Saturday, September 28, 2013

သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ပြုပြင်နည်း


သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ပြုပြင်နည်း
သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ် ငါးမျိုးနဲ့ ပြုပြင်ယူလို့ရပါတယ်။ တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ငါးမျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ နင်နေ ငါသွား ဖြစ်သွားပါလိမ့်မယ်။
အဲဒီကုသိုလ် ငါးမျိးကတော့
၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ တို့ဖြစ်ပါတယ်။
ကုသိုလ် ငါးမျိုးကို ဘယ်လိုပြုရမလဲ ဆိုရင် ……..
ဒါန။     ။ ပထမဆုံးကုသိုလ်က ဒါနပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်တစ်သောင်းပြုပေးနိုင်မှ၊ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါနမဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ဘုရားကို ရေချမ်းကပ်လိုက်မယ် ဆိုလည်း ဒါနဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မဲ့ ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီ အိမ်ရှေ့က စာလေးတွေ ခိုလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်ဆုတ်လောက်နဲ့တော့ မိသားစုထမင်းဝိုင်းကို သိပ်ပြီးတော့ မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ်စာလောက် စာကလေးတွေကို ကျွေးနေမယ်ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။
သီလ။  ။ ဒုတိယက သီလပါ။ သီလမှာလည်း လောကီထဲမှာ ပါနေတဲ့ လူတစ်ယောက်အတွက် ငါးပါသီလကို လုံခြုံအောင် စောင့်ထိန်းနိုင်တယ် ဆိုရင်ပဲ တော်တော်လုံလောက်နေပါပြီ။ တစ်ဆင်တတ်ပြီး ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ ကိုးပါးသီလ စောင့်ထိန်းနိုင်ရင်တော့ အကောင်းဆုံးပေါ။ ကိုယ့်ကို သူ့သတ္တိ အားလျှော်စွာ ပြန်စောင့်ရှောက်ပါလိမ့်မယ်။
ဂုဏ်တော်။      ။ တတိယက ဂုဏ်တော်ပါ  ဂုဏ်တော်တွေကတော့ ဘုရားဂုတ်တော် တရားဂုတ်တော် သံဃဂုဏ်တော် ဆိုပြီး ဂုဏ်တော်တွေရှိပါတယ် အဲဒီထဲက မိမိကြိုက်နစ်သက်တဲ့ ဂုဏ်တော် တစ်ခုခုကို ပွားလို့ရပါတယ်။ ဥပမာ ဘုရားဂုဏ်တော်ထဲက အရဟံဂုဏ်တော်ကို ပွားမယ်ဆိုပါတော့ အဲဒီ အရဟံ ဂုဏ်တော်ကိုပဲ……
အရဟံ ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား။
အရဟံ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။
အရဟံ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။ လို့ ပွားများရပါတယ်။
အရဟံဆိုတဲ့ ပါဠိလေးရယ် အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိ အနက်လေးတွေပါ။ ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျှော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။
မေတ္တာ။ ။ စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်တွေ ရှိပါတယ်။ မေတ္တာပွားတဲ့နေရာမှာ အဓိက အကြံပေးချင်တာက ပထမဆုံး ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ ကိုယ့်စောင့်နတ် အိမ်စောင့်နတ် ကစပြီး လမ်း မြို့နယ် မြို့ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်မြတ် နတ်ကောင်းတွေအားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ။ အစစအရာရာ အဆင်ပြေပါစေ စသည်ဖြင့်ပေါ့။
ဝိပဿနာ။       ။ နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာကတော့ ကိုယ်အားထုတ်ဖူးရာ ကိုယ်သိရာ နားလည်းရာ ကိုယ့်အာစရိယ ၀ါဒအတိုင်း မှတ်ယူလို့ ရပါတယ်။ မည်သည့်တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင် ဘယ်လက်ပေါ် ညာလက်ထပ်တင် ခါး လည်ပင်း ဦးခေါင်းကို မတ်မတ်ထား အသက်ကို ပုံမှန်ရှုလျှက် ၀က်လေ၀င်လာလျှင် ၀င်လာသည်။ ထွက်လေ ထွက်သွားလျှင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှားသီးဝသို့သား စူးစိုက်ရောက်ရှိစေရန်။ ပဏာပလေ့ကျင့်ကြလျှက် ၇ ရက်စခန် ၁၀ ရက်စခန်းစသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ တိုး၍ ကြီုးစားကြသင့်ပေသည်။
ကိုသိုလ် ငါးမျိုးတစ်နေ့တာ ကဲစာဖတ်သူတို့ စိတ်ကူးနဲ့ပဲ ကုသိုလ်ငါးမျိုးကို စမ်းကြည့်ကြရအောင်ပါ။
၁။ အိပ်ရာထ။ မနက်အိပ်ရာထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှမလုပ်နဲ့အုံး။ ဘုရားခန်းကို အရင်သွားပါ။ ဘုရားသောက်တော်ရေကပ်ပါ (ဒါန) ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ) အဲဒါပြီးရင် ဂုဏ်တော်ကို ငါးမိနစ် (ဂုဏ်တော်) မေတ္တာကို ငါးမီးနစ် ပွားပါ (မေတ္တာ) ပြီးရင် ၀ိပဿနာ ငါးမိနစ် ပွားများပါ(၀ိပဿနာ) အင်မတန်းနည်းတဲ့ ၁၅မီးနစ် အချိန်လောက်တော လူတိုင်လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ငါးမီးနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါတရားအလိုက် ဆယ်မီနစ်စီ နာရီဝက်စီ တနာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု။ နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ငါးမျိုးနဲ့ စလိုက်တာ ဘယ်လောက်ကျက်သရေရှိသွားလဲ အိပ်ရာထပြီး နာရီဝက် တစ်နာရီအတွင်းမှာပဲ ကုသိုလ်ငါးမျိုး ရနေပါပြီ အဲဒီကုသိုလ်ငါးမျိုးပြီမှ မိသားစုကိစ္စ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။
နေ့လည်။        ။ အဲဒီလိုနဲ့ မနက်စာ စားပြီးတဲ့အခါ ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်ငါးမျိုးကိုလည်း အမျှပေးဝေပါတယ်။ အမျှ အမျှ ယူတော်မူကြပါ သာဓု သာဓု သာဓုဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက်ပါဦး။
ညပိုင်း။ ။ တတ်နိုင်တယ် အချိန်ရတယ် သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီယားလေး မလာခင် ဒါမှမဟုတ် ကိုရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျီုးကို မနက်ကအတိုင်း တစ်ကြိမ်ထပ်လုပ်လိုက်ပါဦး။
နေစဉ်ပြုအပ်သည် ဒီအတိုင်သာ နေ့စဉ်ပြုသွားစမ်းပါ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။ ဒါပေမယ့် ဒီနေ့လုပ် နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးကိုတော့ ဘယ်ဖြစ်နိုင်မှာလဲ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပြတ်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်အားကကြီးလွန်းနေရင်တော့ ချက်ချင်းကြီး ရနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကုသိုလ်အင်အား ကောင်းလားတာနဲပအမျှ ကုသိုလ်အင်အားကို ကြည့်ြ့ပီး လန့်ပြေးသွားမှာပါ။
ဒါက ကံဆိုးနေတဲ့သူတွေကို ပြောတာပါ။ ကံကောင်းနေတဲ့သူတွေ အတွက်လည်း အမြဲတန်း ကံကောင်းနေအောင် ကုသိုလ်ငါးမျိုးနဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။ ဒီကုသိုလ်ငါးမျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀ တတိယဘ၀ စသည်တွေမှာလဲ ဆက်ပြီး ကံကောင်းနေကြအုံးမှာပါ။
ဒုက္ခကြုံရင် သစ္စာဆို
ဒီကုသိုလ်ငါးမျိုးကို ကံကောင်းခြင်း ကံဆိုခြင်းကြောင့်မဟုတ်ပဲ နေ့စဉ်ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒိလို ပြုနေစဉ် အတွင်းမှာပဲ ဘ၀အခက်အခဲတခုကြုံလာမယ် ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်ငါးမျိုးကို နေ့စဉ်အမျှပေးဝေနေတဲ့ နတ်ကောင်း နတ်မြတ်တွေကို တိုင်တည်ပြီး သစ္စာဆိုလို့လဲ ရပါတယ်။
အကျွနိုပ်သည် ကုသိုလ်ငါးမျိုးကို နေ့စဉ်ပြုပြိး နတ်ကောင်းနတ်မြတ်များကိုလဲ နေ့စဉ်အမျှပေးဝေခဲ့ပါတယ် ဤသစ္စာစကားမှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက်ပါစေသတည်း နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ စသည်ဖြင့် ပေါ့လေ။
သံသရာကပင် ကျွတ်နိုင်ရဲ
ကုသိုလ်ငါးမျိုးထဲက ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင်း ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ် မှသည် လေးမဂ် လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီ သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။
ကိုသိုလ်ငါးမျိုးကို ဘယ်အဆင့်ထိပြုရမလဲဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တနေ့တာအတွက် ကုသိုလ်ငါးမျိုး မပြုရသေးရင် အိပ်လို့ လုံးဝမပျှော်တဲ့အဆင့် ချက်ချင်ထလုပ်လိုက်မှ အိပ်ပျှော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ်
ကဲ ကံနဲပတ်သတ်လို့ သေချင်လောက်အောင် ဆိုးနေပါစေ ကုသိုလ်ငါးမျိုးနဲသာ နေ့စသ် ပြုပြင်လိုက်စ်းပါ မကြာခင် ကံကောင်းလာပါလိမ့်မည်။

                                                                                         ရဝေနွယ်

Friday, September 27, 2013

ဥပုသ်အကြောင်းသိကောင်းစရာ


ဥပုသ်အကြောင်းသိကောင်းစရာ
***********************

ဥပုသ်ဟူသော စကားလုံးသည် ဥပေါသထဟူသော ပါဠိမှ ဆင်းသက်လာတာဖြစ်ပါတယ်။

ဥပေါသထကို ဥပ + ၀သထ လို့ခွဲခြားသတ်မှတ်ပါတယ်။

ဥပ - သူ့အသက် မသတ်ခြင်း ၊ သူ့ပစ္စည်းဥစ္စာမခိုးယူခြင်း စသော အကျင့်ကောင်း အကျင့်မြတ်တို့ကို ပြည့်စုံကောင်းမွန်စွာ ဆောက်တည်ကျင့်သုံးခြင်း။

ဝသထ - နေထိုင်ခြင်း လို့အဓိပ္ပါယ်ရပါတယ်။


ဥပုသ်စောင့်သုံးပုံအစီအစဉ်
********************

ဥပုသ်စောင့်သုံးပုံအစီအစဉ်ကို ဆရာတော်အရှင်ဇနကဘိဝံသ ရေးသားသော ရတနာဂုဏ်ရည် စာအုပ်တွင် အောက်ပါအတိုင်း ရေးသားလမ်းညွှန်ထားပါတယ်။

(၁) န်ဥပုသ်စောင့်မည်ဟု ကြံစည်သောသူတော်စင်သည် ဥပုသ်စောင့်သည့်အခိုက်၌ အိမ်မှုကိစ္စတွေဆောင်ရွက်ခြင်းငှာ မသင့်သောကြောင့် ယနေ့လိုအခါကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှပြီးစီးအောင် စီမံထားရာ၏။

(၂) ချက်ပြုတ်ကျွေးမွေးမည့်သူ အဆင်သင့်ရှိနေလျင် နက်ဖန်မိမိစားဖို့အတွက် ပြောပြစီမံထားရာ၏။ (ဥပုသ်စောင့်သည့်အခိုက် အခါတိုင်းထက်ကောင်းမွန်အောင် စားဖို့ကား မစီမံသင့်ပေ)

(၃) ချက်ပြုတ်ကျွေးမွေးမည့်သူမရှိလျင် နက်ဖန်ကိစ္စနည်းအောင် ပြီးစီးအောင် ၊ စားဖွယ် သောက်ဖွယ်များကို ပြီးစီးအောင် စီမံထားရာ၏။

(၄) န်နံနက်အာရုဏ်တက်ချိန်ကပင် ကိုယ်လက်စင်ကြယ်အောင်ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသောအ၀တ်ကို ၀တ်ဆင်ရာ၏။

(၅) ပန်းပန်မှု ၊ နံ့သာလိမ်းချယ်မှုနှင့် အထူးတလည် ပြင်ဆင်မှုများကို မပြုလုပ်ရာ။

(၆) ထို့နောက် ခပ်စောစော သီလကိုဆောင့်တည်ရာ၏။

(၇) သီလဆောက်တည်ပြီးလျင် ကျွေးမွေးလှုဒါန်းဖွယ်ကိစ္စရှိပါက ပြုလုပ်၍ မရှိပါက မိမိအတွက် သင့်တင့်ရုံသာစီမံ၍ စားသောက်ရာ၏။

(၈) ကျွေးမွေးစားသောက်ပြီးလျင် ကိုယ်လက်မစင်ကြယ်ပါက စင်ကြယ်လာအောင် ရေချိုးရာ၏။

(၉) ထို့နောက် မိမိတစ်ဦးတည်း နေသင့်သူများဖြစ်လျင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့်နေသင့်သူဖြစ်က သဘောတူအဖော်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာအရပ်၌ ဗြဟ္မ္မဥပုသ်ကိုစောင့်လိုလျင် ဘုရားဂုဏ်တော်ကို အာရုံပြု၍` နေရာ၏။

(၁၀) တာရှည်စွာဆင်ခြင်၍ မနေနိုင်လျင် တရားစာများကို ဖတ်ရှုနေရာ၏။

(၁၁) နည်းလမ်းကျကျ ဟောပြောပြသည့် ပုဂ္ဂ္ဂိုလ်ရှိလျင် တရားနာရာ၏။

(၁၂) အချင်းချင်းလည်းတရားစကား ဆွေးနွေးမေးမြန်းစူးစမ်းရာ၏။

(၁၃) ညဥ့်အချိန်သို့ရောက်သောအခါ မိမိသီလကိုပြန်၍` ဆင်ခြင်ပြီးလျင် အရိယာသူတော်ကောင်း ရဟန္တာ္တအပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။


ဥပုသ်အမျိုးအစား (၆) မျိုး
*******************

ဥပုသ်စောင့်ရင်း ဆင်ခြင်နေထိုင်ကျင့်သုံးပုံကို တိကင်္ဂုတ္တရ အဋ္ဌကထာ ၊ ၀ိသာခဥပေါသထသုတ်မှာ ဥပုသ်အမျိုးအစား (၆)မျိုးနဲ့ပြဆိုထားပါတယ်။

(၁) ဗြဟ္မ္မုပေါသထ - ဗြဟ္မ္မဥပုသ်
ရှစ်ပါးသီလဆောက်တည်ကာ ဘုရားရှင်၏အရဟံ အစရှိသော ဂုဏ်တော်များကို အဖန်ဖန်ဆင်ခြင်ပွားများ နေထိုင်ခြင်းဖြစ်သည်။

(၂) ဓမ္မုပေါသထ - ဓမ္မဥပုသ်
ဓမ္မဥပုသ်ဆိုသည်ကား သွာက္ခာတော ဘဂ၀တာ ဓမ္မော အစရှိသော တရားဂုဏ်တော်များကို အဖန်ဖန်ဆင်ခြင်ပွားများနေထိုင်သော ဥပုသ်ဖြစ်သည်။

(၃) သံဃုပေါသထ - သံဃဥပုသ်
သုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊ အစရှိသော သံဃာဂုဏ်တော်များကို ဆင်ခြင်ပွားများရင်ဆောက်တည်သော ဥပုသ်ဖြစ်၏။

(၄) သီလုပေါသထ - သီလဥပုသ်
မိမိဆောက်တည်ထားသောသီလ မကျိုးမပေါက်အောင် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မှု့ကို အဖန်ဖန်နှလုံးသွင်း ဆင်ခြင်ပွားများနေထိုင်သောဥပုသ်ကို သီလဥပုသ်လို့ခေါ်ပါတယ်။

(၅) ဒေ၀တုပေါသထ - ဒေ၀တာဥပုသ်
ဘုန်းရှင် ကံရှင် နတ်ဗြဟ္မ္မာများမှာ ရှေးရှေးဘ၀များက သီလစသောကောင်းမှုတရားများကြောင့် နတ်ဗြဟ္မ္မာများဖြစ်ခဲ့ကြရသည်။ ငါ့မှာလည်းယခုအခါ သဒ္ဓါ ၊ သီလဂုဏ်စသော ကောင်းမြတ်သောအကျင့်ဂုဏ်တို့ဖြင့် ပြည့်စုံနေပါပေစွ ဟူ၍ နတ်ဗြဟ္မ္မာတို့၏ ရှေးကအကျင့်ဂုဏ်ကို အခြေပြုလျက် နေထိုင်ဆင်ခြင်သုံးသပ်သော ဥပုသ်ကို ဒေ၀တုပေါသထ ဥပုသ်လို့ခေါ်ပါတယ်။

(၆) အဋ္ဌင်္ဂုပေါသထ - ရှစ်ပါးသီလအားလုံးကိုဆင်ခြင်သောဥပုသ်
ရဟန္တာ္တ အရှင်မြတ်တို့ကား သတ္တ၀ါများအား ၊ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှု မရှိသလို ငါသည်လည်းယနေ့အခါ ထို ရဟန္တာ္တတို့လို နေထိုင်အပ်ပေပြီ.. စသည်ဖြင့်ပါဏာတိပါတမှ စ၍ရှစ်ပါးသီလ သိက္ခာပုဒ်များအားလုံး ထိန်းသိမ်းစောင့်ရှောက်ကျင့်သုံးနေထိုင်မှုကို ဆင်ခြင်ပွားများအောက်မေ့ကာ နေထိုင်သောဥပုသ်ကို အဋ္ဌင်္ဂုပေါသထဥပုသ်လို့ခေါ်ဆိုပါတယ်။


(၈)ပါးသီလ
*********


(၁) ပါဏာတိပါတာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။
(၂) အဒိန္နာဒါနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။
(၃) အဗြဟ္မစရိယာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။
(၄) မုသာဝါဒါ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။
(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။
(၆) ၀ိကာလဘောဇနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။
(၇) နစ္စ ၊ဂီတ၊ ၀ါဒိတ ၊ ၀ိသုက ၊ ဒဿန ၊ မာလာဂန္ဒ ၊ ၀ိလေပန ၊ ဓာရဏ ၊မဏ္ဍန ၊ ၀ိဘူသနဋ္ဌာနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။
(၈) ဥစ္စာသယန ၊ မဟာသယနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။


(၈)ပါးသီလ၏အနက်အဓိပ္ပါယ်
********************

(၁) ပါဏာတိပါတာ - သူတပါး၏အသက်ကို သတ်ခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၂) အဒိန္နာဒါနာ - အရှင်သည် ကိုယ် ၊နှုတ်ဖြင့် မပေးအပ်သော ၊ သူတပါးဥစ္စာခိုးယူခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၃) အဗြဟ္မစရိယာ - မမြတ်သောအကျင့်ကို ကျင့်ခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၄) မုသာဝါဒါ - မဟုတ်မမှန်သော စကားကိုပြောဆိုခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ - ကုသိုလ်ကောင်းမှု့၌ မေ့လျော့ခြင်း၏အကြောင်းဖြစ်သော ၊ သေရည်သေရက်ကိုသောက်သုံးခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၆) ၀ိကာလဘောဇနာ - နေ့လွဲညစာ စားခြင်းမှ ၊ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၇) ၊ နစ္စ ၊ဂီတ၊ ၀ါဒိတ ၊ ၀ိသုက ၊ ဒဿန ၊ မာလာဂန္ဒ ၊ ၀ိလေပန ၊ ဓာရဏ ၊မဏ္ဍန ၊ ၀ိဘူသနဋ္ဌာနာ - ကခြင်း ၊ သီဆိုခြင်း ၊ တီးမှုတ်ခြင်း ၊ တို့ကိုကြည့်ရှု့နားထောင်ခြင်း ၊ ပန်းပန်ခြင်း ၊နံ့သာလိမ်းကျံခြင်း ၊ နံ့သာတို့ဖြင့် ပြေပြစ်အောင်ပြုပြင်ခြင်း၏အကြောင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၈) ဥစ္စာသယန ၊ မဟာသယနာ - မြင့်သောနေရာ ၊ မြတ်သောနေရာထက်၌နေခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

သီလစောင့်ထိန်းခြင်းအကျိုး
********************

သီလစောင့်ထိန်းခြင်းကြောင့်အကျိုးကျေးဇူးများပုံကို မဟာဗုဒ္ဒ၀င်ပထမပိုင်း ပါရမီတော်ခန်း သီလပါရမီခန်းမှာ ယခုလိုပြဆိုထားပါတယ်။

(၁) မမေ့မလျော့ခြင်း အပ္ပမာဒတရားအခြေခံရှိသောကြောင့် စည်းစိမ်ဥစ္စာတိုးပွားခြင်း။

(၂) ကောင်းသတင်း ကျော်ဇော်ခြင်း။

(၃) ပရိသတ်အလယ်ရဲဝံ့တည်ကြည်စွာ ချဉ်းကပ် ၀င်ရောက်နိုင်ခြင်း။

(၄) သက်တမ်းစေ့နေရကာ မတွေမဝေ ကောင်းမွန်စွာသေရခြင်း။

(၅) သေပြီးနောက် လူ့ပြည် နတ်ပြည် စသောကောင်းရာသုဂတိဘ၀များ ရောက်ရခြင်း
စသည့်ကောင်းကျိုးတရား ငါးပါးရရှိစေပါတယ်။

ထိုမျှမက ဥပုသ်စောင့်ထိန်းခြင်း၏ကောင်းကျိုးတရားများပုံကို မြတ်စွာဘုရားသည် သာဝတ္တိံပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးစဉ် ကျောင်းအမကြီး ၀ိသာခါအား ဤသို့ဟောကြားတော်မူခဲ့၏။

“ ၀ိသာခါ ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကိုစောင့်သုံးရခြင်းကား အကျိုးအာနိသင်အလွန်ကြီးမားလှ၏။ အဘယ်မျှကြီးမားသနည်းဟူကား… ရတနာအမျိုးမျိုး ပြည့်ဖြိုးကြွယ်ဝသည့် တိုင်းကြီး ၁၆ တိုင်းကိုအစိုးရသော စကြာမင်းကြီး၏စည်းစိမ်သည် ဥပုသ်စောင့်ခြင်းကြောင့်ဖြစ်ပေါ်လာသည့်အကျိုး၏ ၁၆ စိတ်၊ စိတ်၊ တစ်စိတ်ကိုမျှမမီနိုင်ပေ။

တနည်းကား… ၂၅၆ စိတ် စိတ် တစ်စိတ်ကိုမျှ မမှီနိုင်ချေ။အဘယ်ကြောင့်ဆိုသော် ဥပုသ်စောင့်ခြင်းကြောင့် ကာမသုဂတိဖြစ်သော နတ်ဘုံ နတ်ချမ်းသာ နတ်စည်းစိမ်ကို အလွယ်တကူပင်ရရှိသောကြောင့် ဖြစ်သည်။ လူ့စည်းစိမ်လောက်ကား ဆိုဖွယ်မရှိချေ ”


( ဥပုသ်နေ့မှာ ဥပုသ်သီတင်းဆောက်တည်ဖို့ ဓမ္မမိတ်ဆွေအပေါင်းအား နှိုးဆော်အသိပေးအပ်ပါတယ်။ ဖတ်မိ မှတ်မိ လေ့လာမိသမျှ ဗုဒ္ဒ၏အဆုံးအမစကားများအား ပြန်လည်မျှဝေလိုက်ပါတယ်)