ဆနာရသ် မိဂဒါဝုန်ရှိ
အသောကကျောက်တိုင်တွင် အထက်ဆုံး၌ ခြင်္သေ့ရုပ်လေးရုပ်ကိုတွေ့ရမည်ဖြစ်သည်။
ထိုခြင်္သေ့ရုပ်များနှင့် ကြာမှောက်ကြားတွင် ဓမ္မစကြာပုံ လေးခု၊ ထိုဓမ္မစကြာလေးခုကြားတွင်
ဆင်ရုပ်တစ်ခု မြင်းရုပ်တစ်ခု ခြင်္သေ့ရုပ်တစ်ခု နွားရုပ်တစ်ခုပါသည်ကိုတွေ့ရမည်ဖြစ်သည်။
ဆင်ရုပ်
သည် ဘုရားအလောင်းတော်ပဋိသန္ဓေနေခြင်းကို ရည်ညွန်းသော သင်္ကေတဖြစ်သည်။ မယ်တော်မာယာ
အိပ်စက်နေခိုက် ဆင်ဖြူတော်တစ်စီး မယ်တော်မာယာ၏ လက်ယာနံတောင်းမှ ဝင်သည်ဟု
အိပ်မက်မက်သည်ကို အကြောင်းပြု၍ ဆင်ရုပ်ကိုထုလုပ်၍ အမှတ်သင်္ကေတပြုခြင်းဖြစ်သည်။
မြင်းရုပ်သည်
ဖွားဘက်တော် ကဏ္ဍိကမြင်းကို စီး၍ တောထွက်ခြင်းကို ညွန်းဆိုသော သင်္ကေတဖြစ်၍
ခြင်္သေ့ရုပ်မှာမူ
ဗောဓိပင်၌ ဘုရားအဖြစ်ကိုရတော်မူခြင်းကို ရည်ညွန်းသော သင်္ကေတဖြစ်သည်။ ဤခြင်္သေ့ရုပ်သည်
ကျောက်တိုင်များထိပ်ဖျားက ခြင်္သေ့ရုပ်များနှင့် သဘောချင်းတူသည်ဟုလည်း ယူဆနိုင်သည်။
ကျောက်တိုင်ထိပ်ဖျားက
ခြင်္သေ့ရုပ် လေးရုပ်သည် ကိလေသာရန်ဟူသမျှကို အောင်နိုင်တော်မူ၍ ပရိသတ်လေးပါး၌
ရဲရင့်တည်ကြည်စွာ ဝင်ရောက်နိုင်ခြင်းဟူသော ဗုဒ္ဓ၏ဂုဏ်တော်ကို ရည်ညွန်းခြင်းဖြစ်သည်ဟု
ဖော်ပြခြင်းများလည်း ရှိသည်။
စကြာပုံမှာမူ
မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီတို့အား တရားဟောခြင်းကို ရည်ညွန်းခြင်းဖြစ်သည်။
နွားရုပ်သည်
ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံယူခြင်းကို ညွန်းဆိုသော သင်္ကေတဖြစ်သည်။ ဗုဒ္ဓသည်ကဆုန်လပြည့်နေ့၌
ပရိနိဗ္ဗာန်စံတော်မူသည်။ ကဆုန်လကို ပြိဿရာသီဟုခေါ်၍ ပြိဿဟူသည်မှာ နွားလားဥဿဘဟုဆိုလိုသည်
သို့ဖြစ်၍ ဗုဒ္ဓပရိနိဗ္ဗာန်စံခြင်း၏ သင်္ကေတအဖြစ် နွားရုပ်ကို ဖော်ပြထားခြင်းဖြစ်သည်။
နန္ဒသိန်းဇံ၏
ကြာ စာအုပ်မှကောက်နှုတ်သည်။
နှာ ၁၅.၁၆