ရှေးအခါက သိဝိတိုင်း၊ အရိဌပုရမြို့မှ
သိဝိမည်တဲ့ မင်းဟာ မင်းလုပ် အုပ်ချုပ်တယ်။ ဘုရားလောင်းက အဲဒီမင်းရဲ့ မိဖုရားခေါင်ကြီး
ဝမ်းဗိုက်မှာ ဖြစ်တယ်။ သိဝိမင်းသားလို့ နာမည်မှည့်ကြတယ်။ စစ်သူကြီးမှာလည်း သား ရလာတယ်။
အဘိပါရကလို့ နာမည်မှည့်ကြတယ်။ သူတို့နှစ်ယောက်လုံးဟာ မိတ်ဆွေဖြစ်ပြီး ကြီးပြင်းလာကြတယ်။
အသက်(၁၆)နှစ်အရွယ်မှာ တက္ကသိလာပြည်ကို သွားပြီး အတက်ပညာ သင်ယူကာ ပြန်လာကြတယ်။ မင်းက
သားအား မင်းအဖြစ်ကို ပေးတယ်။ သား ရှင်ဘုရင်ကလည်း အဘိပါရကကို စစ်သူကြီးအရာမှာ ထားကာ
တရားသဖြင့် မင်းလုပ်အုပ်ချုပ်တယ်။ အဲဒီ အရိဌပုရမြို့မှာပဲ တိရိဋိဝစ္ဆအမည်ရှိတဲ့ ကုဋေ(၈၀)ကြွယ်ဝတဲ့
သူဌေးရှိတယ်။ သူ့သမီးက ရုပ်လှတယ်၊ တင့်တယ်တဲ့ လက္ခဏာနဲ့ ပြည့်စုံတယ်။ သူမ နာမည်မှည့်ရာနေ့မှာ
သူမကို ဥမ္မာဒန္တီလို့ နာမည်မှည့်ကြတယ်။ ဥမ္မာဒန္တီဟာ အသက်(၁၆) နှစ် အရွယ်မှာ လူ့အလှထက်
ပိုတယ်။ နတ်သမီးလေးလို အလွန်လှတယ်။ ကြည့်ရှုချင်စရာ ကောင်းတယ်။ စိတ်ကြည်လင်စေတယ်။ အလွန်
လှပမှု၊ ခန္ဓာကိုယ် ပြေပြစ်မှုတွေနဲ့ ပြည့်စုံတယ်။ သူမကို မြင်မြင်သမျှ ပုထုဇဉ်တွေဟာ ကိုယ့်သဘောနဲ့
ကောင်းကောင်းမရပ်တည်နိုင်ကြ၊ ထန်းရည်၊ အရက်မူးသူတွေပမာ ကိလေသာနဲ့ ယစ်မူးကုန်တယ်။ သတိမထားနိုင်ကြတော့ပါ။
ဥမ္မာဒန္တီရဲ့ဖခင် တိရိဋိဝစ္ဆသူဌေးက မင်းထံ ချဉ်းကပ်ပြီး လျှောက်တင်ပါတယ်။
`` အရှင်မင်း၊ ကျွန်ုပ်ရဲ့ အိမ်မှာ
မိန်းမရတနာ ဖြစ်ပေါ် နေပါတယ်။ မင်းနဲ့သာ သင့်လျော်ထိုက်တန်ပါတယ်။ လက္ခဏာဖတ်တဲ့ ပုဏ္ဏားတွေကို
လွှတ်ပြီး အဲဒီမိန်းမရတနာကို စူးစမ်းခိုင်းကာ ကြိုက်သလို ပြုလုပ်ပါ။``
မင်းက ``ကောင်းပြီ`` လို့ ပြောပြီး
ပုဏ္ဏားတွေကို စေလွှတ်လိုက်ပါတယ်။ အဲဒီ ပုဏ္ဏားတွေက သူဌေးအိမ်သွားပြီး ပူဇော်မြတ်နိုးမှုကို
ခံယူကာ နို့ဃနာကို သုံးဆောင်ကြတယ်။ အဲဒီခဏမှာ ဥမ္မာဒန္တီက အဆင်းတန်ဆာအားလုံးနဲတန်ဆာဆင်ပြီး
အဲဒီပုဏ္ဏားတွေထံ သွားတယ်။ အဲဒီပုဏ္ဏားတွေက ဥမ္မာဒန္တီကို မြင်ပြီး သတိမထားနိုင်ကြတော့။
ကိလေသာနဲ့ ယစ်မူးကုန်တယ်။ သူတို့ ထမင်းစား မပြီးသေးတာကို မသိကြတော့။ တချို့က ထမင်းလုတ်ကို
ယူပြီး `ငါတို့ စားကြမယ်` လို့ အမှတ်နဲ့ ဦးခေါင်းမှာ တင်ကြတယ်။ တချို့က ချိုင်းကြားမှာ
ပစ်ကြတယ်။ တချို့က နံရံကို ပုတ်ခတ်ကြတယ်။ ပုဏ္ဏားအားလုံး အရှုးတွေချည်း ဖြစ်ကုန်တယ်။
ဥမ္မာဒန္တီက အဲဒီပုဏ္ဏားတွေကို မြင်ပြီး `` ဒီပုဏ္ဏားတွေက ငါ့ရဲ့လက္ခဏာကို ဖတ်ကြမတဲ့လား၊
ဒီပုဏ္ဏားတွေကို လည်ပင်းကိုင်ပြီး ဆွဲထုတ်ကြပါ`` လို့ ပြောကာ ဆွဲထုတ်ခိုင်းတယ်။ အဲဒီပုဏ္ဏားတွေက
မျက်နှာ မသာမယာဖြစ်ပြီး မင်းနန်းတော်ကို သွားကြတယ်။ ဥမ္မာဒန္တီအပေါ် စိတ်ဆိုးပြီး ``အရှင်မင်း၊
အဲဒီမိန်းမက မိန်းမယုတ် ဖြစ်ပါတယ်။ အရှင်မင်းနဲ့ မလျောက်ပတ် မထိုက်တန်ပါ`` လို့ လျှောက်တင်ကြတယ်။
မင်းက ``အယုတ်မတဲ့``လို့ ပြောပြီး ဥမ္မာဒန္တီကို အခေါ်မခိုင်းတော့ပါ။ ဥမ္မာဒန္တီက အဲဒီဖြစ်ပုံကို
ကြားရပြီး `` ငါ့ကို မိန်းမယုတ်မို့ မင်းက မယူတာတဲ့။ မိန်းမယုတ်ဆိုတာ ဒီလို မဟုတ်ကြပါ``
လို့ ပြောပြီး ရှိပါစေ၊ ငါဟာ အဲဒီ မင်းကို တွေ့ရရင် သိစေမယ် လို့ တွေးကာ အဲဒီမင်းအပေါ်
ရန်ငြိုးဖွဲ့လိုက်တယ်။ အဲဒီအခါ ဥမ္မာဒန္တီကို ဖခင်က အဘိပါရက စစ်သူကြီးအား ပေးလိုက်တယ်။
ဥမ္မာဒန္တီဟာ အဘိပါရကရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံယူရတယ်။---
ဥမ္မာဒန္တီအကြောင်း လေ့လာခြင်း ၂
ဘယ်ကုသိုလ်ကံရဲ့ အကျိုးဆက်ကြောင့် ဥမ္မာဒန္တီဟာ
ဒီလောက်လှရသလဲ။ အနီရောင်အ၀တ်ကို လှူခဲ့တဲ့ အလှူရဲ့ အကျိုးဆက်ကြောင့်ပါပဲ။ အကျယ်ချဲ့
ပြောပါမယ်။ ဥမ္မာဒန္တီဟာ ရှေးဘ၀တစ်ခုမှာ ဗာရာဏသီမြို့က ဆင်းရဲတဲ့အမျိုးမှာ ဖြစ်ခဲ့တယ်။
ပွဲလမ်းသဘင်နေ့မှာ ဘုန်းကံနဲ့ပြည့်စုံတဲ့ မိန်းမတွေက ၀တ်ပန်း (ဆူးပန်းပွင့်) နဲ့ အရောင်ဆိုးထားတဲ့
အနီရောင်အ၀တ်ကို ၀တ်ပြီး တန်ဆာဆင်ကာ ပျော်ပါးနေကြတယ်။ ဥမ္မာဒန္တီလောင်းလျာက အဲဒီမိန်းမတွေကို
မြင်ပြီး အဲဒီလို အ၀တ်ကို ၀တ်ကာ ပျော်ပါးလိုစိတ် ဖြစ်လာတယ်။ မိဘတွေအား ပြောပြတော့ မိဘတွေက
``သမီး၊ ငါတို့က ဆင်းရဲသားတွေပဲ။ အဲဒီလို အ၀တ်ကို ငါတို့ ဘယ်မှာ ရမှာလဲ``လို့ ပြောကြတယ်။
``ဒီလိုဆိုရင် သမီးကိုကြွယ်ဝချမ်းသာတဲ့ အိမ်တစ်အိမ်မှာ အခစား အလုပ်လုပ်ဖို့ ခွင့်ပြုကြပါ။
သူတို့က သမီးရဲ့ဂုဏ်ကို သိပြီး ပေးကြပါလိမ့်မယ်`` လို့ ပြောတယ်။ မိဘတွေက ခွင့်ပြုလို့
အဲဒီအိမ် ချဉ်းကပ်ပြီး ပြောတယ်။
``ကျွန်မဟာ ၀တ်ပန်းနဲ့ ဆိုးထားတဲ့ အနီရောင်အ၀တ်အတွက်
အခစားအလုပ် လုပ်ပါမယ်``။
``သုံးနှစ်ပတ်လုံး အလုပ်လုပ်ပြီးရင်
သင့်ရဲ့ဂုဏ်ကို သိပြီး ငါတို့ပေးကြပါမယ်။ အဲဒီအခါ ဥမ္မာဒန္တီလောင်းလျာကို အဲဒီလူတွေက
အဲဒီလို ပြောလိုက်ကြပါတယ်။ သူမက ``ကောင်ပါပြီ`` လို့ ၀န်ခံပြီး အလုပ်လုပ်တယ်။ အဲဒီလူတွေက
သူမရဲ့ဂုဏ်ကို သိပြီး သုံးနှစ် မပြည့်ခင်မှာဘဲ သူမအား ၀တ်ပန်းနဲ့ ဆိုးထားတဲ့ အနီရောင်အ၀တ်ထူထူနဲ့အတူအခြားအ၀တ်ကိုလည်း
ပေးလိုက်ကြတယ်။ ``သင့်သူငယ်ချင်းမတွေနဲ့အတူ သွားပြီး ရေချိုးကာ ၀တ်ခဲ့ပါ``လို့ ပြောကာ
သူမကို စေလွှတ်လိုက်ကြတယ်။ သူမက သူငယ်ချင်းမတွေကို ခေါ်ယူပြီး သွားကာ အ၀တ်နီကို မြစ်ကမ်းနားမှာ
ထားပြီး ရေချိုးတယ်။ အဲဒီခဏမှာ ကဿပဘုရားရှင်ရဲ့ တပည့်တစ်ဦးက သင်္ကန်းလုယူခံထားရလို့
ချိုးထားတဲ့ သစ်ကိုင်းကို ၀တ်လည်းဝတ်၊ ရုံလည်းရုံကာ အဲဒီအရပ်ကို ရောက်လာတယ်။ ဥမ္မာဒန္တီလောင်းလျာက
အဲဒီမထေရ်ကို မြင်ရပြီး `` ဒီအရှင်မြတ်ဟာ သင်္ကန်း အလုယူခံရတာ ဖြစ်လိမ့်မယ်။ အရင်ဘ၀ကလည်း
မလှူခဲ့လို့ ငါ့မှာ အ၀တ်ကို ရဖို့ ခဲယဉ်းတယ်`` လို့ တွေးကာ အဲဒီအ၀တ်ကို နှစ်ပိုင်းခွဲလိုက်တယ်။
တစ်ပိုင်းကို အရှင်မြတ်အား ငါ လှူမယ်`` လို့ ကြံပြီး ရေထဲမှ တက်လာကာ သူမရဲ့ အ၀တ်ကို
ဝတ်ပြီး ``ရပ်တော်မူပါဦးဘုရား`` လို့ လျှောက်တယ်။ မထေရ်ကို ရှိခိုးပြီး အ၀တ်အနီကို
အလယ်က ခွဲကာ အဲဒီမထေရ်အား တစ်ပိုင်းကို လှူလိုက်ပါတယ်။
အဲဒီမထေရ်က သင့်တင့်ရာအရပ်မှာ ဖုံကွယ်ရာနေရမှာ
ရပ်ကာ ချိုးထားတဲ့ သစ်ကိုင်းကို စွန့်ပစ်ပြီး အဲဒီအ၀တ်ရဲ့ ထောင့်တစ်ထောင့်ကို ခါးမှာ
ဝတ်ကာ တစ်ထောင့်ကို အပေါ်မှာ ရုံပြီး ထွက်ခွာသွားတယ်။ အဲဒီအခါ အဲဒီအ၀တ်ရဲ့ အရောင်ကြောင့်
အဲဒီမထေရ်ရဲ့ တစ်ကိုယ်လုံးဟာ တက်သစ်စနေပမာ တစ်ခဲနက် တောက်ပနေတယ်။ သူမက အဲဒီအခြေအနေကို
မြင်ရပြီး ``ငါ့ရဲ့ အရှင်မြတ်ဟာ ပထမက မတင့်တယ်ပါ။ အခု တက်သစ်စနေပမာ တင့်တယ်နေတယ်။ ဒီကျန်တဲ့
အ၀တ်ပိုင်းကိုလည်း အဲဒီမထေရ်အားသာ လှူမယ်`` လို့ တွေးကာ ဒုတိယအ၀တ်ပိုင်း ကိုလည်း လှူလိုက်ပါတယ်။
ဒီလိုလည်း ဆုတောင်းလိုက်ပါတယ်။
``အရှင်ဘုရား၊ တပည့်တော်ဟာ ဘ၀သံသရာမှာ
ကျင်လည်တဲ့အခါ မြင့်မြတ်တဲ့ ရုပ်အဆင်းကို ဆောင်နိုင်သူ ဖြစ်ရပါလို၏။ တပည့်တော်ကို မြင်ပြီး
ဘယ်ယောက်ျားမှ ပင်ကိုယ်အနေထားနဲ့ တည်ရှိဖို့ မစွမ်းနိုင်ပါစေနဲ့။ တပည့်တော်ထက် အခြားအမျိုးသမီးက
ပိုပြီး ရုပ်လှသူ မဖြစ်ပါစေနဲ့။
မထေရ်ကလည်း အနုမောဒနာပြုပြီး ဖဲသွားပါတယ်။
သူမဟာ နတ်ပြည်မှာ ကျင်လည်ရင်း အဲဒီအချိန်မှာ အရိဌပုရမြို့မှာ ဖြစ်ကာ အဲဒီလို အလွန်လှပသူ
ဖြစ်လာပါတယ်။ သိဝိမင်းဟာ မြို့ကို လှည့်လည်တဲ့အခါ တစ်နေ့မှာ ဥမ္မာဒန္တီကို မြင်သွားပါတယ်။
နေ့ရော ညပါ အိပ်လို့မပျော်နိုင်အောင် ခံစားသွားရရှာပါတယ်။ တစ်ည သို့မဟုတ် နှစ်ည အဘိပါရကစစ်သူကြီး
ဖြစ်ချင်ပါဘိတယ်။ ဥမ္မာဒန္တီနဲ့ ပျော်ပါးပြီး သိဝိမင်း ပြန်ဖြစ်ချင်ပါတယ်``လို့ တောင်
သိကြားမင်းက သူ့ကို ဆုပေးခဲ့ရင် ဆုတောင်းချင်ပါသတဲ့။ အဲဒီလောက်ထိအောင်ပဲ စွဲလမ်းသွားရှာပါတယ်။
သိဝိမင်းက ဘုရားလောင်း ဖြစ်ပါတယ်။ အဘိပါရကက
အရှင်သာရိပုတ္တရာအလောင်းဖြစ်ပါတယ်။ ဥမ္မာဒန္တီက ဥပ္ပလ၀ဏ်အလောင်းလျာဖြစ်ပါတယ်။ (ဇာတ်၊ ဌ၊
ပဉ္စမ၊၂၂၂)မြန်မာနိုင်ငံမှာပဲ သင်္ကန်းလှူတဲ့ အမျိုးသမီးတွေက များလှပါပေတယ်။ ဥမ္မာဒန္တီလောင်းလျာ
လှူခဲ့တဲ့ အ၀တ်ထက် အခုမြန်မာနိုင်ငံက သင်္ကန်းအလှူရှင်တွေ လှူနေတဲ့ သင်္ကန်းက အရောင်အဆင်းရော၊
အမျိုးအစားပါ ပိုမိုကောင်းမွန်ဖွယ် ရှိပါတယ်။ သင်္ကန်းလှူတဲ့ အမျိုးသမီးတိုင်းသာ ဥမ္မာဒန္တီလို
ဆုတောင်းခဲ့ကြရင် အမျိုးသားတွေဟာ အရှုးချည်း ဖြစ်ကုန်ရပါလိမ့်မယ်။ အမျိုးသမီးလောကမှာ
ဥမ္မာဒန္တီတွေသာ များခဲ့ရင် အမျိုးသားတွေမှာ ဒုက္ခများရချည်ရဲ့။ ဥမ္မာဒန္တီလောက် အမျိုးသားတွေရဲ့
စိတ်ကို မွှေနှောက်ချောက်ချားစေနိုင်စွမ်း မရှိတောင် ဥမ္မာဒန္တီနီးပါး ချောက်ချားစေတဲ့
အမျိုးသမီးတွေဟာ ဥမ္မာဒန္တီလို အ၀တ်လှူပြီးများ ဆုတောင်းခဲ့ကြလေသလား။ ဥမ္မာဒန္တီလို အမျိုးသားတစ်ယောက်လည်း
ရှိခဲ့ပါတယ်။ အနာထပိဏ်ရဲ့ တူဖြစ်သူ ခေမက ဖြစ်ပါတယ်။
သူက ကဿပဘုရားလက်ထက်က ရွှေစေတီမှာ ရွှေပြား
(၂) ချပ်လှူကာ ``ဆွေမျိုးအမျိုးသမီးများ ချန်ပြီး ကျန်အမျိုးသမီးတွေဟာ ငါ့ကို မြင်ရင်
ချစ်ကြပါစေ`` လို့ ဆုတောင်းခဲ့ပါတယ်။ ခေမက ကို မြင်ရင် အမျိုးသမီးတွေခမျာ ချစ်စိတ်ဝင်ကာ
ပင်ကိုယ်အနေထားနဲ့ ရပ်တည်နိုင်စွမ်း မရှိကြတော့ပါတဲ့။ စာရှုသူဟာ အဲဒီဥမ္မာဒန္တီနဲ့ ခေမကတို့ကိုများ
အားကျ နေမိလေရောသလား။ ဥမ္မာဒန္တီနဲ့ ခေမကလို ဆုတောင်းပုံချင်းတူတဲ့ အမျိုးသား အမျိုးသမီးတို့
ဆုတောင်းပြည့်ရာ ဘ၀မှာ ဆုံစည်းကြရင် ဘယ်လိုနေကြလေမလဲ။
လင်္ကာ
၁။ ဥမ္မာဒန္တီ, လှလွန်းသည်, လှူသည် အ၀တ်နီ။
၂။ အ၀တ်နီ အလှူက, သူ့ရူပ, လွန်မှ လှစေသည်။
၃။ လှထိပ် ခေါင်တင်, ဖြစ်ဖို့ပင်, ရှေးတွင်
ဆုပန်သည်။
၎။ ထိုဆုအရ, သူ့ရုပ်က, ခေါင်က ရောက်နေသည်။
"ဥပ္ပလ၀ဏ်ထေရီမ"
မြတ်စွာဘုရားချီးမြှင့်တော်မူသည့် ဧတဒဂ်ဘွဲ့ထူး
ရရှိတော်မူကြသော ထေရီမများတွင် ဥပ္ပလ၀ဏ်ထေရီမသည် တန်ခိုးကြီးသောအရာ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ
ရဟန္တာထေရီမကြီးတစ်ဦး ဖြစ်ပေသည်။
ဤကဲ့သို့ ဧတဒဂ်ဘွဲ့ထူးရရှိခြင်းသည်
သာမန်ပါရမီသာမန်စိတ်ဓာတ် ဇွဲ လုံ့လ ၀ီရိယဖြင့် ရရှိနိုင်သည်မဟုတ်၊ ခုထလုပ်၍ ရနိုင်သောအရာမျိုးလည်း
မဟုတ်ချေ၊ ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီများကို ဖြည့်ဆည်းခဲ့ရခြင်းကြောင့်သာ ရရှိခြင်းဖြစ်ပေသည်။
ထိုသို့ ကမ္မနိယာမနှင့် ဆည်းပူး၍ယူရသော
ပါရမီ၏သဘောကို နားမလည်ကြသဖြင့် သူများရလျှင် ရလိုကြသည်၊ သူများထူးလျှင် ကိုယ်လည်းထူးချင်ကြသည်၊
တန်ခိုးရှင် ရှင်ဒေ၀ဒတ်သည်ပင်လျှင် လက်ဝဲ လက်ယာ ရာထူးရလိုမူ၊ မနာလိုမူများဖြစ်ကာ နောက်ဆုံး
မတန်မရာ ဘုရားရာထူးအထိ အလိုရမ္မက်ကြီး၍ ပျက်စီးခဲ့ရဖူးသည်။
ဥပ္ပလ၀ဏ်ထေရီမသည်ကား အစမထင် ဘ၀သံသရာများစွာက
ကုသိုလ်မျိုးစေ့များ ကြဲချစိုက်ပျိုးခဲ့သဖြင့် လွန်ခဲ့ပြီးသော ကမ္ဘာတစ်သိန်းအထက် ပဒုမုတ္တရ
မြတ်စွာဘုရားရှင် ပွင့်တော်မူခိုက် ဟံသာဝတီပြည်၌ အမျိုးကောင်းသမီး တစ်ဦးဖြစ်ခဲ့လေသည်။
အမျိုးကောင်းသမီးသည် လူအများနှင့်အတူ
ပဒုမုတ္တရဘုရားရှင်ထံသို့ တရားနာသွားရောက်ခဲ့ရာမှ ဘိက္ခုနီမတစ်ပါးကို တန်ခိုးကြီးသောအရာ၌
ဧတဒဂ်ဘွဲ့ထူး ချီးကျူးတော်မူသည်ကို တွေ့မြင်အားကျ၍ မြတ်စွာဘုရားနှင့်တကွ သံဃာတော်များအား
ပင့်ဖိတ်ကာ ခုနှစ်ရက်ပတ်လုံး ဆွမ်းသင်္ကန်းများကို လှူဒါန်းပူဇော်ခဲ့သည်။ နေ့စဉ်ပေးလှူပြီးတိုင်းလည်း
ဘုရားရှင်၏ ခြေတော်ရင်း၌ အဆင်းအနံ့နှင့် ပြည့်စုံသော ကြာညိုပန်းခုနှစ်စည်းတို့ကို ချထားပူဇော်ကာ
တန်ခိုးကြီးသောအရာ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ရရှိရန် ဆုပန်ဆင်ခဲ့လေသည်။
ထေရီမလောင်းလျာသည် ဤဘဒ္ဒကမ္ဘာ ကဿပဘုရားရှင်
လက်ထက်တော်၌ ဗာရာဏသီပြည် ကိကီမင်းကြီး၏ သမီးတော် ခုနှစ်ယောက်တွင် နှစ်ယောက်မြောက် သမဏဂုတ္တာအမည်ရှိ
မင်းသမီး ဖြစ်ခဲ့သည်၊ မင်းသမီးဘ၀တွင် ခေမာထေရီလောင်းလျာနည်းတူ အမတော် ညီမတော်များနှင့်
တကွ နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် အပျိုစင်ဘ၀ဖြင့် ဗြဟ္မစရိယကို ကျင့်သုံးလျက် သံဃာတော်များ
သီတင်းသုံးတော်မူရန် ပရိဝုဏ်ကျောင်းတိုက်ကြီးကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဘ၀တစ်ခုတွင်လည်း
ကဿပ ဘုရားရှင်၏တပည့် ရဟန္တာမထေရ်မြတ်တစ်ပါးအား ရွှေရောင်အဆင်း ၀ါဝင်းချောမွေ့သော အ၀တ်ကို
လှူဒါန်းခဲ့ပြန်လေသည်။
ထိုကုသိုလ်မျိုးဆက်များကြောင့် သိဝိတိုင်း
အရိဋ္ဌပုရပြည်၌ သီရိဋိဝစ္ဆမည်သော ပုဏ္ဏားသူဌေးကြီး၏ သမီးဖြစ်လာ၍ သူမ၏အလှသည် မြင်သူများ
ရူးသွပ်မေ့မြောသွားနိုင်လောက်အောင် ချောမောလှပသဖြင့်
"ဥမ္မာဒန္တီ "ဟုပင် ကျော်ကြားခဲ့သူဖြစ်သည်။
ထိုမှတဖန် ဘ၀တခုတွင် လယ်သမားတစ်ဦး၏
သမီးဖြစ်၍ လယ်တောသို့ သွားရာ ရေအိုင်တစ်ခုမှ ချိုးယူခဲ့သော ကြာပန်းနှင့် ပေါက်ပေါက်ပွင့်
ငါးရာတို့ကို မစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါးအား လှူဒါန်းခဲ့သည်။ ပေါက်ပေါက်ပွင့် ငါးရာနှင့်အမျှ
ရင်သွေးရတနာများ မွေးဖွားရန်နှင့် ဖြစ်လေရာဘ၀တိုင်း မှာလည်း ခြေလှမ်းတိုင်း၌ ပဒုမ္မာကြာပန်းများ
မြေမှပေါ်ထွက်ခံလင့်ရန် ဆုပန်ခဲ့လေသည်။ သို့ရာတွင် ပန်းလှူစဉ်က အပရစေတနာချို့ငဲ့သဖြင့်
ပဒုမ၀တီမိဖုရားခေါင်ကြီးဖြစ်သောအခါ နန်းအရာကကျ၍ ပန်းများလည်း မခံလာတော့ချေ။
ကြာပန်းထဲ၌ သံသေဒဇပဋိသန္ဓေတည်နေခဲ့သူ
ပဒုမတီမိဖုရားခေါင်းကြီးဘ၀တွင် တောင်းခဲ့သောဆုအတိုင်း သံသေဒဇ သားငါးရာ ဖွားမြင်ရာ သားတော်ငါးရာလုံး
ပစ္စေကဗုဒ္ဓါငါးရာ ဖြစ်သွားခဲ့ကြသည်။ ပဒုမ၀တီလည်း သားများစွာ၏ မိခင်ဘ၀မှ သားမဲ့မိခင်ဖြစ်ရလေသည်ဟု
ဝမ်းနည်းပူဆွေးကာ စိတ်ထိခိုက်၍ ကွယ်လွန်ခဲ့လေသည်။
ထို့နောက် ရာဇဂြိုဟ်မမြို့တံခါးအနီး
ရွာငယ်လေးတစ်ခုဝယ လက်လုပ်လက်စား အမျိုးအိမ်၌ အမျိုးသမီးကလေး ဖြစ်ခဲ့လေ၏။ တစ်နေ့သ၌ လင်ယောက်ျားအတွက်
လယ်တောသို့ ထမင်းပို့သွားခိုက် ရှေးဘ၀က သားတော်ခဲ့ဘူးသော ပစ္စေကဗုဒ္ဓါအရှင်မြတ်များကို
တွေ့မြင်၍ ကြည်ညိုစိတ်ဖြစ်ကာ မိမိအတွက် ဝေစုကို လှူဒါန်းခဲ့လေသည်။ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်များအား
နောက်တစ်နေ့တွင်လည်း ပင့်ဖိတ်၍ အလှူဒါနပြုခဲ့ပေသည်၊ ထို့နောက် ကြာညိုရှစ်လက်တို့ကိုလည်း
အရှင်မြတ်တို့၏ ခြေရင်း၌ ချထားပူဇော်ပြီး “ဖြစ်လေရာဘ၀တိုင်းမှာ ကိုယ်၏အဆင်းသည် ဤကြာညိုပန်းအဆင်းကဲ့သို့
ဖြစ်ပါစေသား”ဟု ဆုတောင်းခဲ့လေသည်။
ဤအရှင်မ၏ ထူးခြားချက်မျာ အလှူဒါနပြုရာတွင်
ပဒုမ္မာကြာပန်းကိုပါ လှူဒါန်းခဲ့ရာ ဘ၀များစွာတို့၌ ခြေဖ၀ါးအောက်မှ ကြာပန်းများပေါ်ထွက်လာခြင်း၊
ကိုယ်ရောင်အဆင်းသည် ကြာတိုက်အတွင်းသား အဆင်းကဲ့သို့ရှိခြင်း၊ ပဒုမ္မာကြာပွင့်ကြီးထဲ၌
ပဋိသန္ဓေတည်နေရခြင်း စသည်ဖြင့် မိမိပြုသောကံ၊ ဆုတောင်းများအရ ထူးခြားသော ဖြစ်ရပ်များဖြင့်
ကျင်လည်ခဲ့ရသော ကြည်ညိုဖွယ်ရာ ရဟန္တာထေရီမကြီးတစ်ပါး ဖြစ်ပေသည်။
နောက်ဆုံးဘ၀တွင် ထေရီမလောင်းလျာသည်
သာဝတ္ထိမြို့ သူဌေးကြီးတစ်ဦး၏ သမီးဖြစ်လာသည်။ ရှေးယခင်ဘ၀များက ဆုတောင်းခဲ့သည့်အတိုင်း
သူမ၏ အရောင်အဆင်းသည် ကြာညိုပန်းကဲ့သို့ ရူချင်ဖွယ်တင့်တယ်လှပ၏။ ထို့ကြောင့် "ဥပ္ပလ၀ဏ"္ဏဟု
အမည်ပေးကြလေသည်။
ဥပ္ပလ၀ဏ္ဏာအမျိုးသမီးကလေး အရွယ်ရောက်လတ်သော်
အရောင်အဆင်း လှပသည်နှင့်အမျှ သူ့သတင်းကိုကြားသိကြသော သူဌေး သူကြွယ်၊ မင်းညီ မင်းသား၊
ဘုန်းတံခိုးကြီးမားကြသော ဘုရင်းမင်းများက ဥပ္ပလ၀ဏ္ဏာ အမျိုးသမီးလေးနှင့် လက်ဆက်လိုကြောင်း
တောင်းဆိုကြလေ၏။ မိဘများမှာ သမီးအိမ်ထောင်ရေးအတွက် ဝေခွဲမရ စိတ်ဆင်းရဲနေကြရသည်။ တစ်နေ့တွင်
အကြံအစည်တစ်ခုကို စဉ်းစားမိခဲ့ကြသဖြင့် သမီး ဥပ္ပလ၀ဏ္ဏာကို ခေါ်၍ -
“ချစ်သမီး ဥပ္ပလ၀ဏ္ဏာ - သမီးကို
စုံမက်လိုလားသူတွေ များပြားလှသဖြင့် ငါတို့မှာ အခက်ကြုံတွေ့နေရပြီ၊ အားလုံးထဲမှ တစ်ယောက်ကို
ပေးလိုက်ပါလျှင်လည်း ကျန်သူများက မုန်းကြတော့မည်၊ ဤဒုက္ခဘေးမှ ကင်းဝေးစေရန် ဘုရားရှင်၏
သာသနာတော်မှာ ချစ်သမီး ရဟန်းပြုနိုင်ပါ မည်လား”ဟု -
မြေးမြန်းကြလေသည်။ သူမသည် ဤဘ၀တွင် နိဗ္ဗာန်ဆုကြီးကို
ဆွတ်ခူးရမည့် ပါရမီရှင် ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဤသို့သော ဘုရားရှင် သာသနာတော်ကြီးနှင့်
ဆုံစည်းရန် ကမ္ဘာပေါင်းများစွာ၌ ဘုရားရှင်အဆူဆူတို့ထံ ပါရမီကုသိုလ်ထူးများကို ဆည်းပူးကြိုးစားခဲ့ရသူ
ဖြစ်ခြင်းကြောင့်လည်းကောင်း မိဘတို့၏ အစီအမံကို ကြည်ဖြူဝမ်းမြောက်စွာ လက်ခံခဲ့လေသည်။
ဥပ္ပလ၀ဏ်သမီးငယ်ကို ကောင်းစွာပြင်ဆင်၍
မိဘများကိုယ်တိုင်ပင် ခမ်းနားကြီးကျယ်စွာ ဘိက္ခုနီကျောင်းသို့ ပို့ဆောင်ရဟန်းပြုပေးလိုက်ရာ
သူမ၏ဆန္ဒများ ပြည့်ဝသွားပေသည်။
ရဟန်းဖြစ်၍ မကြာမြင့်မီပင် ဥပုသ်ပြုရန်အတွက်
ရှေးဦးဆောင်ရွက်ဖွယ်များဖြစ်သော ဥပုသ်အိမ် သိမ်အပြင်၌ တံမြက်လှည်းခြင်း၊ သောက်ရေအိုးတည်ထားခြင်း၊
နေရာခင်းခြင်း၊ ဆီမီးညှိထွန်းခြင်းများကို ဥပုသ်ပြုကြမည့် ထေရီမ ကြီးငယ်များကြွမလာကြမီ
ဥပ္ပလ၀ဏ်ထေရီမကလေး ကြိုတင်ပြုလုပ်ရန် အလှည့်ကျ၏၊ ထိုသို့ ဝေယျာဝစ္စများလုပ်နေစဉ်တွင်လည်း
အရှင်မ ဥပ္ပလ၀ဏ်သည် မြတ်စွာဘုရားထံမှ နာကြားခဲ့ရသော ကမ္မဋ္ဌာန်းနည်းများ၊ ဥပဇ္ဈာယ်ဆရာထံမှ
သင်ယူထားသော ၀ိပဿနာရူနည်းများကို ရူမှတ်ပွားများနေမိ၏၊ မိမိရှေ့ရှိ ထွန်းညှိထားသော
ဆီမီးတောက်အညွန့်ကို ရပ်လျက် စူးစူးစိုက်စိုက် ရူလိုက်သောအခါ တေဇောကသိုဏ်းဘာဝနာဖြစ်၍
ဈာန်သမာပတ်များကိုပင် ရရှိလာလေ၏။
ထိုရရှိလာသော ဈာန်သမာပတ်ကို အခြေခံပြု၍
ဝိပဿနာကမ္မဋ္ဌာန်း ဆက်လက်အားထုတ်စီးဖြန်းလေရာ ထိုခဏအတွင်းမှာပင် မဂ်ဉာဏ် အဆင့်ဆင့် ရင့်ကျက်ကာ
အရဟတ္တဖိုလ်ကို ရရှိခဲ့လေသည်။ အရဟတ္တဖိုလ်ကိုရသည်နှင့် တပြိုင်နက်ပင် ရှေးဆုတောင်းအတိုင်း
တန်ခိုးဖန်ဆင်းခြင်း၌ ၀သီဘော်ငါးတန် လေ့လာနိုင်နင်းပြီး ဖြစ်သွားလေသည်။
ထို့ကြောင့် ရဟန်းပြုပြီး တစ်ဆယ့်ငါးရက်မပြည့်မီမှာပင်
အရဟတ္တဖိုလ်ကို ရရှိခဲ့သော ဥပ္ပလ၀ဏ်ထေရီမအား ကြည်ညိုကိုးကွယ်ကြသူများ တနေ့တခြားများပြားလာတော့သည်။
တနေ့တွင် "နန္ဒလုလင်" က ထေရီမာအား
အဓမ္မကြံစည်မူ ကိစ္စတခုဖြစ်ပွားခဲ့ရာ ထို့အတွက် အရှင်မအေပေါ် လူအချို့ သံသယဖြစ်ခဲ့ကြလေသည်။
ထိုအခါ ဘုရားရှင်က -
“ကြာဖက်ပေါ်တွင် ရေမတင် လျှောကျသကဲ့သို့လည်းကောင်း၊
ပွက်ဆောက်ဖျားပေါ်၌ မုန်ညင်းစေ့ မတည်နိုင်သကဲ့သို့လည်းကောင်း၊ ကာမဂုဏ်တို့၌ လိမ်းကျံကပ်ငြိခြင်းမရှိသော
ပုဂ္ဂိုလ်ကို သူတော်သူမြတ်ဟူ၍ ငါဘုရားဟောကြားတော်မူ၏”ဟု - မိန့်တော်မူခဲ့ရပေသည်။
ထို့နောက် ဥပ္ပလ၀ဏ်ထေရီမကိုလည်း -
“ဥပ္ပလ၀ဏ်---သင်သည် တန်ခိုးပြခြင်းဖြင့်
ပရိသတ်လေးပါးတို့၏ ယုံမှားသံသယကို ယနေ့ပင် ဖျောက်လေလော့”ဟု - မိန့်တော်မူလေရာ ဥပ္ပလ၀ဏ်အရှင်မသည် အောက်ပါတန်ခိုးအမျိုးမျိုးကို
ပြလေ၏ -ကလေးငယ်များ ကစားသောအခါ ဆီကို လက်၌ထည့်၍ ကစားသကဲ့သို့ သမုဒ္ဒရာလေးစင်းတို့ကို
လက်တွင်း၌ ထည့်ထား၏။
တဖန် နုပျိုသောလူရွယ်သည် ဆန်းကြယ်သော
ဖြူဆံမြက်ကို နုတ်သလို မြေကြီးကို အထက်သို့ ဆွဲလှန်၍ လက်တွင်း၌ ထည့်ထားလေ၏။
တဖန် အဆင်းမျိုးစုံရှိသော မိုးပေါက်များ
အကြိမ်ကြိမ်ရွာစေ၍ စကြ၀ဠာအပြည့်မျှရှိသော လက်ဝါးကို ဦးထိပ်၌ မိုးအုပ်လျက် မြေကြီးကို
ဆုံ၊ မြင်းမိုရ်တောင်ကို ကျည်ပွေ့ပမာပြုလျက် ကျောက်စရစ်ခဲများကို စပါးသဖွယ်ပြုလျက်
သူငယ်မကဲ့သို့ ထောင်းထုပြလေ၏။
ထို့မှနောက်၌ အရှင်မ၏ ဂုဏ်သတင်းသည်
ရှေးကထက်ပို၍ ကျော်စောထင်ရှားလာခဲ့သည်။
အရှင်မလည်း ယခင်ရရှိပြီးသော ဈာန်အဘိညာဉ်တို့ကို
အဖန်ဖန် ၀င်စား၍ ပွားများ၏။ အထူးသဖြင့် မိမိ အလိုရှိရာ တန်ခိုးပြာဋိဟာအမျိုးမျိုးပြသနိုင်သော
ဣဒ္ဓိဝိဓ အဘိညာဉ်ကို အလေးထား၍ ဆက်လက်ပွားများနေခဲ့၏။ အရှင်မသည် ထိုသို့ ဣဒ္ဓိဝိဓအဘိညာဉ်ကို
ပွားများနေခဲ့ရာမှ တနေ့သ၌ လူသူ အရောက်နည်းပါးသော ဥယျာဉ်သို့ သွား၍ တစ်ပါးတည်း ဖလာသမာပတ်
ဝင်စားနေခိုက် မာရ်နတ်သည် အရှင်မသို့ ချဉ်းကပ်၍ -
“ရဟန်းမ---တစ်ယောက်တည်း နေဘိ၏၊
စော်ကားတတ်သော ယောက်ျားဆိုးများကို မကြောက်လေသလော”ဟု -
ခြောက်လှန့်စကား ပြောကြား နှောက်ယှက်လေ၏။
အရှင်မကလည်း -
ဟယ်မာရ်နတ်---သင့်လို ယုတ်မာ ကြမ်းတမ်းသော
ယောက်ျားဆိုးများ အရာထောင်မက လာသော်မှ ငါ၏မွေးညင်းတစ်ပင်မျှ တုန်လူပ်အောင် ပြုနိုင်မည်မဟုတ်၊
သင်တစ်ယောက်တည်းဖြင့် ငါ့ကို မည်သို့ပြုလုပ်နိုင်မည်နည်း”ဟု ရဲရဲတောက်စကားများဖြင့် ပြန်လည်းကြိမ်းမောင်းလိုက်ရာ
မာရ်နတ်လည်း ကွယ်ပျောက်ထွက်ပြေးခဲ့ရလေ၏။
ဥပ္ပလ၀ဏ်ထေရီမကြီးကား ဤသာသနာတော်၌ ထေရီမများစွာတွင်
"တန်ခိုးအရာ ဧတဒဂ်ဘွဲ့ထူး" ချီးကျူးဂုဏ်ပြုခံရသူ ဖြစ်တော်မူ၏။
ဥပ္ပလ၀ဏ်ထေရီမသည် ရဟန္တာဖြစ်ပြီးနောက်
ဤသို့ ဥဒါန်းကျူးရင့်ခဲ့ပါသည် -
သတ္တိသူလူပမာ ကာမာ၊ ခန္ဓာ’သံ အဓိကုဋ္ဋနာ။
ယံ တွံ ကာမရတိံ ဗြူသိ၊ အရတီ ဒါနိ သာ
မမ။
ကာမဂုဏ်တို့သည် ဓား လှံ သံတံကျင်နှင့်
တူကုန်၏။ ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ထိုကာမဂုဏ်တို့၏ ခုတ်ပိုင်း လှီးဖြတ်ရာ စဉ်တီတုံးနှင့်
တူကုန်၏။ ကာမဂုဏ်တို့၌ မွေ့လျော်နေရန် သင်မာရ်နတ်ပြောဆိုလာ၏။ သင်ပြောဆိုသော ထိုကာမဂုဏ်သည်
ယခုအခါ ငါ့အတွက် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်စရာ မဟုတ်တော့ပြီ။
သဗ္ဗတ္ထ ၀ိဟတာ နန္ဒီ၊ တမောခန္ဓော ပဒါလိတော။
ဧ၀ံ ဇာနာဟိ ပါပိမ၊ နိဟတော တွမသိ အန္တက။
ငါသည် ခပ်သိမ်းသော အာရုံတို့၌ နှစ်သက်မူတဏှာကို
ပယ်ဖျောက်အပ်ပြီ၊ မာရ်ယုတ် - ဤသို့ တဏှာ အ၀ိဇ္ဇာကို ပယ်သောသူဟု ငါ့ကိုသိလော့၊ မာရ်ယုတ်
- သင်ကား ရူံးသူ ဖြစ်ခဲ့ပြီတကား။
Ashin Indacariya