Monday, November 19, 2012

ကိုယ်ကျင့်သီလ ပဓာနပါ ဒါနက နောက်လိုက်မျှသာ


ကိုယ်ကျင့်သီလ ပဓာနပါ ဒါနက နောက်လိုက်မျှသာ

           မြန်မာလူမျိုးများဟာ တစ်မူရလို့ တစ်ပဲလှူ ဆိုတဲ့ လူမျိုးများနဲ့ အရင်းအဖျားသာ ကွဲတာမို့ ဒါနကိစ္စမှာ အလွန်ဇွဲသန်ကြပါတယ်။ ဒါနကိစ္စ ဇွဲသန်ကြတော့ ကိုယ့်ကျင့်သီလကို ထိန်းသိမ်းမှု နည်းပါနေပါတယ်။ အမှန်ကတော့ ဒီဘ၀မှာ လူကောင်း သူကောင်း ဖြစ်ဖို့ရော နောက်ဘ၀မှာ လားရာဂတိကောင်းဖို့ရော ကိုယ်ကျင့်သီလက ပဓာနဖြစ်ပါတယ်။ သီလကြောင့် ကောင်းတဲ့ဂတိ ကောင်းတဲ့ဘ၀ရောက်မှ ဒါနက နောက်လိုက်အဖြစ်နဲ့ အကျိုးပေးနိုင်တာပါ။

   ဆွမ်းတစ်အုပ် လှူဖူး ပန်တစ်ပွင့် လှူးဖူးလို့ အပါယ် မလားခဲ့ရဘူးဆိုတဲ့ သူတော်ကောင်များလည်း ထိုအလှူကြောင့်သာ မကပါဘူး အခြေခံ ငါးပါးသီလကလည်း မပျက်ကြလို့ သုဂတိဘ၀ကိုရတာပါ။ အဲဒီလိုရတဲ့အခါ သူတော်ကောင်းနဲ့ ပေါင်းရပါလိမ့်မယ်။ အဲဒီလို နောက်ထက် နောက်ထက် ကုသိုလ်တွေက တိုးတိုးနေလို့ အပါယ်မလားရဘဲ ဘုရားနဲ့ တွေ့တဲ့အခါ တရားထူးရ၍ နိဗ္ဗာန်အထိ အကျိုးရတာ ဖြစ်ပါတယ်။ အဲဒီ အကျိုးရဲ့ အရင်းအမြစ်က ဆွမ်းအလှူ ပန်းအလှူ ဖြစ်လို့ ဆွမ်းတစ်အုပ် အလှူကြောင့် ပန်တစ်ပွင့် အလှူကြောင့် အပါယ်မလားဘဲ နိဗ္ဗာန်ရတယ်လို့ ဥဒါန်းတွင်လာတာ ဖြစ်ပါတယ်။

   ဒီဘ၀မှာ ငါးပါးသီလမှ မလုံဘဲ ဒုစရိုက်ဆယ်ပါးမှ မရှောင်ဘဲနဲ့ ပါဏာတိပါတဖြစ်စေ ကာမေသုမိစ္ဆာ စာရဖြစ်စေ မုသာဝါဒ တစ်ခုခုဖြစ်စေ မရှောင်ဘဲ ကျောင်းကြီးဆောက် ဘုရားတည် အလှူကြီး ပေးနေသူဟာ သေခါနီးမှာ ထိုကုသိုလ် အကုသိုလ် နှစ်မျိုးထင်လာရင် စိတ်ကြည်နိုင်ပါမလား။ စိတ်မကြည်ရင် ပြုပြင်ပေးနိုင်သူလည်း မရှိခဲ့သော် ဧကန် အပါယ်သွားရမှာပဲ။ အလှူကြီးတွေက မကယ်နိုင်ပါဘူး။

ဇာတိပညာရှိအောင် ပျိုးထောင်နည်း


ဇာတိပညာရှိအောင် ပျိုးထောင်နည်း

                   ဖြစ်လေရာဘ၀တို့၌ ပဋိသန္ဓေပါ ပညာရှိဖြစ်အောင် ယခုဘ၀ကပင် ထူထောင် သင့်ကြသည်။ ထူးထောင်နည်း တစ်ချို့ကား ပထမဦးဆုံး အသိအလိမ္မာ ဥာဏ်ပညာ ထက်မြက်သူ ဖြစ်ချင်ရမည်။ ထိုသို့ ဖြစ်ချင်သည့် အတိုင်းလည်း အသိအလိမ္မာ ဥာဏ် ပညာ တိုးပွားအောင် ရေးသားအပ်သော ကျမ်းစားတို့ကို စိတ်ပါ လက်ပါ ကြည့်ရှုရမည်။ ပညာရှိနှင့် ဆက်ဆံ၍ ထိုသူ့အထံသို့ အကြံဥာဏ်ကောင်းများ မေးမြန်းမှတ်သားရမည်။ ဤမျှလောက် ကြိုးစားလျှင်ပင် ပ၀တ္တိဥာဏ် တိုးပွား၍ အရာရာ၌ စဉ်းစားတတ်သူ ဖြစ်လာ ပါလိမ့်မည်။ ထိုအခါ နောင်သံသရာ အတွက် ဥာဏ်ပညာအထုံ ပါလောက်ပေပြီ။
     
       သို့သော် အားမရသင့်သေးပါ ဥာဏ်ပညာပွင့်လင်းအောင် အ၀တ်အစား အိပ်ရာနေရာမှ စ၍ တစ်ကိုယ်လုံး အမြဲသန့်သန့်ရှင်းရှင်း ရှိစေရမည်။ ဒါနစသော ကုသိုလ်ပြုတိုင်း ဥာဏ် ပညာထက်မြက်သူ ဖြစ်ရပါလို၏ ဟု စိတ်ကလည်း ညွှတ်ရမည်။ နှုတ်ကလည်း ရွတ်ဆို ဆုတောင်းရမည်။ ရဟန်းသံဃာလှူဒါန်းရာ၌လည်း စာပေကို  သင်ယူနိုင် ပို့ချရေးသား နိုင်ပါစေ ဟု စိတ်စေတနာ ဖြစ်စေရမည်။ တတ်နိုင်ပါမူ စာသင်ကျောင်းတိုက် တည်ထောင်၍ စာပို့ချနိုင်သော ပုဂ္ဂိုလ်ကို ကိုးကွယ်းကာ စာပို့ချနိုင်အောင်လည်း ထောက်ပံ့ရမည်။
   
     လူစာသင်ကျောင်းများကိုလည်း ထောက်ပံ့ရမည် တိုင်းသူပြည်သားတို့ ပညာတိုးပွား အောင် ကူညီရမည်။ မိမိ တတ်သိသမျှကို သူတစ်ပါးအား ပြောပြချင်စိတ် နားလည်းစေ ချင်စိတ် ရှိရမည်။ ဤသို့ စသည်ဖြင့် ပညာဘက်၌ စိတ်ထက်သန်သူသည် ဘ၀သံသရာဝယ် ကြီးကျယ်သော ပညာရှင် ဖြစ်နိုင်သည်။

      ဤကား နောက်ဘ၀ အဆက်ဆက်၌ ဇာတိပညာ (၀မ်းတွင်းပါ ပညာရှိ) ဖြစ်အောင် ပျိုးထောင်နည်းပေ တည်း။