူပုံကို စံထားကာ ဗုဒ္ဓဘာသာဝင်တို့သည် ဤသီတင်းကျွတ်လပြည့်အခါတော်နေ့၌ ရဟန်းသံဃာတို့အား ပူဇော်ခြင်း၊ မိဘ ဆရားသမားနှင့် အသက် သိက္ခာ ဂုဏ်ဝါကြီးရင့်သူတို့ကို ကန်တော့ခြင်းဖြင့် ‘ဝါကျွတ်ပူဇော်ကန်တော့ပွဲ’ကို မြို့တိုင်းရွာတိုင်းမှာ ပြုလုပ်လေ့ရှိကြသည်။

ကထိန်သင်္ကန်းလှူဒါန်းပွဲ
@@@@@@@@@@@@@@
ဗုဒ္ဓမြတ်စွာသည် ဝါတွင်းသုံးလ (ဝါဆိုလပြည့်ကျော် ၁-ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့ထိ) ဝါဆို ဝါကပ်တော်မူခဲ့ကြသော ရဟန်းတော်များအား ကထိန်သင်္ကန်းခံယူခွင့်ကို အခွင့်ပြုတော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် သီတင်းကျွတ်လပြည့်မှ တန်ဆောင်မုန်းလပြည့်အထိ တလအတွင်းတွင် ကာလဒါနအဖြစ် ကထိန်သင်္ကန်း လှူဒါန်းခွင့် ရကြသည်။ ထိုကထိန်သင်္ကန်းအလှူကို ဦးဦးဖျားဖျား ပြုလုပ်လိုသူတို့သည် သီတင်းကျွတ်လပြည့်နေ့တွင် ‘ကထိန်သင်္ကန်းလှူဒါန်းပွဲ’ကို သူ့ထက်ငါဦး ပြုလုပ်လှူဒါန်းလေ့ရှိကြပေသည်။

ပဝါရဏာပွဲ
@@@@@@@@
အထက်ပါ ဘာသာယဉ်ကျေးမှုပွဲတော်များကို ဗုဒ္ဓဘာသာဝင် မြန်မာပြည်ဖွား တိုင်းရင်းသားတို့သည် နှစ်စဉ် မြင်တွေ့နေကြရသည်။ ကိုယ်တိုင်လည်း ပါဝင်ပြုလုပ် ဆင်နွှဲခဲ့ကြသည်။ ထို့ကြောင့် သီတင်းကျွတ်ပွဲတော်အခါတွင် ခြိမ့်ခြိမ့်သဲ ပျော်ပွဲဆင်ခဲ့ကြရသည်ကို သတိတရရှိနေကြမည် မလွဲပေ။
သို့သော် ‘ပဝါရဏာပွဲ’အကြောင်း သိသူကား နည်းလှပေမည်။
အဘယ်ကြောင့်ဆိုသော် ဤ‘သီတင်းကျွတ် ပဝါရဏာပွဲတော်’ကား ရဟန်းသံဃာတော်များ လိုက်နာကျင့်သုံးရန် ဗုဒ္ဓချမှတ်ပေးခဲ့သော ကျင့်စဉ် လုပ်ထုံးလုပ်ရပ် ဖြစ်သောကြောင့်ပါပေတည်း။

‘ပဝါရဏာ’မှာ ပါဠိစကား ဖြစ်သည်။ ‘ဖိတ်ကြားခြင်း’ဟု အဓိပ္ပာယ်ရ၏။
‘မြင်ရ၍၊ ကြားရ၍၊ သံသယဖြစ်၍ အပြစ်ရှိသည်ဟု ထင်မြင်ပါက ပြောဆိုဆုံးမတော်မူပါ’ဟု ရဟန်းတော်အချင်းချင်း ဖိတ်ကြားထားခြင်းကို ‘ပဝါရဏာ’ဟု ခေါ်ပါသည်။

ရဟန်းသံဃာတော်များ အချင်းချင်း ဤသို့ဖိတ်ကြားရန် ပညတ်တော်မူခဲ့ရခြင်းအကြောင်းကို အနည်းငယ် ချဲ့ပြပါဦးမည်။
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်း၌ ဝါကပ်တော်မူ၏။ ရဟန်း တော်တော်များများလည်း ကျောင်းတိုက်တခုတည်းမှာ စုပေါင်း ဝါကပ်ကြသည်။ ထိုရဟန်းတို့သည် ‘အချင်းချင်း ညီညွတ်စွာ နေနိုင်ရေး၊ အငြင်းအခုန်ကင်းရေး၊ ချမ်းသာစွာ နေနိုင်ရေး’ဟူသော ဦးတည်ချက်ဖြင့် မူချ၍ သဘောတူ ကျင့်သုံးရန် ဆုံးဖြတ်ကြသည်။ ထိုဆုံးဖြတ်ချက်ကား – ‘အချင်းချင်း စကားမပြောရ၊ ဝစီပိတ်နေရမည်’ ဟူ၏။

ဆွမ်းခံရာမှ အရင်ဆုံး ပြန်လည်ရောက်ရှိလာသူသည် ခြေဆေးရေ၊ ခြေဆေးအင်းပျဉ်၊ ခြေပွတ်အိုးခြမ်းတို့ကို ပြင်ဆင်ထားရမည်။
ဆွမ်းစားစရာ နေရာထိုင်ခင်း ခင်းကျင်းရမည်။ ပန်းကန် ခွက်ယောက်များ ဆေးကြောရမည်။ သောက်ရေ သုံးရေ တည်ထားရမည်။
ဆွမ်းခံရာမှ နောက်ဆုံးရောက်ရှိလာသူသည် စားကြွင်းစားကျန်များ ရှင်းလင်းရမည်။ နေရာထိုင်ခင်း သိမ်းဆည်းရမည်။ သောက်ရေသုံးရေအိုးများ နေထားတကျ ရှိစေ၍ ဆွမ်းစားကျောင်းကို တံမြက်လှည်း ရှင်းလင်းရမည်။ တစုံတဦးက သောက်ရေသုံးရေအိုးတို့၌ ရေမရှိသည်ကို တွေ့မြင်လျှင် ဖြည့်လောင်းရမည်။ တဦးတည်း မနိုင်လျှင် လက်အမူအရာဖြင့် အခြားရဟန်းတပါးပါးကို ခေါ်၍ အကူအညီ ရယူရမည်။ ဘယ်နည်းနှင့်မျှ စကားပြောဆိုခြင်းကို မပြုရဟူသော ဝစီပိတ်စည်းကမ်းချက်များဖြင့် တဝါတွင်းလုံး နေထိုင်ကြလေသည်။

ထိုရဟန်းတော်များသည် သီတင်းဝါလကျွတ်သောအခါ ဗုဒ္ဓမြတ်စွာထံ သွားရောက် ဖူးမြော် ကန်တော့ကြလေသည်။
ဗုဒ္ဓမြတ်စွာသည် အာဂန္တုကရဟန်းတော်များနှင့် ဝမ်းပန်းတသာ မေးမြန်းပြောဆိုလေ့ရှိသည့်အတိုင်း – “ချစ်သားတို့၊ ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြရပါရဲ့လား၊ တဦးနှင့်တဦး ခိုက်ရန် ငြင်းခုန်မှု ပြုခြင်းမရှိ ညီညွတ်စွာ နေထိုင်နိုင်ကြပါရဲ့လား”ဟု မေးမြန်းတော်မူသည်။ ထိုအခါ ရဟန်းတော်များက တဝါတွင်းလုံး သူတို့ နေထိုင်ခဲ့ကြပုံ လျှောက်ထား၍ ချမ်းသာစွာ နေခဲ့ရပါကြောင်း ပြန်ပြောင်း လျှောက်တင်ကြလေ၏။

ဤတွင် ဗုဒ္ဓမြတ်စွာသည် ထိုရဟန်းတို့ကို ကဲ့ရဲ့ ရှုံ့ချတော်မူသည်။ အပြစ်တင်တော်မူသည်။
“သင်တို့သည် ချမ်းချမ်းသာသာ မနေခဲ့ကြရပါဘဲ ချမ်းသာစွာ နေခဲ့ကြရပါသည်”ဟု ဝန်ခံကြသည်။ သင်တို့၏ ဤဝစီပိတ်အကျင့်သည် တောတွင်းတိရိစ္ဆာန်တို့၏ နေထိုင်နည်းသာ ဖြစ်သည်။ သိုးတွေရဲ့ နေထိုင်နည်းသာ ဖြစ်သည်။ ရန်သူအချင်းချင်းတို့၏ အမူအကျင့်နည်းတွေသာ ဖြစ်သည်။ (ရန်သူဖြစ်နေလျှင် အချင်းချင်း မပြောနိုင် မဆိုနိုင်ကြ။) သင်တို့သည် အဘယ်ကြောင့် ‘အ,အတို့၏ အကျင့်’၊ တိတ္ထိတို့၏ ကျင့်စဉ်ကို ဆောက်တည်ကျင့်သုံးကြရသနည်း။ ဤအကျင့်သည် သာသနာတော်ကို မကြည်ညိုသေးသူတို့အတွက် ကြည်ညိုလာရန်လည်းကောင်း၊ ကြည်ညိုပြီးသူတို့အတွက် ပိုမို၍ ကြည်ညိုသဒ္ဓါတက်စေရန်လည်းကောင်း မဖြစ်နိုင်ပေ ဟု ကဲ့ရဲ့ ရှုံ့ချတော်မူကာ “သာသနာပ တိတ္ထိတွေကျင့်စဉ်ဖြစ်သည့် ဤ‘လူအ,အကျင့်’။ ‘ဝစီပိတ်အကျင့်’ကို ကျင့်သုံးက ဒုက္ကဋ်အာပတ်သင့်စေ”ဟု သိက္ခာပုဒ် ပညတ်၍ ပိတ်ပင်တော်မူခဲ့လေသည်။

ဗုဒ္ဓမြတ်စွာသည် ဤသိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ဝါကျွတ်ပြီးသော ရဟန်းတော်များအား အပြစ်မြင်က၊ ကြားက၊ ယုံမှားသံသယဖြစ်က ရေငုံနှုတ်ပိတ် (ဝစီိပိတ်) မနေဘဲ အချင်းချင်း ပြောဆိုဆုံးမဖို့ ဖိတ်ကြားထားရန် ဆက်လက် မိန့်ကြားတော်မူခဲ့သည်။ ဤအချိန်အခါမှ စ၍ သီတင်းကျွတ်လပြည့်နေ့ ရောက်တိုင်း ရဟန်းတော်များ၏ ‘ပဝါရဏာပွဲ’သည် ပြုလုပ်မြဲ ဖြစ်လေသည်။

ထို့ကြောင့် ရှေးပညာရှိတို့က – “မြတ်သံဃာလဲ၊ ဖိတ်ကြားမြဲ၊ ခြိမ့်သဲ ပဝါရဏာ”ဟု မော်ကွန်းထိုးခဲ့ကြခြင်း ဖြစ်ပေ၏။

ပဝါရဏာပွဲ ပြုလုပ်ပုံ အစီအစဉ်
@@@@@@@@@@@@
ကျောင်းတိုက်ရှိ ရဟန်းသံဃာအားလုံး သိမ်ထဲတွင် စုရုံး နေရာယူကြရသည်။ သံဃာအားလုံး စုံသောအခါ သွက်လက်ချက်ချာသော ရဟန်းတပါးပါးက သံဃာအားလုံးကို အသိပေး လျှောက်ထားရ၏။
“အရှင်ဘုရားတို့ .. သံဃာတော်သည် တပည့်တော်၏ စကားကို နားစိုက်တော်မူပါ။ ယနေ့ ပဝါရဏာပြုရမည့်နေ့ ဖြစ်ပါသည်။ သံဃာတော်များ ညီလျှင် ပဝါရဏာပြုကြပါစို့”။
ဤသို့ သံဃာအားလုံးအား အသိပေးပြီးသောအခါ မထေရ်ကြီး (သံဃာပရိတ်သတ်တွင် အကြီးဆုံးပုဂ္ဂိုလ်၊ သို့မဟုတ် ကျောင်းထိုင်ပုဂ္ဂိုလ်)က စ၍ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီမိုးလျက် သိမ်အတွင်းရှိ သံဃာအားလုံး ကြားသိအောင် ဖိတ်ကြား လျှောက်ထားရပါသည်။

“ငါ့ရှင်တို့ … မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်း သုံးမျိုးဖြင့် သံဃာအား ဖိတ်ကြားပါ၏။ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် မထိန်မချန် အမှန်အတိုင်း ပြောဆို ဆုံးမကြပါ။ မိမိအပြစ်ကို သိမြင်ရလျှင် ကုစားပါမည်” ဟု သုံးကြိမ်တိုင်တိုင် လျှောက်ထားရလေသည်။
ထို့နောက် ဝါစဉ်အလိုက် သံဃာတော်အားလုံး အငယ်ဆုံးရဟန်းအထိ လျှောက်ထားရလေ၏။
ဤကား ရဟန်းတော်များ သိမ်အတွင်း သဘောတူညီ စည်းဝေး၍ ပဝါရဏာပွဲပြုလုပ်ပုံ ဖြစ်ပါသည်။

ရဟန်းတော်များသည် အချင်းချင်း ဤသို့ ဖိတ်ကြားထားသဖြင့် တစုံတရာ အပြစ်မြင်တွေ့ရလျှင် အချင်းချင်း ပြောဆိုညွှန်ပြခြင်းဖြင့် ပြုပြင် ထိန်းသိမ်းနိုင်ကြပေသည်။

ဗုဒ္ဓမြတ်စွာ ချမှတ်ပေးခဲ့သည့် ဤကျင့်စဉ်သည် နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ခေတ်မီဆဲဖြစ်သည်။ မှန်ပေသည်။ ဗုဒ္ဓမြတ်စွာသည် ‘သာသနာတော် စည်ပင်သန့်ရှင်းရေး၊ ရဟန်းတော်များ ကိုယ်ကျင့်ကောင်းရေး’အတွက် ဝေဖန်ရေးကို အားပေးခဲ့သည်။
အမှန်အတိုင်း ပြောဆိုနိုင်ရေးကို အစဉ် တံခါးဖွင့်ပေးခဲ့သည်။
ချွတ်ချော်မှားယွင်းနေမှုများ မြင်နေပါလျက်၊ သိနေပါလျက် ပြောခွင့် ဆိုခွင့် မရှိ။ အ,အကြီးလို နှုတ်ပိတ် နှုတ်ဆိတ်နေရခြင်းမျိုးကို လိုလားတော်မမူချေ။
မိမိမှာ ချွတ်ယွင်းချက် အပြစ် တစုံတရာ ရှိနေလျှင် အမှန်အတိုင်း အမြန် ပြုပြင်နိုင်ရေးကိုလည်းကောင်း၊ ချွတ်ယွင်းချက် အမှားများ တွေ့မြင်နေရလျှင် စိတ်သဘောထား ကြီးမားစွာဖြင့် မဆိုင်းမတွ ထောက်ပြနိုင်ရေးကိုလည်းကောင်း လမ်းဖွင့်ပေးတော်မူခဲ့လေသည်။

ဗုဒ္ဓမြတ်စွာသည် ဤကဲ့သို့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားထားခြင်းဖြင့် -
(၁) အညမညာနုလောမ = အချင်းချင်း ပြောခွင့်ဆိုခွင့် ရှိခြင်း။
(၂) အာပတ္တိဝုဋ္ဌာန = အမှားကို အမြန်ဆုံး ပြုပြင်နိုင်ခြင်း။
(၃) ဝိနယပုရေက္ခာရ = ကိုယ်ကျင့်တရား မြင့်မားရေး ဦးတည်ခြင်း ဆိုသည့် အကျိုး သုံးမျိုး ဖြစ်ထွန်းရရှိနိုင်မည်ဖြစ်ကြောင်း အတိအလင်း မိန့်ကြားခဲ့ပေ၏။

ဗုဒ္ဓမြတ်စွာ၏ ဤ(ပဝါရဏာ)ကျင့်စဉ်သည် ပုဂ္ဂိုလ်အချင်းချင်းသာမဟုတ် အဖွဲ့အစည်းများ၊ နိုင်ငံအုပ်ချုပ်သူများပါ လိုက်နာကျင့်သုံးရမည့် နည်းလမ်းကောင်းများ ဖြစ်ပါသည်။

လောကတွင် “မမှားသော ရှေ့နေ၊ မသေသော ဆေးသမား” မရှိနိုင်ချေ။ အမြော်အမြင်ရှိသူ ပညာရှင်တို့၏ ညွှန်ပြချက်၊ ဝေဖန်ချက် မရယူဘဲ “ငါ့လှေ ငါထိုး ပဂိုးရောက်,ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်,ရောက်”ဟု ငါထင်ရာ ငါ့သဘော ငါတကော,ကောနေပါလျှင် ပျက်စီးဆုံးရှုံးခြင်း၊ နစ်နာခြင်းများဖြင့် ရင်ဆိုင်ရမည်မှာ မလွဲပေ။

ဤသို့ “ငါတကော ကောနေသူများ”ကို ဗုဒ္ဓမြတ်စွာက ဆန့်ကျင်ဟန့်တားတော်မူခဲ့၏။

“အပြစ်မြင်လျှင် အချင်းချင်း ပြောဆို ညွှန်ပြခြင်း၊ အမှားများကို ပြုပြင်သွားခြင်းဖြင့်သာ ငါဘုရား၏ ပရိသတ်သည် ကြီးပွားချမ်းသာနိုင်သည်။ ညီညွတ်သော အစည်းအရုံးသာ အငြင်းအခုန် ခိုက်ရန်ကင်း၍ ချမ်းသာခြင်းသုခ ရရှိနိုင်သည်” ဟူ၍ မိန့်ကြားတော်မူခဲ့သည်။ (ဝိနည်းပါဠိတော်)

တခါက အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည် အမှတ်တမဲ့ ဖြစ်၍ သင်္ကန်းစတဖက် အောက်သို့ လျှောကျနေလေ၏။ ထိုအခါ ရှင်သာမဏေငယ်လေးတပါးက – “အရှင်ဘုရား .. အရှင်ဘုရားရဲ့ သင်္ကန်းစ မညီမညာ ဖြစ်နေပါတယ်”ဟု ထောက်ပြခဲ့သည်။
ထိုအခါ အရှင်သာရိပုတ္တရာမထေရ်သည် ‘မလောက်လေး မလောက်စား ကိုရင်လေးက ငါ့ကို ပြောရပါမည်လား’ဟု အမှတ်တားတော်မမူပေ။
သင်္ကန်းကို ညီညာစွာ ပြင်ဝတ်ပြီး “ဆရာ .. ဒီအတိုင်း ဟုတ်ပါပြီလား”ဟု တလေးတစား မိန့်ကြားတော်မူခဲ့သည်။
ဤသည်မှာ ဗုဒ္ဓချမှတ်ပေးထားသည့် (ပဝါရဏာ)ကျင့်စဉ်ကြောင့် ရှင်ငယ်ကလေးကပင် အမှားကို ထောက်ပြရဲခြင်း ထောက်ပြနိုင်ခြင်း ဖြစ်သည်။

ဤသို့ အချင်းချင်း ပြုပြင်ထိန်းသိမ်း၍ လာခဲ့ကြခြင်းကြောင့်လည်း ‘ထေရဝါဒ ရဟန်းတော်များ’ကို ယနေ့ မြင်တွေ့နေရသေးခြင်း ဖြစ်သည်။
တခြား တပါးသော ဘာသာဝင်တို့၏ ထိုးနှက်ချက်၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော မင်းဆိုးမင်းညစ်တို့၏ အဓမ္မနှိမ်နင်း တိုက်ဖျက်ချက်တို့၏ဒဏ်ကား မသေးငယ်လှ။
ခေတ်အဆက်ဆက် ထေရဝါဒရဟန်းတော်များ အလူးအလိမ့် ခံခဲ့ကြရသည်။
သို့သော် ရှိသမျှ အင်အား၊ ရှိသမျှ စွမ်းအားဖြင့် ထေရဝါဒကျင့်စဉ်ကို ဗုဒ္ဓအလိုတော်ကျအတိုင်း မြဲမြဲ ဆုပ်ကိုင်လာခဲ့ကြသောကြောင့်သာ ဗုဒ္ဓမြတ်စွာသာသနာသည် ယနေ့တိုင် ‘ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ’ဟု ဆိုရမလို ဖြစ်သည်။

“တစုံတရာသော အမှားအယွင်း တွေ့မြင် ကြားသိ သံသယရှိပါက ပြောဆိုပါ။ မိမိအမှားကို တွေ့ရလျှင် အမှန်ရောက်အောင် ပြင်ပါမည်”ဟူသော ဤဖိတ်မံချက်ဖြင့် ရဟန်းတော်များ အချင်းချင်း တံခါးဖွင့်ဝါဒ ကျင့်သုံး၍ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်တော်မူလာခဲ့ကြပေသည်။
ဗုဒ္ဓချမှတ်တော်မူခဲ့သည့် ဤကျင့်စဉ်အတိုင်း ဗုဒ္ဓဘာသာဝင်တို့ တသွေမတိမ်း လိုက်နာကြမည်ဆိုပါလျှင် နိုင်လိုမင်းထက် မတရားနှိပ်စက်ခြင်း၊ အချင်းချင်း သတ်ဖြတ်ခြင်းများ ရှိတော့မည် မဟုတ်ပေ။
အချင်းချင်း သွေးစည်း ညီညွတ်၍ သာယာဝပြောသော လောကသစ်ကို ဖန်တီးနိုင်ကြပေလိမ့်မည်။
ဤကျင့်စဉ်မှ ကျွန်ုပ်တို့ သွေဖီကြလျှင်ကား -
အရှင်နာယက(ဗုဒ္ဓတက္ကသိုလ်)
လေ့လာမိသမျှဖော်ပြသည်။