Tuesday, October 30, 2012

ပါရမီ ၁၀ ပါး

(၁) ဒါနပါရမီ -

မိမိပိုင်သက်ရှိသက်မဲ့ ပစ္စည်းများကို သူတစ်ပါးအား လှူဒါန်းပေးကမ်းစွန့်ကြဲမှုကို ဖြည့်ကျင့်ခြင်း။


(၂) သီလပါရမီ -

အကုသိုလ်မဖြစ်အောင် ကိုယ်နှုတ်တို့ကို စောင့်ထိန်းခြင်း၊တနည်းအားဖြင့် ငါးပါးသီလ ၊ ရှစ်ပါး သီလ စသည့် စောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။

(၃) နေက္ခမ္မပါရမီ -

လောကီအာရုံ ကာမဂုဏ်များကို မစုံမက်ဘဲစွန့်ခွါ၍ တစ်ကိုယ်တည်း ရသေ့ရဟန်းပြုလိုခြင်း (တောထွက်ခြင်း)အမှုကို ဖြည့်ကျင့်ခြင်း။

(၄) ပညာပါရမီ -

ဥာဏ်ပညာတိုးပွားရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။

(၅) ၀ီရိယပါရမီ -

ဇွဲလုံ့လစွမ်းပကားကြီးမားစေရန် မတွန့်မဆုတ်အားထုတ်မှုကို ဖြည့်ကျင့်ခြင်း။

(၆) ခန္တီပါရမီ -

သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း။

(၇) သစ္စာပါရမီ -

အမှန်အတိုင်းပြောဆို၍ ပြောသည့်အတိုင်း လိုက်နာပြုကျင့်မှုကို ဖြည့်ကျင့်ခြင်း။

(၈) အဓိဋ္ဌာန်ပါရမီ -

စိတ်ဆုံးဖြတ်ထားသည့်အတိုင်း ခိုင်မြဲစွာ လိုက်နာကျင့်သုံးမှုကို ဖြည့်ကျင့်ခြင်း။

(၉) မေတ္တာပါရမီ -

သူတစ်ပါးကြီးပွားချမ်းသာစေလိုသော စိတ်ထားရှိမှုကို ဖြည့်ကျင့်ခြင်း။

(၁၀) ဥပေက္ခာပါရမီ -

သူတစ်ပါးအား မုန်းလည်းမမုန်း ၊ ချစ်လည်းမချစ် ၊ဘက်မလိုက် မျှမျှ တတ အလယ်တည့် မတ်သော စိတ်ထားရှိမှုကို ဖြည့်ကျင့်ခြင်း။

ပါရီမီ ၁၀-ပါး၊အပြား-၃၀

မိမိခန္ဓာကိုယ် နှင့် ဆက်စပ်မှုမရှိဘဲ သား၊မယား၊ရွှေ၊ငွေ အစရှိသော သက်ရှိ သက်မဲ့ ပစ္စည်းများကို စွန့်လွှတ်၍ဖြည့်ကျင့်ခြင်းသည် "မူလပါရမီ" ဖြစ်သည်။

လယ်တီဆရာတော်ဘုရား၏ နွားမေတ္တာစာ


နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

စက်လေးစုံလွင်သာ၊ မင်္ဂလာသမိုက်၊ အလုံမြို့ အောက်တိုက်ဝယ်၊ သိုက်မြိုက်သည့်ဌာန၊

မုံရွာမြို့ ဒေသဟု၊ ပါကဋ ကြေညာသော၊ ရွာမမော ရပ်ကြီးက၊ နတ်တီးသည့် စည်မုရိုးကဲ့သို့၊

ရှည်အကျိုး ဖြစ်ပွားရန်၊ တရားရင်း သုတ္တန်ကို၊ ထုတ်ပြန်ကာ လင်းလိုက်မည်၊ နားသွင်း၍ ထောင်ကြပါ။


ခေတ်ကာလ ယခု၊ ဖြစ်လာရ အမှုမှာ၊ ဘယ်သူ့ကို ကိုးစား၊ ဘယ်သူ့ကို ငြိုးထားမည်၊

ရိုးမှားလို့ မသင့်၊ စဉ်းစားဖို့ အခွင့်မှာ၊ ချိန်သင့်ခါ မှုန်းမည်ဟု၊ တစ်တိုင်းလုံး ကြမ္မာ၊ ၀ိပါက်ရင်း ပါသောကြောင့်၊

သာကီနွယ် သိန်းခြောက်သောင်း ၊ ဆွေတော်များ အပေါင်းတို့၊ သူမကောင်း မိစ္ဆာဉာဏ်၊

ဝိဋဋူ ဘေးရန်ကြောင့်၊ ကျွမ်းပြန်အောင် ပျက်ပြားရာ၊ မြတ်ဘုရား ဘုန်းလှိုင်လည်း၊

ကိုယ်တော်တိုင် မားမား၊ သုံးကြိမ်တိုင် ကြွသွား၍၊ တားသော်လည်း မရ၊

မ,သော်လည်း မတတ်သာ၊ နတ်သိကြား ဗြဟ္မာတို့၊ နေအားသည့် တွက်တာနှင့်၊ ဆိုစရာမရှိပြီ။


ဝိဋဋူ ဘုရင်၊ သာဝတ္ထိ ပြည့်ရှင်လည်း၊ သာကီဝင် တစ်ပြည်လုံးကို၊ ဖျက်မှုန်းသည့် ကံသစ်ကြောင့်၊

စစ်ရဲမက် ဗိုလ်ပါနှင့်၊ မြစ်ဂင်္ဂါ ရေစခန်းတွင်၊ ပရမ်းပတာ ပျက်ပြား၍၊ ငါးလိပ်တို့ အစာ၊ ဖြစ်ဖူးသည့် ကျမ်းလာ၊

ဒေသန အထွက်နှင့်၊ ချိန်စက်ကာ ယူရလျှင်၊ ပျက်သူမှာ ဖြစ်လမ်း၊ ဖျက်သူမှာ နစ်မွန်းဘို့၊ စခန်းလမ်း ဆိုက်လေသည်။


ထိုက်သက်ရင်းတရား၊ ခုဖြစ်ပုံ အလားကို၊ ဘုရားဟော ကျမ်းထွက်နှင့်၊ အချက်ကျ ညှိလိုက်သော် . . .


(၁) ဘရံ ၀ဟတိယော ယဿ၊ နိဗ္ဗန္ဓော အတ္ထသော သဒါ၊

မာတာပိစ ဘာတာစ၊ ဉာတိမိတ္တာစ တဿသော။

(၂) ယေတာ ဒိသေ နုကမ္ပန္တိ၊ ကတညု ကတ ဝေဒိနော၊

ဝဍ္ဎန္တိ ယသဘောဂေဟိ၊ သုက္က ပက္ခေစ စန္ဓိမာ။

(၃) ယေစ တေနာ နုကမ္ပန္တိ၊ သံမုဠာ မိတ္တ ဒုဗ္ဘိနော၊

ဟာယန္တိ ယသဘောဂေဟိ၊ ကာ ပေက္ခ၀ စန္ဒိမာ။ ။


ဤပါဠိပဒ၊ အဓိပ္ပါယ်ကျသည်မှာ၊ မိဘနှင့်ဆရာ၊ ဉာတကာတစ်စု၊ ကျေးဇူးပြု စီးပွားဖက်၊

ခြောက်ဦးသား အနက်ဝယ်၊ တစ်သက်နှင့် တစ်ကိုယ်၊ မပျက်ဘူး အလိုနှင့်၊ ဗြဟ္မစိုရ် တရား၊

လက်မကွာ ထားနိုင်မှ၊ စီးပွားအဟောင်း မပျက်၊ စီးပွားသစ် တိုးတက်၍၊ ချမ်းသာသက်ရှည်ရာသည်။


ခြောက်ဦးသား ထိုသူကို၊ မကြည်ဖြူ မသနား၊ အလေးမဲ့ ပေါ့စားလျှင်၊ စီးပွားသစ် မတိုး၊

စီးပွားဟောင်း ညှိုးသည့်ပြင်၊ ဘေးမျိုးစုံ သောကနှင့်၊ မောရမည် တကယ်ဟု၊ အဓိပ္ပါယ်အပြ၊

အနက်သွား ကျချေသည်။


ကမ္ဘာစောင့်တရား

မြန်မာနယ် တရိုး၊ ကျွန်ုပ်တို့လူမျိုးမှာ၊ ရှေးအရိုး ဗြဟ္မစိုရ်၊ ကမ္ဘာစောင့် တရားကိုယ်၊ ယွင်းယိုသည့် အမှု၊

သည်အချက် တစ်ခုနှင့်ပင်၊ ယခုလို ဖြစ်ရေး၊ တစ်တိုင်းလုံး ခေတ်ဘေးကို၊ နှစ်မဝေး ဆက်လက်ကာ၊

တွေ့ကြလျှက် နေပါသည်၊ မိတ်သဟာ ဖြန့်ဖြူး၊ ဆိုခဲ့သည့် ခြောက်ဦးတွင်၊ အထူးပင် ကွာခြား၍၊

တရားပျက် နာသည်မှာ၊ ကမ္ဘာနှင့် အမျှ၊ မြန်မာတို့ ဒေသသည်၊ ဇင်္ဂလပြီပြီ၊ နွားကျွဲကို အားမှီလျှက်၊

ဘိုးဘေးဘီ အစဉ်၊ သက်မွေးမှုတွင်သည်ကို ၊ မျက်မြင်ပင် ဖြစ်ပါသည်။

သို့သနစ် အကြောင်းရင်း၊ သိကြလျှက် အခင်းပါကို၊ သနားခြင်း ကွာဝေးသည့်၊ ငရဲခွေး အစာ၊

လူဒုဿီ ပြိတ္တာတို့၊ မာန်မိစ္ဆာ ယှဉ်ပူး၍၊ ကျေးဇူးပြု စီးပွားဖက်၊ မြန်မာနွယ် အဆက်၊ ကမ္ဘာက ဖက်ခဲ့၍၊

အသက်၏ သဏ္ဍာန်၊ မိတ်ရင်းစစ် မှန်လှသော၊ တိရိစ္ဆာန် ကျွဲနွားကို၊ သားမယား မွေးမှုနှင့်၊ ကရုဏာ မကပ်ဘဲ၊

သတ်ဖြတ်၍ ရောင်းသူမှာ၊ လမ်းနှစ်ကြောင်း မရှိ၊ အ၀ီစိ အောက်ရွာမှာ၊ ကမ္ဘာကို ရက်တွက်၍၊

ထောင့်တစ်သက် သွားတော့မည်၊ တရားကိုယ် ထင်လင်းမို့၊ စဉ်းစားခွင့် မလိုပြီ၊

ဝယ်ကြသူ တစ်ခိုကိုသာ၊ တရားကိုယ် ထင်လင်းအောင်၊ သတင်းစာ ကမ်းလိုက်ပါသည်။

ကျမ်းဝိဘင်း ဌကထာ၊ တိုက်ရိုက်ကြီး အလာမှာ၊ ပါဏာတိပါတ၊ ပြုလုပ်သည့် ဌာန၀ယ်၊

ကာယရှင် တစ်ခန်း၊ ချီးမွမ်းသူ တစ်ယောက်၊ ၀မ်းမြောက်သူ တစ်ဖက်၊ သုံးဦးသား အနက်၊

အကျိုးဆက် မတူကြ၊ ကာယရှင် ဗာလမှာ၊ နိရယ တာလမ်း၊ ချီးမွမ်းသူ ပြိတ္တာရောက်၊

ဝမ်းမြောက်သူ အနေမှာ၊ တိရိစ္ဆာန်ဖြစ်စေဟု၊ ဝေပုံကျ အပြီး၊ ဆုံးဖြတ်ချက် သင်းသီးတွင်၊

ပစ္စည်းရှင် ၀ယ်လူစုမှာ၊ ချီးမွမ်းမှု တစ်စိတ်ပါ၊ ၀မ်းသာမှု တစ်သွယ်ထွက်၊ နှစ်ပါးစုံ ရောယှက်သော်၊

လက်သည်ထက် အပြစ်ကြီးမည်ဟု၊ ယူမှီးရန် ကျသော်လည်း၊ ကာယကံ အရှင်နှင့်၊ တူလျှင်ပင် မနည်းပြီ၊

နောက်ဆွဲက လိုက်ရကြောင်းမှာ၊ တစ်ခုကောင်းအတွက်၊ ၀မ်းသာသည့် အချက်နှင့်ပင်၊

ဆက်ဆက်ကြီး ပါရမည်ဟု၊ ဌကထာ ရှိသည်ပင်။

ယုတ္တိနှင့် စဉ်းစားလျှင်၊ ရောင်းသမား ၀ယ်သမား၊ နှစ်ဦးသား သဘောတူ၊ ၀ယ်သူက မူလ၊ ရောင်းသူမှာ ဘူတ၊

ဝယ်သူပေါမှ ရောင်းသူရွှင်၊ ရောင်းသူရွှင်မှ တွင်တွင်သတ်၊ နဘေထပ် လွန်းပေါင်းတင်၊

သည်အတိုင်း မြင်ကြလျှက်၊ ဇွတ်ငင်သည့် တဏှာကြောင့်၊ ဟင်းလျာသည် ဆိုလျှင်ပင်၊

ခိုပြိုသည့်အတိုင်း၊ ပိုင်းကြသည် ကြွက်ကြွက်ဆူ၊ သူမရ ငါမငှ၊ ငွေစကို တပြင်ပြင်၊ ချိန်ခွင်ကို တစ်ခါခါ၊

နက်ဖြန်လည်း လာပါနော်၊ သန်ဘက်လည်း မျှော်ပါမည်၊ ခေါ်လိုက်သူ တစ်ချို့၊ လက်တို့၍ မှာသူမှာ၊

ဟင်းလျာသည် လာခဲဟု၊ စိတ်ထဲက တသူတ၊ သို့ဖြစ်၍ နေကြလျှက်၊ ပါးစပ်က ပရိယာယ်၊

ရောင်းလာလို့ ၀ယ်ပါသည်၊ ဘယ်အပြစ် မရှိပေါင်ဟု၊ ယောင်လို့များ မဟနှင့်၊ ၀မ်းထဲက သဘောကို၊

မပြောဘဲ ကုန်စင်အောင်၊ မြင်ရင်းစွဲ ဖြစ်ကြသည်။


ပစ္စည်းရှင် ၀ယ်သူတို့၊ ကူပံ့သည့် အလား၊ ပေးလိုက်သည့် ဒင်္ဂါးလည်း၊ နွားရှာ၍ သွင်းသူနှင့်၊

စီးပွားတူ လုပ်ဖက်၊ ငွေမြင်သည့် အတွက်ကြောင့်၊ သွက်သွက်လည် အတွင်ခိုး၊ လှည်းတောင်သူ တစ်ရိုးမှာ၊

နွားမျိုးများ ပြုတ်မတတ်၊ သားမယား အငတ်တွင်၊ မတ်တတ်မှိုင် ကြံမရ၍၊ ဓါးပြသို့ ၀င်သူဝင်၊

သို့ဖြစ်အင် မူလမှာ၊ ၀ယ်သူက အခြေရင်း၊ ဟုတ်မဟုတ် မငြင်းနှင့်၊ ထင်အလင်း ဒိဋ္ဌ၊ မျက်မြင်ပင် ဖြစ်ကြသည်။


သည်ရသ တဏှာမွဲ၊ သူအတင့် ရဲတိုင်းကို၊ အကဲက မသန်၊ ဇွတ်လွှဲ၍ ခံကြလျှင်၊ ပါယ်လေးတန် ဒုက္ခမှာ၊

မြုပ်ကြမည် စင်းစင်း၊ သည်တဏှာ ကင်းလျှင်ပင်၊ တစ်တောလင်း အမိုက်၊ သည်လောဘ စရိုက်ကို၊

အမြိုက်သီး အလား၊ အလိုက်ကြီး မှားကြလျှင်၊ ပါယ်လေးပါး ယမဘုံတွင်၊ အိမ်ထောင်စုံ ဆေးတော်ထိုး၊

ရိုးအမျိုး စာရင်းမှန်၊ ရွှေတိုက်တော် လက်ခံနှင့်၊ မပြန်တမ်း အဟုတ်၊ ကမ္ဘာနှင့် စာချုပ်၍၊

စုံးစုံးကြီး မြုပ်ကြမည်၊မဟတ်ဘူး မထင်နှင့်၊ မယုံလျှင် ကိုယ်တွေ့မှ၊ ဆိုသရွေ့ မကဟု၊ လှလှကြီး သိလိမ့်မည်။

ဇာတ်နိပါတ် သက်သေကို၊ ရှာဖွေကာ ထုတ်ဆိုလျှင်၊ ပိုအမို များမည်ကြောင့်၊ တရားသား သက်သက်၊

စကားသွား ညက်ညက်နှင့်၊ နားမျက်စိ မခိုသာအောင်၊ လိုရာတွင် ဖြောင့်လိုက်သည်။

ထုံးဟောင်း သာဓက


ရောင့်တက်သည့် လောဘ၊ မနောကံ ဇောကြွ၍၊ ဂေါမံသ ဟင်းလျာကို၊ မြိန်ယှက်စွာ စားရမှ၊

ဆီအသား ဖွံ့ဖြိုး၊ ဉာဏ်ပညာ တိုးသည်ဟု၊ နှလုံးဆိုး စကားတတ်၊ ကပ်လျှင်သာ ကပ်ရမည်၊

သုတ်နိပါတ် ကျမ်းဂန်တွင်၊ နာဖျားရန် အကြောင်းဟု၊ ထုံးဟောင်းကို တွေ့ရသည်။

အလေ့ဆိုး ၀သီဉာဉ်၊ သည်တဏှာ သူငင်၍၊ လူအရှင် ငုတ်တုတ်နှင့်၊ ပြိတ္တာရုပ် ဇာတ်ပေါ်၍၊

တအော်အော် နေရကြောင်း၊ ၎င်းအပြင် အပါယ်ကျ၊ ဇာတ်ဝတ္ထု သာဓကမှာ၊ ကျောင်းတကာ့

ကျောင်းတိုင်းတွင်၊ ကိုးကြောင်းရေး ဆယ်ကြောင်းရေး၊ စာတိုက်ချင်း ယှက်ထွေး၍၊

မကွေးသာ မဆန့်သာ၊ ပေါများလှ ပါတော့သည်။

သည်တဏှာ စရိုက်ကို၊ အလိုလိုက် မှားကြလျှင်၊ နွားသတ်တို့ သွားရာ၊ နောက်တော်က လိုက်ပါပြီးလျှင်၊

နွားရုပ်သွင် အထူးနှင့်၊ တဘူးဘူး တဘဲဘဲ၊ မစဲအောင် တွန်မြည်၍၊ နှစ်အရှည် မောကြမည်။

သို့သဘော တန္တိ၊ အမှန်ကို သိကြ၍၊ ပကတိ အရိုး၊ ဟင်းသီးမျိုး ဟင်းရွက်မျိုး၊ ကောင်းနိုးရာ ရှာကြ၍၊

ဆီအတန် ဆားအထိုက်၊ မွမ်းမံဖွယ် အလိုက်နှင့်၊ သိုက်မြိုက်အောင် စီရင်၍၊ သူတော်စင် အနှုန်း၊

စိတ်သတ်၍ သုံးပါလျှင်၊ အဆုံးတိုင် မြိန်ယှက်၊ ဘေးရောဂါ မဖက်၊ ဆီအသား ပွားတက်၍၊ အသက်လည်း ရှည်ပါသည်။

သန္တုဋ္ဌီ အချက်မှာ၊ စက္က၀ါ ငှက်မင်း၊ အလောင်းတော် ကျေးသင်းတို့၊ ခင်းခဲ့သည့် စံထုံးနှင့်၊

လုံးလုံးကြီး မထပ်ငြား သော်လည်း၊ တတ်အားသမျှ ခြိုးခြံလျှင်ပင်၊ အကျိုးတန် ပေးပါသည်၊

ကျေးသူတော် ထုံးဟောင်းကို၊ ကောင်းကောင်းကြီး အားပြု၍၊ သည်ဝတ္ထု အသားထူးကို၊

မစားဘူး ဧကန်ဟု၊ ဓိဋ္ဌာန်၍ ပြီပြီ၊ သည်အတိုင်း ညီပါလျှင၊ ပါရမီဆယ်ဖြာလည်း၊ အလွယ်သာရမှု၊

အကုန်လုံး စုပါသည်။

အကြောင်းရင်း စဉ်းစားဘွယ်


ယခုအခါ ခေတ်အတွင်းမှာ၊ နွားသားဟင်း ကျွဲသားဟင်း၊ အသန့်ပင် လွတ်ကင်းအောင်၊

ရှင်းရှင်းကြီး စင်ပြောင်၊ ကျွန်ုပ်တို့ ရှောင်ပါသည်၊ နောင်လာရန် အဖို့၊ ကြားသမျှ ကရို့ရယ်၊

ကျွန်ုပ်တို့ထပ်တူ၊ သဘောထား ဖြူကြပါ။

လူတို့လို တီတီတာတာ၊ မပြောတတ် ရှာကြလို့၊ ငုတ်တုတ်သာ မပြန်လှန်၊ ပြုသမျှ ခံရသည်၊

ဌာန်ကရိုဏ်း ပြတ်သား၊ နှုတ်လျှာများ တတ်အားလျှင်၊ နွားတို့က ဆိုရန်၊ ခွင့်ရှိသည် အမှန်မှာ၊

မြန်မာနှင့် ကုလား၊ နှစ်ပြည်ထောင် တိုင်းသားတို့၊ ဖြစ်ပွားသည့် တွက်တာသည်၊ ငါတို့မှာ သတ္တု၊

အကုန်လုံး စုချေသည်။

သူတို့ဘေး သူတို့ဘိုး၊ သူတို့နွယ် တစ်ရိုး၊ တစ်မျိုးလုံး တစ်ဆွေလုံး၊ သူတို့တိုင် မဆုံး၊

တို့တစ်တွေ ပုခုံးမှာ၊ မီးဟုန်းဟုန်း ထမတတ်၊ တို့လုံ့လ တို့စွမ်းအင်၊ တို့အပန်း ခံနိုင်လို့၊

ဆန်စပါး ပြောင်းနှမ်း၊ ဗူးခရမ်း ပဲအမျိုး၊ မြေပြင်လုံး မောက်ဖြိုးအောင်၊ တိုးတက်သည့် ဘဏ္ဍာနှင့်၊

လိုရာတိုင်း ပြည့်စုံ၊ ကုံလုံကြ အသီးသီး၊ ကျောင်းကြီးဆောက် ဘုရားတည်၊

တစ်တိုင်းလုံး ကြွယ်သည်မှာ၊ ဘယ်သူက အရင်းဟု၊ စဉ်းစားဖွယ် မရှိ၊ ထင်အလင်း သိပါလျှက်၊

သတိပင် မပေါ်၊ ကျေးဇူးကို မမျှော်၊



စိတ်အချော် တိမ်းပါး၊ မိတ်မတော် စိမ်းကားလျှက်၊တို့အသား တို့အသည်း၊

တို့အဆီ ရွှဲရွှဲကို၊ ထမင်းပွဲ အလယ်၊ အနင့်သား တည်ပြီးလျှင်၊ ရယ်ခါနှင့် ပြုံးခါ၊

အရသာ ခံစား၍၊ လင်မယား တစ်တွေ၊ မြုံ့ကြသည့် အနေမှာ၊ မြိန်နိုင်ပေ့ သူတို့ကိုယ်၊

မျိုနိုင်ပေ့ သူတို့ခံတွင်း၊ တို့လုပ်သည့် ထမင်းကို၊ တို့ဟင်းလျာ အသားနှင့်၊

စားကြသည့် ဖြစ်နဲကို၊ တို့အသည်း နာလိုက်ကဲ့၊ ကမ္ဘာဦး စတင်၊ ထက်ကာရီ ယခင်က၊

ချေသမင် တောသား၊ အများတို့ ထုံးစံ၊ တိရိစ္ဆာန် စရိုက်၊ တို့ဘာသာ တစ်သိုက်၊

အလိုက်များ နေခဲ့ကြလျှင် ၊ မသေမီ စပ်ကြား၊ အိပ်ချင်အိပ် စားချင်စား၊

သွားချင်သွား လာချင်လာ၊ အပုံကြီး ချမ်းသာမည်။

အဓမ္မလူသား

ယခုမှာ လားလား၊ အဓမ္မလူသားနှင့်၊ စီးပွားတူ ချမ်းသာဖက်၊ ခိုမိသည့် အတွက်ကြောင့်၊

တက်တက်ကြီး အကုန်မှား၊ ငါးပါးမှောက် ခြောက်ပါးမှောက်၊ မှားသလောက် မပြောသာ၊

သက်ခန္ဓာ ရှိစဉ်လည်း၊ မချိအောင် စေစား၊ တို့ကိုယ်ကောင့် အသားကို၊ ဟင်းတစ်ပါး သတ်၍လုပ်၊

ဘယ်သင်းက ဟုတ်သေးတုံး၊ ယုတ်မာသည့် ဖြစ်လား၊ သည့်လောက်တောင် ရိုင်းငြားသည့်၊

လူသားတို့ လက်ထဲတွင်၊ ဖွဲ, ပြောင်းရိုး, မြက်, ရေ၊ သုံးစား၍ နေရသည်ထက်၊

တောကျားတွေ ပါးစပ်မှာ၊ ခေါင်းပြတ်၍ သေရခြင်းသည်၊ လွန်အမင်း မြတ်သေး၏။


အဟော ဒုက္ခ

ရှေးအထက် ကာရီ၊ ပဝေဏီ အခြေက၊ ရေလိုက်ကြီး မှောက်မှား၍၊ တို့နောက်သား တစ်စုမှာ၊

လူဘီလူးအစာ၊ ဟင်းလျာဘို့ အပြီး၊ ဘူးသီးနှင့် ကြုံလိုကြုံ၊ ဖရုံနှင့် ငြားလိုငြား၊ သခွားနှင့် တွဲလိုတွဲ၊

ချိုတစ်နည်း ချဉ်တစ်ထွေ၊ တို့ဖြစ်ပုံ အနေနှယ်၊ သေလျှင်လည်း လတ်တလော၊ ရှင်စဉ်လည်း ဖတ်ဖတ်မော၊

အဟောဒုက္ခ၊ ဘယ်အခါတွင်မှ၊ သက်သာရာ မရအောင်၊ တို့ကြမ္မာ ပြုနည်းကို၊ အသည်းထိ နာလိုက်ပါဘိ၊

ဉာတကာ တစ်သင်း၊ မိတ်ဆွေရင်းတို့ဟု၊ နွားအချင်းချင်း ဆိုကြရန်၊ ခွင့်ရှိသည် အမှန်ပင်။


သနားရန် တာလမ်း၊ ရှိသမျှ စခန်းကို၊ ဆုံးခန်းရောက် မျှော်ခေါ်၍၊ မသူတော် စရိုက်၊ ထွန်းကားသည့် အခိုက်ကို၊

အလိုက်သင့် အရှောင်ကောင်းနိုင်မှ၊ နောင်နှောင်းကို ချမ်းသာ၍၊ နတ်ရွာမှာ အတူတွေ့ကြရအောင်၊

အလေ့ကောင်းရှင်းရှင်း၊ ဇောသဒ္ဓါ စင်းစင်းနှင့်၊ သတင်းစာ ပါးလိုက်ပါသည်၊ ကြားကြားသမျှ မိတ်ဆွေအပေါင်း၊

သူတော်ကောင်း ပညာရှိတို့။ ။

လယ်တီဆရာတော်ဘုရားကြီး







လယ်တီဆရာတော်ဘုရား၏ ခုနစ်နေ့ ဘုရားရှိခိုးကဗျာ

သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေ ယူသောနေ့

Monday, October 8, 2012

ပိဋကတ် ကျမ်းစာများ


ပိဋကတ် သုံးပုံ
       က - ဒီဃနိကာယ်
၁.က.၁/၃ - သီလက္ခန္ဓ၀ဂ္ဂ သုတ်သီလက္ခန်      ၁၃
၂.က.၂/၃ - မဟာဝဂ္ဂ သုတ်မဟာဝါ              ၁၀          ပေါင်း ၃၄ သုတ်
၃.က.၃/၃ - ပါထိက၀ဂ္ဂ သုတ်ပါထေယျ         ၁၁
              - သီလနှင့်တန်ဆာဆင်
              - မဟာသတိပဋ္ဌာနသုတ် (သံသရာလွတ်ကြောင်း အခြေခံ)
       
 ခ - မဇ္ဈိမနိကာယ်
၎.ခ.၁/၃ - မူလပဏ္ဏာသ (ရှေ့ဦးအစသုတ် ၅၀ ပါကျမ်း)
၅.ခ.၂/၃ - မဇ္ဈိမ ပဏ္ဏာသ (အလယ်သုတ် ၅၀ ပါကျမ်း)           ပေါင်း ၁၅၂ သုတ်
၆.ခ.၃/၃ - ဥပရိ ပဏ္ဏာသ (နောက်ဆုံးသုတ် ၅၂ပါကျမ်း)
              - သမာဓိဘာသနာ ကျင့်နိုင်ရန်လမ်းညွှန်
              - သမ္မာဒိဋ္ဌိသုတ် ရထ၀ိနီတသုတ် (၀ိသုဒ္ဓိ ၇ပါး)
      
 ဂ - သံယုတ္တနိကာယ်
၇.ဂ.၁/၃ - သဂါထာဝဂ္ဂကျမ်းနှင့် နိဒါန၀ဂ္ဂကျမ်း ပထမတွဲ
၈.ဂ.၂/၃ - ခန္ဓ၀ဂ္ဂကျမ်းနှင့် သဠာယတန၀ဂ္ဂကျမ်း ဒုတိယတွဲ             ပေါင်း ၇၇၆၂ သုတ်
၉.ဂ.၃/၃ - ပဟာဝဂ္ဂကျမ်း တတိယတွဲ
      
 ဃ-အင်္ဂုတ္တနကာယ်
၁၀.ဃ.၁/၃ ဧကက နိပါတ်မှ စတုက္ကနိပါတ်ထိ (၄)ကျမ်း
၁၁.ဃ.၂/၃ ပဉ္စက နိပါတ်မှ သတ္တကနိပါတ်ထိ (၃)ကျမ်း           ပေါင်း ၉၅၅၇ သုတ်
၁၂.ဃ.၃/၃ အဋ္ဌက နိပါတ်မှ ဧကာဒသကနိပါတ်ထိ (၄)ကျမ်း
-      ဗဟုသုတ ပဒေသာပင်၊ ယဉ်ကျေးမှု၏ ရေသောက်မြစ်
-      အောင်မြင်နည်း၊ သတ္တိပြည့်နည်း၊ ကြွယ်ဝနည်း
-      ပညာရှိနည်း၊ ဂုဏ်ကျော်နည်း၊ လောကဓံခံနိုင်နည်း

င- ခုဒ္ဒကနိကာယ် (၁၈  ကျမ်း)
  ကျမ်းအရေအတွက် အများဆုံးနှင့် တရားသဘောအစုံဆုံး နိကာယ်
      
ပိုင်းခြားပုံစနစ်
၁။ဝိမုတ္တိရသ             ၂။ဓမ္မ၀ိနယ       ၃။ဝစန     ၄။ပိဋက    ၅။နိကာယ်        ၆။ ဓမ္မက္ခန္ဓာ
ပါဠိတော်(စကားတော်အစဉ်)တို့ကို သံဂါယနာတင်မှု ပြုတော်မူကြသည့် အရှင်မြတ်တို့က----
၁။ ၀ိမုတ္တိရသအားဖြင့်  ၁ပါး
၂။ ဓမ္မ၀ိနယအားဖြင့်    ၂သွယ်
၃။ ၀စနအားဖြင့်         ၃ပါး
၎။ ပိဋကတ်အားဖြင့်           ၃သွယ်
၅။ နိကာယ်အားဖြင့်           ၅ရပ်
၆။ ဓမ္မခန္ဓာအားဖြင့်            ၈၄၀၀၀ ဟု ပိုင်းခြားခွဲဝေ၍ သတ်မှတ်ားတော်မူခဲ့ကြလေသည်။

ကျမ်းပေါင်း ၅၂ ကျမ်းတို့မှာ
ဒိဃနိကာယ်             ၃ကျမ်း (၃အုပ်)
မဇ္ဈိမနိကာယ်            ၃ကျမ်း (၃အုပ်)
သံယုတ္တနိကာယ်  ၅ကျမ်း (၃အုပ်)
အင်္ဂုတ္တရနိကာယ် ၁၁ကျမ်း (၃အုပ်)
ခုဒ္ဒကနိကယ်             ၃၀ကျမ်း (၂၈အုပ်)
ပေါင်း                    ၅၂ကျမ်း စာအုပ်ပေါင်း ၄၀။
ခုဒ္ဒကနိကာယ်တွင် ပါဝင်သောကျမ်း-------
(က) ၀ိနည်း             ၅ကျမ်း     ၅အုပ်
(ခ) အဘိဓမ္မာ    ၇ကျမ်း     ၁၂အုပ်
(ဂ) သုတ္တန်       ၁၈ကျမ်း    ၁၁အုပ်
ပေါင်း                    ၃၀ကျမ်း    ၂၈အုပ်


သုတ္တန်ပိဋက တွင် အကျုံးဝင်သော နိကာယ်များ
ဒီဃနိကာယ်             ၃ကျမ်း     ၃အုပ်
မဇ္ဈိမနိကာယ်            ၃ကျမ်း     ၃အုပ်
သံယုတ္တနိကာယ်  ၅ကျမ်း     ၃အုပ်
အင်္ဂုတ္တရနိကာယ် ၁၁ကျမ်း    ၃အုပ်
ခုဒ္ဒကနိကာယ်    ၁၈ကျမ်း    ၁၁အုပ်
ဝိနည်းပိဋက တွင် အကျုံးဝင်းသော နိကာယ်
ခုဒ္ဒကနိကာယ်မှ ၀ိနည်း ၅ ကျမ်း           ၅အုပ်
အဘိဓမ္မာပိဋက တွင် အကျုံးဝင်သော နိကာယ်
ခုဒ္ဒကနိကာယ်မှ အဘိဓမ္မာ ၇ ကျမ်း       ၁၂အုပ်

Wednesday, October 3, 2012

သာဓုခေါ်ပါ အမေအိုရယ်

ရင်းတွင်းခံစားချက်.....................................................................................

 သားမောင်လူလေး
အမေမေးမယ် စကားပုံသရုပ်
အမေထုပ်၍ ပြောဆိုစကား
ပြန်လည်မျှော်တွေး မှတ်မိသေးတယ်
ကလေးဘ၀ ငယ်ငယ်ကပေါ့ အမေ........................။

ထိပ်စံသွယ်သွယ် သာငယ်လူလှ
ငါ့သားမောင်ရင် ကြီးလာရင်လေ
ဘုန်းကြီးဝတ်မှာလားတဲ့.....။

မပီတမီ အစချီ၍
သားကြီးလာရင် သင်္ကန်းကိုစီး
စိတ်ပုတီးနဲ့ ဘုန်းကြီးဝတ်မှာ
ဖြေလိုက်ပါသော် .....
ပွေ့ကာဖတ်ရမ်း အမေနမ်းလျှက်
လိမ္မာလိုက်တဲ့ သားလေးရယ်တဲ့......။

ထို့နောက်တဖန်
မာတာမိခင် ရှင်ပြုစဉ်က
ငါသားကိုရင် ကြီးလာရင်လေ
အမေတဖန် ရဟန်းခံဖို့
ရည်ရွယ်ချက်မှာ တခွဲသားနဲ့
ကြိုးစား ယာလုပ် နောက်မဆုတ်ခဲ့

သြော် ..............................
အခုတော့ အမေ
တနယ်တကျေး ပညာရေးမို့ (သာသနာရေးမို့)
အမေနဲ့ဝေးတဲ့ သားသက်လျာ
မာတာမိခင် ဖြစ်စေချင်တဲ့
တသွင်းကူးလှမ်း သားရဟန်းကို
ကြည်ညိုဆပွား မေတ္တာထားတော့
သားပြုသမျှ သာဓုခေါ်ပါ
အမေအိုရယ် ...........................................................။

ဘုရားဖြစ်စဉ်


 

ဒီနေ့တော့ အများသိသင့်တဲ့ ဘာသာရေးအကြောင်းလေးတခုကို တင်ပြပေးချင်ပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်ရေးထားတာ မဟုတ်ပါဘူး။ သူငယ်ချင်းများနေ့ ဆိုဒ်မှ ကျွန်တော်တွေ့တာနဲ့ ခွင့်တောင်းပြီး ပြန်လည်ဖော်ပြပေးထားတာပါ။ ကျွန်တော် သိမ်းထားတာတော့ အတော်လေးကြာပါပြီ။ ဒီနေ့ ဗဟုသုတ အဖြစ်တင်ပေးလိုက်ပါတယ်။ အောက်မှာ ပါတာတွေက အကျဉ်းတွေပါ။ ဘာလို့ အကျဉ်းလို့ ပြောလည်းဆိုရင် အဘိညာဏ်ရ ဒေဝီလရှင်ရက သိဒ္ဓတ္ထမင်းသားငယ်ကို မြင်တဲ့ အချိန်မှာ ငိုချင်း ရယ်ချင်း နှစ်မျိုးကို ပြုပါတယ်။ ဒီလိုအပိုင်းတွေမပါပါဘူး။ ဒီထက် အကျယ်ရှင်းထားတာရှိပါတယ်။ အဆင်ပြေရင် အကျယ်ကို တင်ပေးနိုင်အောင် ကြိုးစားပေးပါဦးမယ်။ ခုရက်ပိုင်းတွင်း စိတ်ညစ်တာတွေများနေတာနဲ့ စာမရေးဖြစ်ဘူး။ ဒါကြောင့် ကျွန်တော့  google Doc မှာ ရှိတဲ့ စာလေးတွေကို တင်ပေးလိုက်တာပါ။ ဒီပိုစ်မူရင်းရေးသားသူကိုတော့ သေချာ မသိပါ။ ဒါပေ့မယ်။ သူငယ်ချင်းများနေ့ ဆိုဒ်မှာတော့ ဖော်ပြပေးထားပါတယ်။ မူရင်းရေးသားသူကို အထူးပဲ့ ကျေးဇူးတင်ပါတယ်။ 

ဘဂ၀တော         ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
အရဟတော        ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
သမ္မာသမ္ဗုဒ္ဓဿ    သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင်သိမြင်တော်မူသော မြတ်စွာဘုရား.. အား
နမောတဿ         ရှီခိုးပါ၏

 
တရားအားထုတ်သူ နှင့် အားမထုတ်သူ ဘာကွာသလဲ ?

တရားအားထုတ်တက်သူဟာ ကြုံသမျှအာရုံတွေကို အခြေခံပြီး သတိ သမာဓိ ညဏ်ဖြစ်အောင် အမြတ်ထုတ်တယ်။
တရားအားမထုတ်တက်တဲ့သူကတော့ ကြုံလာတဲ့ အာရုံတွေကြောင့် လောဘ ဒေါသ မောဟ ဖြစ်ပြီး အရူံးပေါ်နေတယ်။
အရှင်တေဇနိယ (ရွှေဥမင်) ဆရာတော် ရေးသားသော စာအုပ်မှ ကျွန်တော် သို့ သန့်ဇင်ဌေး  နှစ်သက်သော စာသားလေးများကို ပြန်လည်ဖော်ပြပေးထားတာပါ။

စိတ်ပိုင်းဆိုင်ရာ စာသားအနည်းလေးကိုလည်း နှစ်သက်ရာ စာစုလေးနဲ့ ဖော်ပြပေးချင်ပါသေးတယ်။
ငါ့တန်ဖိုး အထားဆုံး အရာဟာ ငါ့စိတ်ပဲ့ငါ့စိတ်ကို ယုတ်နိမ့်သွားစေမယ့် အတွေးတွေ သဘောထားတွေကို အမြစ်တွယ်ခွင့်မပေးဘူး။ မကောင်းတဲ့ အတွေးတွေ သဘောထားတွေကို သိ . သိပြီးပယ်မယ်လို့ ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်ရင် တနေ့တခြား စိတ်ထားမြင်မားတဲ့ သူဖြစ်လာမယ်။ ဒီတစ်ခုကို ထိထိရောက်ရောက်လုပ်လိုက်ရင် ကိုယ်ဘ၀တစ်ခုလုံး အရည်အသွေးတိုးတက်လာမယ်။ ဘ၀ရဲ့ အရည်အသွေးဟာ စိတ်ရဲ့ အရည်အသွေးပေါ်မှာ မူတည်တယ်။
ဆရာတော် ဦးဇောတိက (တွေးမိတိုင်းပျော်တယ်) စာအုပ်မှ. ကျွန်တော် သန့်ဇင်ဌေး နှစ်သက်သော စာသားလေးများကို ကြားညှပ် ပြီးထည့်ပေးလိုက်တာပါ။