Wednesday, September 23, 2015

ဒေါက်တာဆိုတာဘာလဲ What is PhD



ယခုကာလပိုင်းအတွင်း ပြည်တွင်းကရော ပြည်ပကပါ ဒေါက်တာ အထူးသဖြင့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးတာတွေ၊ ရတာတွေ၊ ဂုဏ်ပြုတာတွေ ဖတ်နေ၊ ကြားနေ၊ သိနေရပါတယ်။ ဒါကြောင့် မို့ Ph.D ဒေါက်တာရဲ့ သဘောသဘာဝ၊ အနေအထား၊ အဆင့်အတန်းတို့ကို အများသိစေချင်လို့ ဒီဆောင်းပါးကိုရေးဖြစ်တာပါ။ မြန်မာလူမျိုးများ အများစုဖြစ်လေ့ဖြစ်ထရှိတဲ့ ဣဿမစ္ဆရိယ မနာလိုဝန် တိုမှုဖြင့် ရေးခြင်းမဟုတ်ကြောင်း ဦးစွာပဏာမခံပါရစေ။
Ph.D ရဲ့ full form ဟာ Doctor of Philosophy ပါ။ British English က Ph.D လို့ရေးပြီး အမေရိကန် အင်္ဂလိပ်က Ph.D လို့ရေးပါတယ်။ တချို့တက္ကသိုလ်တွေက doctorate လို့ သုံးပါသေးတယ်၊ D.Sc (Doctor of Scinece) လို့ သုံးတဲ့တက္ကသိုလ်လည်း ရှိပါသေးတယ်။ သူ့ရဲ့မူရင်းအရင်းအမြစ်သဘောကို စပြောပါမယ်။ First Degree လို့ခေါ်တဲ့ ပထမဆုံးရတဲ့ ဘွဲ့ကနေ M.A or M.Sc - မဟာသိပ္ပံ၊ မဟာဝိဇ္ဇာတန်းတက်ရပါတယ်။ အဲဒီမှာ တချို့တက္ကသိုလ်က နှစ်နှစ်ကြာပါတယ်။ တချို့က ၁၈ လကြာ ပါတယ်။ တချို့က တစ်နှစ်ပဲကြာပါတယ်။ Thesis လို့ခေါ်တဲ့ ကျမ်းစာတင်ပြီး ကျေနပ်မှဘွဲ့ပေးတာပါ။

ပုံမှန်ပညာရေးအစီအစဉ်အရဆိုရင် မဟာဘွဲ့မရဘဲနဲ့ Ph.D တန်း တက်လို့မရပါဘူး။ Ph.D တန်းအ တွက် ပညာသင်ဆုရရင်လည်း၊ မဟာဘွဲ့မရသေးရင်မဟာဘွဲ့ အရင်တက်ခိုင်းပြီးမှ Ph.D အတွက် ဆက်တက်ရပါတယ်။ တက္ကသိုလ်ချင်းမတူရင် Ph.D တန်းတက်ခွင့်ရဖို့အတွက် အခြားအချက်အလက် များအတူ မဟာတန်းကသင်ခဲ့တဲ့ကျမ်းစာ (Thesis) တင်ပြရပါတယ်။ အဲဒါကြိုတင်လိုအပ်ချက်ပါ။ Ph.D အတွက် လုပ်မယ့်ကျမ်းစာ (Dessertation) Proposal ကိုကြိုတင်ရပါတယ်။ အဲဒီ Proposal ကို ကြိုက်မှ (သို့မဟုတ်) ကြီးကြပ်နိုင်တဲ့ (Superviser) ပါမောက္ခတစ်ဦးဦးရှိမှ Ph.D တန်းတက်ခွင့်ပြုပါ တယ်။ အတန်းတက်ရတာကတော့ တက္ကသိုလ်အလိုက် ကွဲပြားပါတယ်။ တစ်နှစ်၊ နှစ်နှစ်ဆိုသလို ရှိကြ ပါတယ်။ အတန်းမှာအဓိကထားတာက ကျမ်းစာအတွက် သုတေသနလုပ်နည်းတွေ၊ တွက်နည်းတွေ၊ စဉ်းစားနည်းတွေ၊ စဉ်းစားစရာအချက်အလက်တွေ မပါမနေပါရမဲ့ အချက်အလက်တွေ သင်ပေးတာပါ။ အဓိကကျမ်းစာ (Dessertation) ကိုပေးတာပါ။ လူကိုပေးတာမဟုတ်ပါဘူး။ ကျမ်းစာဖြစ်လာအောင် လုပ်ခဲ့တဲ့ သုတေသနလုပ်ငန်းတွေနဲ့ အဲဒါတွေရဲ့ရလဒ်ကို ပေးတာပါ။ အနည်းဆုံး နှစ်နှစ်ကနေ သုံးနှစ်၊ တချို့ဆို ငါးနှစ်လောက်တောင်ကြာပါတယ်။ စိုက်စိုက်မတ်မတ်လုပ်ရတဲ့ သုတေသနလုပ်ငန်းပါ။ သီအိုရီအသစ်တစ်ခု (သို့မဟုတ်) အတွေးအခေါ်အသစ်တစ်ခု (သို့မဟုတ်) ထုတ်ကုန်အသစ်တစ်ခု ဖန်တီးပေးရတာပါ။ အဲဒီဖန်တီးပေးမှု (creative) ကိုပေးတဲ့ဘွဲ့ပါ။ ပုဂ္ဂိုလ်ကိုပေးတာမဟုတ်ဘဲ သူရဲ့ Product အတွက်ပေးတာပါ။ ဒါကပညာရေးပုံမှန် လုပ်ထုံးလုပ်နည်းနဲ့သွားတဲ့ Ph.D ပါ။ ဂျပန်က တချို့ တက္ကသိုလ်မှာဆို Ph.D ရပြီးမှ သုတေသနတွေ ဆက်လုပ်ခိုင်းပြီး ကျေနပ်မှ Doctorate ပေးတယ်လို့ ကြားဖူးပါတယ်။ ကျမ်းစာပြုစုရာမှာလည်း Supervisor လို့ခေါ်တဲ့ ကြီးကြပ်သူ ပါမောက္ခတစ်ဦးရှိသလို Advisor လို့ခေါ်တဲ့ အကြံပေးတဲ့ ပါမောက္ခတစ်ဦးလည်း ရှိကြပါတယ်။ အဲဒါအပြင် ကျမ်းစာပြီးလို့ Defense ထိုင်တဲ့အခါ ပါဝင်တဲ့ ပါမောက္ခများလည်း ရှိကြရပါတယ်။ အားလုံးဟာ Ph.D ရထား ပြီးရုံမက သုတေသနပေါင်းမြောက်မြားစွာ လုပ်ထားတဲ့သူတွေ ဖြစ်ကြရပါတယ်။ Defense မှာမေးတာ မဖြေနိုင်ရင် အားမနာပဲ ထပ်လုပ်ခိုင်းလေ့ရှိကြပါတယ်။ အားနာပြီးဘွဲ့ပေးလိုက်တာမရှိပါဘူး။ လာစစ်တဲ့သူတွေကိုလည်း ကျောင်းသားကလက်ဆောင် (သို့မဟုတ်) ငွေကြေးမပေးရပါဘူး။ ခရီးစရိတ်လည်း မထောက်ပံ့ရပါဘူး။ နေ့လည်စာ၊ မနက်စာလည်း မကျွေးရပါဘူး။ ကော်ဖီ၊ လ္ဘက်ရည်လည်း မတိုက်ရပါဘူး။ တချို့ဆို Double Ph.D ရယ်လို့ Ph.D နှစ်ခါတက်ပြီး ကျမ်းနှစ်ခု ပြုစုပြီးရကြပါတယ်။ မြန်မာနိုင်ငံမှာ ဒေါက်တာမောင်မောင်နဲ့ ဒေါက်တာအောင်ထွန်းသက်တို့ ဖြစ်ပါ တယ်။ အဲဒီလို Ph.D ရထားတဲ့ သူတွေဟာ သူတို့ရဲ့ British English အခေါ် Visiting Card or North American English အခေါ် Business Card or Name Card ပေါ်မှာ နာမည်ရဲ့နောက်မှာ Ph.D ဆိုတာပဲရေးပြီး ရှေ့မှာ Dr. လို့ တပ်လေ့တပ်ထ မရှိကြပါဘူး၊ အထူးသဖြင့် အမေရိကန်၊ ကနေဒါ၊ ဂျပန်နဲ့အချို့ West နိုင်ငံတွေပါ။ Dr. ဘယ်သူရယ်လို့လည်း သုံးလေ့သုံးထ ခေါ်လေ့ခေါ်ထ မရှိကြပါဘူး၊ မခေါ်ရဘူး၊ မသုံးရဘူးလို့တော့ သတ်မှတ်ချက်မရှိပါဘူး။ သုံးတဲ့သူလည်း သုံးကြပါတယ်။

နောက်တစ်ခုက ဂုဏ်ထူးဆောင် Ph.D ပါ။ ဘာအတန်းမှလည်း မတက်ဘူး၊ ဘာသုတေသနမှလည်း မလုပ်ဘူး။ ဘာကျမ်းစာမှလည်း မပြုစုဘူး၊ ဒါပေမယ့်သူ့ရဲ့ လွန်ခဲ့သောကာလများက တွေးခဲ့၊ ရေးခဲ့၊ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေကို လေးစားသမှုနဲ့ပေးတဲ့ Ph.D ပါ။ ဒါလည်း ဂုဏ်ယူစရာပါ။ ဂုဏ် ရှိတာပါပဲ။ ဒါပေမယ့် မိမိရဲ့ နာမည်ကတ်မှာ Ph.D လို့လည်း မရေးပါဘူး။ ရှေ့ကနာမည်ရှေ့မှာလည်း Dr. လို့လည်းမတပ်ကြပါဘူး။ ကျွန်တော်တို့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် ဆိုရင် ၁၅ ခု၊ ဦးနုဆိုရင် ၂ ခု၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ၁၀ ခု နီးပါးရှိပြီထင်တယ်။ တစ်ခါမှ ဒေါက်တာဦးသန့်၊ ဒေါက်တာမောင်နု၊ ဒေါက်တာအောင်ဆန်းစုကြည်လို့ သုံးတာမတွေ့ဖူးပါဘူး။ အခြားသူက သုံးပေးတာတောင် မသုံးပါနဲ့တားကြောင်း ပြောသံကြားဖူးပါတယ်။ ဒါပေမယ့် ပိုက်ဆံပေး ပြီးဝယ်ရတာတို့၊ ပုဂ္ဂိုလ်ရေးရာအရ ဖားပြီးပေးတာတို့ကတော့ စဉ်းစားစရာပါပဲ။ နောက်တစ်ခုက ကျွန် တော်တို့မြန်မာနိုင်ငံက တက္ကသိုလ်မှာ Ph.D ကိုအခြားနည်းနဲ့ပေးတာလည်း ရှိကြောင်းသိရပါတယ်။ အဲဒါကတော့ တက္ကသိုလ်က ပါမောက္ခတစ်ဦးဦးဟာ Ph.D တစ်ဦးဦးကိုမွေးထုတ်ပေးလိုက်ရင် အလိုလို အော်တိုမတ်တစ် Ph.D ရသွားတာပါပဲ။ Ph.D တစ်ခါမှမလုပ်ဖူးတဲ့၊ အတွေ့အကြုံမရှိတဲ့သူက Ph.D ကို မွေးထုတ်ပေးတယ်ဆိုတာ တော်တော်ကို reasonable မဖြစ်တဲ့ကိစ္စပါပဲ။

နောက်တစ်ခု ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖြစ်နေတာက Ph.D ဒေါက်တာဆိုရင် ခြောက်ပြစ်ကင်း သဲလဲစင် အကုန်တော်ပြီး တတ်ပြီးလို့ထင်နေကြတာ။ မဟုတ်ပါဘူး၊ သူလုပ်တဲ့ သုတေသန field တစ်ခုမှာပဲတော်တာပါ။ ဥပမာ-သတ္တဗေဒဆိုပါစို့ အကောင်တစ်ကောင်အကြောင်း သုတေသနလုပ် တာ၊ အဲဒီအကောင်နဲ့ပတ်သက်တာပဲ သူတော်တာပါ။ ဒါမှမဟုတ် တွားသွားသတ္တဝါတွေရဲ့ မေးရိုး၊ ကျောရိုး၊ အစာအိမ်၊ မျိုးပွားအင်္ဂါအစိတ်အပိုင်း တစ်ခုခုအကြောင်းလုပ်ရင် အဲဒီအစိတ်အပိုင်းတစ်ခုခုမှာ ပဲ သူတော်တာပါ။ ဥပဒေဆိုရင်လည်း ပြစ်မှုရှိတယ်၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးရှိတယ်၊ တရားမတို့၊ သက် သေတို့၊ ဖွဲ့စည်းပုံ၊ မြေယာ၊ ကုန်ရောင်းကုန်ဝယ် . . . စသဖြင့် ဥပဒေပေါင်းအခွဲတွေ အများကြီးရှိ တယ်။ အဲဒီထဲက သူအထူးပြုတဲ့ ဘာသာရပ်တစ်ခုခုမှာပဲ သူတော်တာပါ။ စီးပွားရေးဆိုရင်လည်း Macro ရှိတယ်၊ တစ်ခါအဲဒီထဲမှာ Development ရှိတယ်၊ Finance ရှိတယ်၊ Planning ရှိတယ်၊ Dev-elopment မှာတစ်ခါ Urban Development ရှိတယ်၊ Rural Development ရှိတယ်၊ City Development ရှိတယ်၊ Transportation Development ရှိတယ်၊ Industrial Development ရှိတယ်။ Agricultural Development ရှိတယ်၊ Planning အပိုင်းမှာလည်း National Planning ရှိတယ်။ Sectoral Planning ရှိတယ်၊ Regional Planning ရှိတယ်၊ Project Planning ရှိတယ်။ အဲဒီ ထဲကမှ Field တစ်ခုကို သုတေသနလုပ်တွက်ချက်ရတဲ့ရလဒ်ကို ကောက်ချက်ချပြီး တီထွင်လိုက်တဲ့ ဆန်းသစ်ချက်ကိုပဲ အသိအမှတ်ပြုတဲ့အနေနဲ့ Ph.D ပေးတာပါ။ အဲဒီ Specific Field မှာတော့ တကယ်တော်လို့ ပေးတာပါ။ ဒါပေမဲ့ အကုန်လုံးအခြား Field တွေရော၊ လူမှူရေး၊ ဘာသာရေး အကုန်လုံးတော်တာ မဟုတ်ပါဘူး။ Ph.D မရပေမယ့် အကုန်လုံးနီးပါးတော်တဲ့သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အထင်အရှားရှိခဲ့ရှိနေပါတယ်။ အထူးသဖြင့် way of thinking တော်တာပါ။ မြန်မာနိုင်ငံမှာ Agricultural economics နဲ့ Ph.D ရထားတဲ့လူကို ကုန်သွယ်ရေးနဲ့ကူးသန်းရောင်းဝယ်ရေး ကဏ္ဍမှာ Ph.D ဆိုရင် အကုန်တတ်တယ်လို့ထင်နေတဲ့ လူကြီးတစ်ဦးက ခေါ်သုံးထားတာတွေ့ရပါတယ်။ မရ ဘူးမဟုတ်ပေမဲ့ လူမှန်နေရာမှန် မဟုတ်တာတော့ သေချာပါတယ်။

ကမ္ဘာမှာ အထူးသဖြင့် အမေရိကန်နဲ့အင်္ဂလန်က နာမည်အကြီးဆုံးနဲ့ အခက်ဆုံးလို့သတ်မှတ်ထာတဲ့ တက္ကသိုလ်က Ph.D ဘွဲ့ရပြီး သာမန်ညံ့ရုံမဟုတ်ဘဲ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး စုံးစုံမြုပ်သွား အောင် ပေါ်လစီမှားချမှတ်ခဲ့တဲ့ ညံ့တဲ့သူတွေလည်း မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်။ လက်ရှိလဲ ရှိနေဆဲ ပါ။

Ph.D ရပြီးသူတွေရဲ့လုပ်ငန်းဟာ တက္ကသိုလ်မှာ ပါမောက္ခဖြစ်ဖြစ်၊ အခြားရုံး၊ ကိုယ်ပိုင်လုပ်ငန်းတွေမှာ ထိပ်ပိုင်းအရာရှိကြီးတွေဖြစ်ဖြစ် မပျက်မကွက်လုပ်ရမဲ့ အလုပ်တစ်ခုက ကိုယ်ရထားတဲ့ Ph.D ပညာ ပေါ်မူတည်ပြီး သုတေသနတွေ ကိုယ်တိုင်တစ်ဦးတည်းဖြစ်စေ၊ ရာထူးအဆင့်တူသူနဲ့တွဲ၍ဖြစ်စေ၊ Ph.D Candidates ကျောင်းသားတွေနဲ့တွဲ၍ဖြစ်စေ သုတေသနလုပ်နေရမှာ ဖြစ်ပါတယ်။ အနည်းဆုံး Ph.D လုပ်နေတဲ့သူတွေရဲ့ သုတေသနတွေကို Supervise, Advise လုပ်နေရမှာ ဖြစ်ပါတယ်။ သူများနိုင်ငံ တက္ကသိုလ်တွေမှာ ပါမောက္ခတွေဟာ လစာအပြင် သုတေသနရန်ပုံငွေပါရတာပါ။ မလုပ်မနေရ တွန်း အားပေးတဲ့သဘောလည်း ပါပါတယ်။ တက္ကသိုလ်က ဆရာအားလုံးဟာ ပါမောက္ခချည်းပါပဲ။ Assi-stant နဲ့ Associate လောက်ပဲကွာတာပါ။ ဝင်ဝင်ချင်းပါမောက္ခဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ မြန်မာ ပြည်မှာကတော့ လုပ်သက်အရပေးရင် တစ်ယောက်၊ များလှ နှစ်ယောက်ပဲပေးပါတယ်။ ဘာသုတေ သနမှလည်း မည်မည်ရရ လုပ်တာမတွေ့ရပါဘူး။ တစ်ခါလာလည်း ဒီသင်ခန်းစာပဲသင်၊ တစ်ခါလာ လည်း ဒီသင်ခန်းစာပဲသင်ပြီး ပြီးနေတာပါပဲ။ အသစ်ထွက်တာတွေလည်း မလေ့လာ၊ မသိပါဘူး။ ဥပမာ တစ်ခုပြောရင် စီးပွားရေးတက္ကသိုလ်က အငြိမ်းစားယူခါစ ပါမောက္ခတစ်ဦးကို ပထမဘွဲ့က စီးပွားရေးတောင်မဟုတ်ဘဲ Further study ကျမှ စီးပွားရေးလေ့လာနေတဲ့ ပညာရှင်တစ်ဦးက LEAN Manufacturing ဆိုတာ ဘာလဲလို့မေးတော့ မသိဘူးလို့ဖြေသတဲ့၊ Chemistry နဲ့ရထားတဲ့သူတစ်ဦး ကို သကြားရဲ့ဓာတုဖွဲ့စည်းပုံမေးတော့လည်း သူ့ Field မဟုတ်လို့ မသိဘူးလို့ ဖြေတယ်။ တစ်ခါက သမိုင်းနဲ့ Ph.D ဘွဲ့ရထားတဲ့သူတစ်ဦးကို ဒုတိယမြန်မာနိုင်ငံကို တည်ထောင်သူက ဘယ်သူလဲလို့ မေးတော့ချက်ချင်းမဖြေနိုင်ဘူး။ ဖြေတော့လဲ တလွဲကြီးအနော်ရထာတဲ့။ ဒါဆို မြန်မာပြည်က Ph.D ကို စဉ်းစားကြည့်ပါ။ အကုန်လုံးမဆိုလိုမဲ့ တစ်ဦးတစ်လေတောင် မဖြစ်သင့်တဲ့ကိစ္စပါ။ Ph.D နဲ့ပတ်သက် ပြီး မြန်မာနိုင်ငံမှာ အလွဲကြီးတစ်ခုကတော့ တက္ကသိုလ်ဆရာ၊ ဆရာမထဲက Ph.D ရတဲ့သူတွေကို အထက်တန်းကျောင်းအုပ်ခန့်တဲ့ကိစ္စပါပဲ။ ဘယ်လိုအတွေးမျိုးနဲ့ ဒီကိစ္စလုပ်တယ်ဆိုတာ ဘယ်လိုမှကို တွေးလို့မရပါဘူး။ ယုံနိုင်စရာလည်း မရှိပါဘူး။ Ph.D ရပြီးတဲ့သူတွေရဲ့အတတ်ဟာ အဆင့်မြင့်ပညာပါ။ သာမန်ဘွဲ့ကြိုကျောင်းသားတွေထက်သာမက မဟာတန်းကျောင်းသားတွေကို အသိမျှပေး၊ အတတ် မျှပေး၊ ကြီးကြပ်အကြံပေးရမဲ့သူတွေပါ။ အထက်တန်းကျောင်းသားတွေကို သင်ဖို့ဟာ Ph.D အဆင့်ထိ တတ်စရာမလိုပါဘူး။ ဒါပေမဲ့ ပညာရေးသဘောတရားတို့ ပညာရေးစိတ်ပညာတို့ စတဲ့ပညာရေးဆိုင်ရာ သီအိုရီတွေ၊ ပညာတွေတော့ သိထားဖို့၊ တတ်ထားဖို့လိုသလို ကျောင်းအုပ်ဖြစ်တဲ့အတွက် စီမံခန့်ခွဲမှု Management ဘာသာရပ်ကို သိထားဖို့လိုပါတယ်။ နောက်တစ်ခုက အထက်တန်းကျောင်းသားတွေ စာသင်ရတာနဲ့ အုပ်ချုပ်ရတာက တက္ကသိုလ်ကျောင်းသားတွေ စာသင်ရတာ၊ အုပ်ချုပ်ရတာနဲ့မတူဘူး။ အဲဒါတွေမသိဘဲ အထက်တန်းကျောင်းအုပ်သွားလုပ်ခိုင်းတာကတော့ တော်တော်ကို စဉ်းစားဉာဏ်မဲ့ တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အရင်လူလုပ်သွားလို့ နောက်လူကပြင်မလားဆိုတော့ မပြင်ဘူး။ အရင်လူရော နောက်လူရော Ph.D ရထားတဲ့သူတွေပါ။ ဂေါ်ဘာချက်ကို ကြည့်ပါ။ အာဏာလက်ဝါးကြီးအုပ်ပြီး အာဏာရှင်အဖြစ်နေနိုင်ပေမဲ့ မနေဘဲဂလက်နော့၊ ပယ်ရီစတွိုက်ကာ စတဲ့အတွေးနဲ့လက်တွေ့ ပေါင်း စပ်ခဲ့သူပါ။ ဒီမိုကရေစီစနစ်ပြောင်းခဲ့သူပါ။ နောက်တစ်ခုက ကျွန်တော်တို့လက်ရှိသမ္မတကြီးကိုပဲကြည့် ပါ။ ဘယ်သူမှ အိမ်မက်တောင်မမက်ခဲ့တဲ့ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကြီးကို လုပ်ခဲ့တာ ရိုးရိုးပြောင်းတာမဟုတ်ပါဘူး Dramatical Change ပါ။ Real Great ပါ။ Real Fantastic ပါ။ တစ်မျိုး သားလုံး၊ ဆွေစဉ်မျိုးဆက် ကောင်းစားအောင် လုပ်ရဲသူလုပ်နိုင်သူပါ။ သမ္မတကြီးဟာ ပညာရေးအား ဖြင့် First Degree သာယူခဲ့သူပါ။ ဒါပေမဲ့ သူ့အတွေးအခေါ် စိတ်ကူးစိတ်သန်းကို ဘယ် Ph.D Holder က မီပါ့မလဲ။

မည်သို့ပင်ဆိုစေ၊ ဒေါက်တာဘွဲ့ရတာဟာ Academic Process အရ ရသည်ဖြစ်စေ၊ ဂုဏ်ထူးဆောင် ရသည်ဖြစ်စေ ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကြွားစရာတော့မဟုတ်ပါဘူး။ ဒေါက်တာဘွဲ့မရဘဲ ရသူထက် တော်သူတွေ၊ တတ်သူတွေ၊ ကမ္ဘာမှာရော မြန်မာမှာပါတစ်ပုံတစ်ပင်ပါ။ ကမ္ဘာမှာ သင်္ဘောအများဆုံးပိုင် တဲ့ ဂရိသူဌေးအိုနာစစ်ဟာ ဘွဲ့တောင်မရခဲ့ပါဘူး။ ဒါပေမဲ့ ၁၀ တန်းအောင်တဲ့ အသက် ၁၆ နှစ်မှာ ဘာသာစကားလေးမျိုး ပြောတတ်နေပါပြီ။ မီးလုံးထွင်တဲ့ အက်ဒီဆင်ဟာ ကျောင်းအတန်းမအောင်ပါ ဘူး။ သူမေးတာ ဆရာ၊ ဆရာမတွေ မဖြေနိုင်လို့ သူ့အမေက အိမ်မှာ စာသင်ပေးခဲ့ရတာပါ။ မြန်မာနိုင်ငံ မှာ MA ကျမ်းစာရော Ph.D ကျမ်းစာရော ကျွန်တော် Edit လုပ်ဖူးပါတယ်။ အင်္ဂလိပ်လို ရေးထားတာ ရှယ်ပဲ။ ဒါပေမဲ့ Abstract လည်း ဖတ်လိုက်ရော အကုန်ရေစုန်မျောတာပဲ။ အထဲမှာ ရေးထားတဲ့ အင်္ဂလိပ်စာအရေးအသားက ဆီနဲ့ရေပဲ၊ ရေမှ ရိုးရိုးရေကြည်မဟုတ်ဘူး။ ရွှံ့ဗွက်ရေဖြစ်နေတယ်။ ကိုယ်ကိုယ်တိုင် ရေးထားတဲ့စာနဲ့ ကူးချ၊ ဖြတ်၊ ညှပ်၊ ကပ် လုပ်ထားတဲ့စာနဲ့ အရမ်းသိသာလွန်းတယ်၊ ဒါပေမဲ့ ဘွဲ့ရသွားတာပဲ။ M.A ပဲဖြစ်ဖြစ် Ph.D ပဲဖြစ်ဖြစ် Subject Matter ကိုပေးတာ၊ Language ကို ပေးတာမဟုတ်ပါဘူး။ ဂျပန်မှာ ဂျပန်လိုရေးတင်ကြတာပါပဲ။ မြန်မာမှာရော မြန်မာလိုရေးရင်မရဘူး လား။ စဉ်းစားသင့်ပါတယ်။ အဓိကက တကယ်သိတကယ်တတ်ဖို့ပါပဲ။

The Yangon Times Daily

အတွဲ (၁)၊ အမှတ် (၁၄)၊ မေ - ၁၆၊ ၂၀၁၃ ခုနှစ်

Saturday, May 9, 2015

ကေလနိယတက္ကသိုလ် ပရော်ဖက်ဆာတစ်ဦး၏အဘိဓမ္မာအတွေးအမြင်များ



        မြန်မာပြည်ကနေ သီရိလင်္ကာကို ရောက်လာတဲ့ ရဟန်းတော်တွေမှာ တက္ကသိုလ်ဆရာတွေ lecture ပို့ချတဲ့အခါ တစ်ခါတစ်ရံ အယူအဆချင်းမတူလို့ စိတ်ကသိ ကအောက်ဖြစ်ရတဲ့အခါတွေ ရှိပါတယ်။ သီရိလင်္ကာရဲ့ သင်ကြားနည်စနစ်ဟာ ပါဠိတော် အဋ္ဌကထာအခြေခံသင်ကြားနည်း မဟုတ်ပဲ အင်္ဂလိပ်စာအခြေခံသင်ကြားနည်းဖြစ်တဲ့အတွက် သာသနာတော်အတွက် အန္တရာယ်ရှိတယ်လို့လည်း တစ်ချို့က ပြောကြပါတယ်။ တစ်ချို့ကတော့ သီရိလင်္ကာတက္ကသိုလ်သင်ကြားနည်းစနစ်ဟာ အနောက်တိုင်းအယူအဆတွေ ပဓာနထားတဲ့ အနောက်တိုင်းစာရေးဆရာတွေရဲ့ အယူအဆ လွှမ်းမိုးခံနေရတဲ့ သင်ကြားနည်းစနစ် သက်သက်သာဖြစ်တယ်လို့ ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် အယူ အဆသစ်တွေ အတွေးအခေါ်သစ်တွေကို ယုတ္တိ မရှိပဲ ငြင်းခုံလို့ မရတဲ့ခေတ် မှာ ခေတ်လေ့လာ နည်းစနစ် ကိုလည်း လေ့လာသင့်တာတော့အမှန်ပါပဲ။
အကောင်းမြင်အနေအထား သက်သက်နဲ့ပြောရမယ်ဆိုရင် သီရိလင်္ကာသင်ကြားနည်းဟာ အနောက်တိုင်း အယူအဆအနည်းငယ်လွှမ်းမိုးတယ်လို့ ဆိုနိုင်သလို အနောက်တိုင်းအယူအဆတွေကို ယုတ္တိ ရှိရှိနဲ့ ပြန်လည်ဖြေရှင်းပြတယ်လို့လည်း ဆိုနိုင်ပါတယ်။
ဥပမာပြောရရင် အနောက်တိုင်းအယူအဆအရ အဘိဓမ္မာဟာ ဘုရားဟောမဟုတ်ဘူး၊ (နတ်ပြည်ဆိုတာ လက်တွေ့မြင်ရတဲ့အရာမဟုတ်တဲ့အတွက်) နတ်ပြည်မှာဟောတာမဖြစ်နိုင်ဘူးဆိုတဲ့ စွတ်စွဲ ချက် ကို ဖြေရှင်းတဲ့နေရာမှာ လက်ခံတာလည်း မဟုတ် ငြင်းပယ်တာလည်းမဟုတ်ပဲ ပါဠိတော်ကနေ အထူးအားဖြင့် အနောက်တိုင်းပညာရှင်တွေအမြင်အရ ပိဋကတ်ရှေ့ပိုင်းဖြစ်တဲ့ နိကာယ်ကြီးလေးခုထဲကနေ အဘိဓမ္မာနဲ့ပတ်သတ်တဲ့ အယူအဆတွေကို ရှာဖွေပါတယ်။ ရှာဖွေပြီးတော့ ပထမဆုံးအနေနဲ့ အဘိဓမ္မာဆိုတာ ဘုရားပွင့်တော်မူစခေတ်ကတည်းက ရှိနေတာကို သက်သေပြပါတယ်။ ပြီးတော့ အနောက်တိုင်းသားတွေရဲ့ စိတ်ကို ဆွဲဆောင်တဲ့အနေမျိုးနဲ့
‘’’ ဒါပေမယ့် အဘိဓမ္မာဆိုတာ ခုခေတ်သင်ကြားနေတဲ့ပုံစံမျိုးမဟုတ်ဘူး ၊ ခုခေတ်မှာရှိနေတဲ့ စာပေပုံစံမျိုးမဟုတ်ဘူး’’ လို့် ပြောပါလိမ့်မယ်။ ပြီးတော့ ခုခေတ်သင်ကြားနေတဲ့ပုံစံမျိုးမဟုတ်တိုင်း အခုခေတ်သင်ကြားနည်းစနစ်ဟာ ဘုရားဟောနဲ့မကိုက်ညီဘူးလို့ ယူဆလို့မရတဲ့အကြောင်း သာဝကတွေဟောတဲ့တရားကို ဘုရားရှင်လက်ခံတာတွေ၊ ဘုရားရှင်ရဲ့ ဟောပြောချက်ကို ဘုရားရှင်လက်ထက်မှာပဲ သာဝကတွေ အကျယ်ချဲ့ ဟောပြောခွင့်ကို ပြုထားတာတွေကို ပါဠိတော်ထဲကနေ ထုတ်ပြပါလိမ့်မယ်။ ပြီးတော့ နောက်ဆုံးကောက်ချက်အနေနဲ့ ခုခေတ်သင်ကြားနည်းစနစ်ဟာ ဘုရားရဲ့ နှုတ်တော်ထွက်အတိုင်းမဟုတ်ပေမယ့် ဘုရားဟောပင်ဖြစ်တဲ့အကြောင်း၊ ဘုရားရဲ့ ၀ါဒပင်ဖြစ်တဲ့အကြောင်း ၊ ဘုရားဟောနဲ့မဆန့်ကျင်တဲ့အကြောင်းပြောပြပါလိမ့်မယ်။ အဲဒါကတော့ သီရိလင်္ကာရဲ့ အဘိဓမ္မာနဲ့ပတ်သတ်တဲ့ ရှင်းလင်းချက်ပဲဖြစ်ပါတယ်။
အခုရေးမယ့် အကြောင်းအရာကတော့ သီရိလင်္ကာရဟန်းတော်တွေရဲ့ အဘိဓမ္မာအယူအဆ (သို့ မဟုတ် ) တက္ကသိုလ်မှာ သင်ကြားပေးနေတဲ့ အဘိဓမ္မာပို့ချက်ချက်ပဲ ဖြစ်ပါတယ်။ ဒီပို့ချချက် အမြည်းလေးကို ဖတ်ကြည့်လိုက်ရင် သီရိလင်္ကာဟာ မြန်မာပြည်မှာလို အဘိဓမ္မာကို စနစ်တကျသင်ကြားမှု နည်းပါးပေမယ့် အဘိဓမ္မာနဲ့ပတ်သတ်ပြီး ပညာရှင်အဆင့်လေ့လာမှုအပိုင်းမှာတော့ မနိမ့်သေးဘူးဆိုတာတွေ့ရမှာပါ။ အထူးအားဖြင့် ပုဒ်တစ်ခုရဲ့ အယူအဆကို ဘက်ပေါင်းစုံနဲ့ ကြည့်တဲ့နေရာ ၊ ၀ါဒတစ်ခုနဲ့ပတ်သတ်ပြီး စနစ်တကျဖွေရှာတတ်မှုအပိုင်းမှာ မြန်မာတွေ စာမေးပွဲနည်းစနစ်နဲ့သာကြီးပြင်းလာခဲ့ရတဲ့ မြန်မာရဟန်းတော်တွေ အတုယူသင့်တဲ့အချက်အလက်တွေ ရှိတယ်ဆိုတာကိုလည်းတွေ့နိုင်မှာ ။ သီရိလင်္ကာရဲ့ အဘိဓမ္မာသင်ကြားနည်းစနစ်ဟာ ထေရ၀ါဒသက်သက် မဟုတ်တော့ပဲ အခြားဂိုဏ်းသားတွေရဲ့ ဖွင့်ဆိုချက်တွေနဲ့ နှိုင်းယှဉ်သင်ပြတာကိုလည်း တွေ့နိုင်မှာပါ။
အခု အဘိဓမ္မာကိုစိတ်ဝင်တစားရှိပြီး ဆရာအများစုက အပြောကောင်းတယ်လို့ လက်ခံထားရတဲ့ ဆရာ သုမနပါလ ဂလ်မန်ဂေါဒ ရဲ့ အဘိဓမ္မာပို့ချချက်လေးတွေကိုလေ့လာကြည့်ရအောင်-
ခေါင်းစဉ်လေးကတော့ အဘိဓမ္မာထွန်းကားလာမှုကို သိသာစေတဲ့ သမိုင်းကြောင်းတွေ ရှေးကျတဲ့ ကျမ်းဂန်တွေကို လေ့လာခြင်းပဲဖြစ်ပါတယ်။ ဆရာသုမနကတော့ သူ့ရဲ့ ဆွေးနွေးမှုအပိုင်းမှာ အဘိဓမ္မာနဲ့ပတ်သတ်ပြီး ဖွင့်ဆိုချက်တွေ၊ အဘိဓမ္မာကျမ်းစာတွေထဲက အခြေခံကျတဲ့အမြင်တွေ၊ နောက်ပိုင်းအဋ္ဌကထာဆရာတွေရဲ့ အသေးစိတ်ဖွင့်ဆိုချက်တွေ၊ အဘိဓမ္မာကို သိလွယ်အောင်ရေးထားတဲ့ လက်စွဲကျမ်းတွေရဲ့ အကျဉ်းချုပ်ရေးသားချက်တွေကို သင်ကြားပေးမယ်လို့ပြောထားပါတယ်။
အခု ရေးသားမယ့်အပိုင်းကတော့
Introduction of Abhidhamma ဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်။ ကဲ .. ဆရာသုမန ဘယ်လိုပြောလဲဆိုတာ ကြည့်လိုက်ကြရအောင်..
အဘိဓမ္မာဆိုတာ special တရားတော်ပါ။ special လို့ အဓိပ္ပါယ်ရတဲ့ ‘’အဘိ’’ ဆိုတဲ့ စကားလုံးနဲ့ doctrine (တရားတော်) လို့ အဓိပ္ပါယ်ရတဲ့ ‘’ ဓမ္မ ‘’ဆိုတဲ့စကားလုံးကို ပေါင်းစပ်ထားတာပါ။ ဒါပေမယ့် အခုဖွင့်ဆိုချက်ဟာ ယေဘုယျ သဘောလို့ပဲ မှတ်ထားပါဦး။ “ဓမ္မ “ ရဲ့ ဖွင့်ဆိုချက်က အမြောက်အမြားရှိတဲ့အတွက် “ဓမ္မ”ကို Doctrine လို့ အဓိပ္ပါယ်ဖွင့်ဆိုထားတာကိုလည်း နောက်ကျမှ ရှင်းပြပါ့မယ်။ ဘာ့ကြောင့် special ခေါ်တာလဲဆိုတာရယ် ၊ အဓိပ္ပါယ်ကွဲပြားနေတဲ့ “ဓမ္မ’’ ပတ်သတ်တဲ့ကွဲပြားတဲ့အယူအဆတွေကိုလည်း နောက်ကျမှ ရှင်းပြပါ့မယ်။
အင်္ဂလိပ်လူမျိုးတွေ အဘိဓမ္မာကို Buddhist Psychology ( ဗုဒ္ဓဘာသာစိတ်ပညာ) လို့ ဘာသာပြန်ပါတယ်။ တစ်ချို့ကတော့ Buddhist Philosophy (ဗုဒ္ဓဘာသာ ဒဿနပညာ) လို့ ဘာသာပြန်ပါတယ်။ ဘယ်လိုပဲ ဘာသာပြန်ပြန် အဘိဓမ္မာရဲ့ သဘောသဘာဝ အဓိပ္ပါယ်ကိုတော့ ခြုံငုံမိမှာ မဟုတ်ပါဘူး။ မစ္စတာ Rhys Davids ကတော့ အဘိဓမ္မာကို Buddhist Psychological Ethics ( ဗုဒ္ဓဘာသာ စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်သိက္ခာ)လို့ ဘာသာပြန်ပါတယ်။ ကျနော့်အနေနဲ့ကတော့ မစ္စတာ Rhys Davids ရဲ့ ဘာသာပြန်လေးကို ပိုပြီးသဘောကျပါတယ်။
ကျနော် အခုလို အဘိဓမ္မာကို ဗုဒ္ဓဘာသာ စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်သိက္ခာလို့ ဘာသာပြန်တာကို ဘာလို့ကြိုက်ရသလဲ ဆိုရင် ဗုဒ္ဓဘာသာတရားတော်တွေမှာ ( Ethics) ကိုယ်ကျင့်သိက္ခာနဲ့ (Knowledge) အသိပညာဟာ တစ်ခုနဲ့တစ်ခk ဆက်နွယ်လို့နေပါတယ်။ ဗုဒ္ဓဘာသာမှာ အသိပညာနဲ့ကိုယ်ကျင့်သိက္ခာဟာ (ဘယ်ဟာ ပညာ၊ ဘယ်ဟာ သိက္ခာရယ်လို့ ဘယ်လိုမှ ခွဲလို့မရအောင် ) ဆက်စပ်လို့ နေပါတယ်။ ဒါကြောင့်မို့လို့ တကယ်လို့ အဘိဓမ္မာကို ဗုဒ္ဓဘာသာ စိတ်ပညာလို့ ဘာသာပြန်မယ်ဆိုရင် ကိုယ်ကျင့်သိက္ခာဟာ ကျန်ခဲ့နိုင်ပါတယ်။ အနောက်တိုင်းစိတ်ပညာဘာသာရပ်မှာ အပြုအမူပိုင်း(ကိုယ်ကျင့်သိက္ခာပိုင်း) ဆိုင်ရာ ရှုထောင့်ကို ခွဲခြမ်းစိတ်ဖြာမှု မပြုပဲနဲ့ စိတ်ပိုင်းဆိုင်ရာအချက်အလက်ကို သာ ခွဲခြမ်းစိတ်ဖြာလေ့လာလေ့ရှိပါတယ်။ ဗုဒ္ဓဘာသာစိတ်ပညာမှာတော့ ကိုယ်ကျင့်သိက္ခာကို ပဓာနထားပြီးလေ့လာ ခွဲခြမ်းမှုကို ပြုလုပ်ပါတယ်။စိတ်ပညာကြောင်းပြောရင် ကိုယ်ကျင့်သိက္ခာပိုငးဆိုင်ရာကို မပြောပါနဲ့လို့ တစ်စုံတစ်ယောက်ကပြောလာရင် ဗုဒ္ဓဘာသာစိတ်ပညာကို ပြောမပြရုံပါပဲ။ဒါ့ကြောင့်မို့လို့ ပထမဆုံးအနေနဲ့ ဗုဒ္ဓဘာသာ စိတ်ပညာ သို့မဟုတ် ဗုဒ္ဓဘာသာ ဒဿနပညာ ဟာ လူ့ရဲ့ အပြုအမူ ကိုယ်ကျင့်သိက္ခာနဲ့ အနီးကပ်ဆုံး ဆက်စပ်နေတယ် ဆိုတာ မှတ်ထားလိုက်ပါဦး။

Saturday, March 28, 2015

တန်ဖိုးဟူသည်



တန်ဖိုးဟူသည်
===========
ညီငယ် ညီမငယ်တိုင်းအတွက် တကယ်တန်ဖိုးရှိလို့ ဖတ်ဖြစ်အောင်ဖတ်နော်.

အလုပ်‌ရုံတစ်‌ခုထဲမှာ အ‌ဖေနှင့်‌သမီး‌ပြောကြ‌သောစကားများဖြစ်‌သည်‌။
အ‌ဖေဖြစ်‌သူက လက်‌ထဲမှာအရာဝတ္ထုတစ်‌ခုကို ဆုတ်‌ကိုင်‌ပြီး သမီးဖြစ်‌သူကို‌ပြောတယ်‌။

အ‌ဖေ။ ။သမီး အ‌ဖေလက်‌နဲ့ဆုတ်‌ကိုင်‌ထားတဲ့အရာက ဘာလဲသိလား...?
သမီး။ ။မသိဘူးအ‌ဖေ..။
အ‌ဖေ။ ။သိချင်‌လားသမီး....။
သမီး။ ။သိချင်‌တာ‌ပေါ့အ‌ဖေ...။
အ‌ဖေ။ ။အဲလိုဆိုရင်‌ ထိုင်‌ ထ ၅ ‌ခေါက်‌လုပ်‌...။
သမီး။ ။ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။
အ‌ဖေ။ ။တကယ်‌သိချင်‌တာလား...?
သမီး။ ။သိချင်‌တာ‌ပေါ့အ‌ဖေ‌ရေ....။
အ‌ဖေ။ ။နောက်‌ထပ်‌ ၁၀ ခါလုပ်‌အုံး...။
သမီး။ ။သမီး...ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။
အ‌ဖေ။ ။တကယ်‌သိချင်‌တာလား....?
သမီး။ ။သိချင်‌ပါတယ်‌ဆို‌နေ အ‌ဖေကလည်း....။။
အ‌ဖေ။ ။နောက်‌ထပ်‌ ၁၅ ခါလုပ်‌အုံး...။။
သမီး။ ။ဟွန့်‌.. .အ‌ဖေကလည်း ပြလည်းမပြဘဲနဲ့....။။
အ‌ဖေ။ ။ပြမှာပါ...လုပ်‌သာလုပ်‌ပါ...။။
သမီး။ ။သမီး...ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။
အ‌ဖေဖြစ်‌သူက လက်‌ထဲက ဆုတ်‌ကိုင်‌ထားတဲ့အရာကို ဖွင့်‌ပြလိုက်‌တယ်‌....။
လက်‌ထဲမှာအ‌ကြွေ‌စေ့တစ်‌ခု....။။

ပြန်‌ဆုတ်‌ကိုင်‌လိုက်‌ပြီး.. .သမီးအ‌ဖေ့လက်‌ထဲကအရာကို သိချင်‌လား ထိုင်‌ထ ၅ ခါ လုပ်‌။
သမီးဖြစ်‌သူက သမီးသိပြီးသားပဲ...မသိချင်‌‌တော့ပါဘူး...။
အ‌ဖေဖြစ်‌သူက သမီးကိုပြမယ်‌‌လေ...၂ ခါ‌လောက်‌‌သော်‌လည်း လုပ်‌။
သမီးဖြစ်‌သူက မလုပ်‌ဘူး အ‌ဖေ သမီးသိပြီးသားဥစ္စာ ဘာလို့ ပင်‌ပန်းခံပြီး ကြည့်‌‌တော့မလဲ...တဲ့။
အဲဒီ‌တော့ အ‌ဖေဖြစ်‌သူက.. .
အဲလိုပဲသမီး...‌လောကမှာ ကိုယ်‌မသိမမြင်‌‌သေး‌သောအရာကို လူ‌တွေဟာ တန်‌ဖိုးထားပြီး အရင်းအနှီးများများ ‌ပေး၍ သိချင်‌မြင်‌ချင်‌ကြတယ်‌။
မသိ‌သေး မမြင်‌‌သေး‌သော‌ကြောင့်‌ တန်‌ဖိုးထားကြတယ်‌...။
သမီး‌တောင်‌မှ ဘာမှမဟုတ်‌တဲ့အ‌ကြွေ‌စေ့‌လေးကို ကြည့်‌ဖို့အတွက်‌ အရင်းအနှီးအဖြစ်‌ ထိုင်‌ထ‌တွေလုပ်‌‌သေးတာပဲ...။။
အဲဒါက တန်‌ဖိုးထားမြတ်‌နိုးမိလို့ပဲ....။။

ကိုယ်‌သိပြီးမြင်‌ပြီးတဲ့အရာကို ‌နောက်‌တစ်‌ခါ သိဖို့မြင်‌ဖို့အတွက်‌ မရင်းနှီးချင်‌ကြ‌တော့ဘူး...လွယ်‌သွားတဲ့အတွက်‌ လူ‌တွေကလည်း တန်‌ဖိုးမထားကြ‌တော့ဘူး...။။
သမီးအ‌ကြွေ‌စေ့ကို‌နောက်‌တစ်‌ခါ မြင်‌ရဖို့အတွက်‌ အရင်းအနှီးစိုက်‌မထုတ်‌ချင်‌သလိုပဲ‌ပေါ့...တန်‌ဖိုးမထား‌တော့သလိုပဲ‌ပေါ့...။။
အဲလိုပါပဲ...ကိုယ့်‌ရဲ့ မမြင်‌အပ်‌‌သော အင်္ဂါ အစိတ်‌အပိုင်း‌တွေကိုလည်း မမြင်‌ရ‌အောင်‌ လုံခြုံစွာဖုံးဖိထားတတ်‌ရတယ်‌။
မြင်‌သိပြီးသွားရင်‌ အဲဒါကို‌နောက်‌တစ်‌ခါမြင်‌သိရ‌အောင်‌ အရင်းအနှီးမစိုက်‌ချင်‌‌တော့ဘူး...တန်‌ဖိုးမဖိုးချင်‌ကြ‌တော့ဘူး...။။

မြတ်‌မြတ်‌နိုးနိုး နဲ့သိမ်းဆည်းထားသင့်‌‌သောအရာ‌တွေကို တန်‌ဖိုးထားသင့်‌‌သော အရာ‌တွေကိုလူတကာမြင်‌‌အောင်‌ မ‌ဖော်‌ပြသင့်‌ဘူး...။။
ကိုယ်‌လည်း တန်‌ဖိုးမဲ့ရာ‌ရောက်‌သွားတတ်‌တယ်

ဒါကြောင့် မိမိကိုယ်ကို တန်ဖိုးထားပါသမီး ဟုဆုံးမလေသည်။
Credit: ပြည်ငြိမ်း။

ကမ္ဘာ့ဘာသာပေါင်းစုံမဟာမိတ်များ၏ ငြိမ်းချမ်းရေးအစည်းအဝေးကြီး၌မိန့်ကြားခဲ့သော သီတဂူဆရာတော်ကြီး၏မိန့်ခွန်း



ကမ္ဘာ့ဘာသာပေါင်းစုံမဟာမိတ်များ၏ ငြိမ်းချမ်းရေးအစည်းအဝေးကြီး၌မိန့်ကြားခဲ့သော သီတဂူဆရာတော်ကြီး၏မိန့်ခွန်း
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စက်တင်ဘာ ၁၆ရက်မှ ၁၉ရက်အထိကျင်းပသော ကမ္ဘာ့ဘာသာပေါင်းစုံမဟာမိတ်များ၏ ငြိမ်းချမ်းရေး အစည်းအဝေးကြီး၌ မိန့်ကြားခဲ့သော သီတဂူဆရာတော်ကြီး၏မိန့်ခွန်း
- အရှင်ဥာဏိဿရ (အဂ္ဂမဟာပဏ္ဍိတ၊ Ph.D., D.Litt. ) မြန်မာ။
လေးစားအပ်ပါသော ဘာသာရေးခေါင်း ဆောင်များ၊ စိတ်ဓာတ်ရေးခေါင်း ဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်း ဆောင်များအားလုံး ငြိမ်းချမ်းကြပါစေ၊ ချမ်းသာကြပါ စေလို့ ရှေးဦးစွာ ဆုတောင်းပါတယ်။
ဤမျှကြီးကျယ်သော အစည်းအဝေးကြီးကို မမော နိုင်၊ မပန်းနိုင်ဘဲ အင်တိုက်အားတိုက် ဆောင်ရွက်ကြကုန် သော လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ၊ အသင်းအဖွဲ့ ညီအစ်ကိုမောင်နှမများအားလုံးကို ဒုတိယအကြိမ် လှိုက် လှိုက်လှဲလှဲ ဂုဏ်ပြုကျေးဇူးတင်ကြောင်း ပြောကြားလိုပါ တယ်။
ဤမျှကြီးကျယ်တဲ့ထိပ်တန်းငြိမ်းချမ်းရေး အစည်း အဝေးက ကျွန်ုပ်တို့အား မွန်မြတ်သော၊ ကြီးကျယ်သော အတွေ့အကြုံနှင့် ခံစားမှုများကို ရရှိစေခဲ့ပါတယ်။ ကမ္ဘာ ကြီးမှာ စစ်ပွဲတွေရပ်ဆိုင်းရေး၊ ညီညွတ်မှုတည်ဆောက် ရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေးတို့အတွက် ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ၊ စိတ်ဓာတ်ရေးရာခေါင်း ဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်း ဆောင်များအားလုံး မေတ္တာ၊ ကရုဏာ၊ ခန္တီ၊ သစ္စာ၊ သီလ နှင့် ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ ကိုယ်ကျိုးစွန့်လွှတ်ခြင်း၊ အယူမသီးခြင်း၊ အစွန်းမရောက်ခြင်းတို့ဖြင့် တူညီသော ဘုံလမ်းကြောင်း ( Common High Way ) ပေါ်မှာ လက် တွဲလမ်းလျှောက်နိုင်ကြပါစေလို့လည်း ကျွန်ုပ်ဆုတောင်း ပါတယ်။

ဒီကနေ့ ဒီအစည်းအဝေးကြီးကို တက်ရောက်လာ ကြတဲ့ ဘာသာရေးခေါင်းဆောင်တွေမှာ အပြင်အပအ သွင်အပြင်တွေ အမျိုးမျိုး ရောင်စုံခြယ်ထားကြတာတွေ့ မြင်ရတော့ အလွန်လှပတဲ့ ပန်းရောင်စုံပွင့်နေတဲ့ ဥယျာဉ် ကြီးတစ်ခု ရောက်နေသလို ကျွန်ုပ်ခံစားမိပါတယ်။
ယနေ့ ကျွန်ုပ်တို့တစ်တွေဟာ ဘာသာရေး၊ နိုင်ငံ ရေး၊ ယဉ်ကျေးမှု စသည့် အမျိုးမျိုးကွဲပြားနေတဲ့ ကမ္ဘာ ကြီးထဲမှာ နေနေကြရတာဖြစ်ပါတယ်။ ဤကဲ့သို့သော ကမ္ဘာကြီးမှာ အယူအဆမတူမျှတဲ့ ကျွန်ုပ်တို့တစ်တွေဟာ အမျိုးမျိုးသော ပြဿနာတွေရဲ့အပေါ်မှာ အမျိုးမျိုးသော အယူအဆထင်မြင်မှုတွေ ရှိကြပါတယ်။ သို့သော် ပြဿနာ ဆိုတာကတော့ အားလုံးအတွက် အတူတူပါပဲ။ ဒါကြောင့် ကျွန်ုပ်တို့တစ်တွေဟာ တူညီသောပြဿနာတို့ရဲ့အပေါ် မှာ တူညီသောအဖြေကို ကြိုးစား၍ ရှာဖွေနေကြခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူဘဝပြဿနာအားလုံးတို့အတွက် အပြီးသတ်အဖြေဆိုတာတော့ ရှိလိမ့်မယ်မဟုတ်ပါဘူး။ ဒါကြောင့် ကွဲပြားခြင်းထဲမှာ ညီညွတ်ခြင်း (Unity in Diversity )ကို ရှာရမယ်ဆိုတဲ့ သဘောတရားကို လက် ခံရမှာဖြစ်ပါတယ်။ ဒီခံယူချက်ဟာ ကျွန်ုပ်တို့ဘဝပြဿနာ တွေကို ဖြေရှင်းတဲ့နေရာမှာ ဘုံလမ်းကြောင်း (Common Platform)ဖြစ်ပါတယ်။ ဒီဘုံလမ်းကြောင်းကို ရှာတွေ့မှ ဒီလမ်းကြောင်းပေါ်မှာ လက်တွဲ၍ လျှောက်လှမ်းနိုင်ပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ထိန်းသိမ်းနိုင်၊ တည် ဆောက်နိုင်ကြမှာဖြစ်ပါတယ်။
ယနေ့ ကမ္ဘာမှာ အဓိကအားဖြင့် ကိုးကွယ်ဘာသာ တရား ခုနစ်ခုလောက်ရှိပါတယ်။ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓ၊ ဂျိန်း၊ ဂျူးနှင့် ဆစ်ခ်ဘာသာများရယ်လို့ ရှိပါ တယ်။ တခြားနတ်ကိုးကွယ်မှုပေါင်းများစွာလည်း ရှိပါ သေးတယ်။ ကမ္ဘာမြေကြီးပေါ်မှာ လူသားတွေ စတင် ပေါ်ပေါက်ခါစအချိန်က ကိုးကွယ်ရာမရှိတဲ့ လူသားတွေ ဟာ အမှောင်ကျတဲ့အခါ၊ မိုးချုန်းတဲ့အခါ၊ လေတိုက်တဲ့ အခါ၊ ငလျင်လှုပ်တဲ့အခါ၊ ရောဂါဖြစ်တဲ့အခါ ကြောက် လန့်တုန်လှုပ်ကြတယ်။ အဲဒီအခါ သူတို့တစ်တွေဟာ ကိုးကွယ်ရာအမျိုးမျိုးရှာကြတယ်။ တော၊ တောင်၊ နေ၊ လ၊ သစ်ပင် စသည်တို့ဟာ သူတို့(ကမ္ဘာဦးလူတို့)ရဲ့ကိုး ကွယ်မှုတွေ ဖြစ်လာကြပါတယ်။ ဒီအချက်ကို ကမ္ဘာ့ သမိုင်းဆရာတို့က ကမ္ဘာ့သမိုင်းစာအုပ်တွေမှာ ဖော်ပြ ထားကြတယ်။

အိန္ဒိယဝန်ကြီးချုပ် နေရူးကတောင် သူ့ရဲ့ "The Glimposes of World History" စာအုပ်ကြီး မှာ ဖော်ပြထားပါတယ်။ မြတ်ဗုဒ္ဓကလည်း ဗဟုံ ဝေ သရဏံ ယန္ထိ-မနုဿာ ဘယတဇ္ဇိတာ- ကြောက်စိတ် ကြောင့် ကိုးကွယ်ရာများစွာ ပေါ်ပေါက်လာတာလို့ ဟော ထားပါတယ်။ ကိုးကွယ်ရာအမျိုးမျိုးကို အသီးသီးရရှိကြ တော့မှ ခေတ်ဦးလူတို့ ကြောက်လန့်စိတ်တွေ ပျောက် ကြပါတယ်။
ယနေ့ကမ္ဘာမှာ လူသားအများစုမှာ ထိတ်လန့်မှု၊ စိုးရိမ်မှုတွေ ဖြစ်နေကြပါတယ်။ အဲဒီလူသားတွေ စိုးရိမ် မှု၊ ကြောင့်ကြမှု၊ ကြောက်လန့်မှုတွေကို ဘာသာရေးခေါင်း ဆောင်များအားလုံး ဝိုင်းဝန်းဖြေဖျောက်ပေးဖို့ တာဝန်ရှိ ပါတယ်။

ဘာသာရေးတရားကြောင့် ကမ္ဘာကြီးမှာ ထိတ် လန့်မှုဆိုတာ မဖြစ်သင့်ပါဘူး။ ထို့ပြင် အကယ်၍များ လူသားတွေမှာ အစွဲသန်ခြင်း၊ အစွန်းရောက်ခြင်းများရှိ ခဲ့လျှင် ဝိုင်းဝန်းဖြေရှင်းကြပါ။ ဘာသာရေးကိုအခြေခံ၍ အစွန်းရောက်ခြင်း၊ နိုင်ငံရေး၊ လူမျိုးရေးအစွန်းရောက် ခြင်းတို့ဟာ ပဋိပက္ခဖြစ်ခြင်း၊ ဆူပူသောင်းကျန်းခြင်းရဲ့ အစပဲဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ အစွဲ မသန်ခြင်း၊ အစွန်းမရောက်ခြင်း၊ အလယ်လမ်းလိုက်ခြင်း တို့ဟာ ငြိမ်းချမ်းရေးရဲ့လမ်းစပဲဖြစ်ပါတယ်။ ယနေ့ကမ္ဘာ လောကကြီးမှာ အပြစ်အညစ်အကြေးတွေနဲ့ ပြည့်နေပါ တယ်။
ဆူပူသောင်းကျန်းခြင်းတွေ၊ အကြမ်းဖက်ခြင်းတွေ၊ ရက်စက်ကြမ်းကြုတ်ခြင်းတွေနဲ့ အပြည့်ဖြစ်နေပါတယ်။ ဗုဒ္ဓရှင်တော်ကလဲ ကမ္ဘာကြီးဟာ တုန်လှုပ်နေတယ်။ တည် ငြိမ်မှုမရဘူး။ အတွင်းအပြင်လောင်နေတယ်။ သောက ပရိဒေဝတွေနဲ့ ပြည့်နေတယ်လို့ ဟောထားပါတယ်။ ကမ္ဘာ လောကကြီးမှာ အဝိဇ္ဇာအမှောင်ကျနေတယ်။ အမှန်တရား ကို မမြင်လောက်အောင် ကန်းနေကြတယ်။ ဒါကြောင့် ဒီကနေ့ကြွရောက်လာကြတဲ့ ဘာသာရေးခေါင်းဆောင် များအားလုံး ကမ္ဘာ့လူသားအားလုံးရဲ့ အဝိဇ္ဇာအမှောင် ကို ဖယ်ရှားပေးကြပါ။ ဝိဇ္ဇာ(ပညာ) အလင်းရောင်ပေးကြ ပါလို့ တောင်းပန်ပါတယ်။ ဒါဟာ ကျွန်ုပ်တို့အားလုံးရဲ့ တာဝန်ပါပဲ။

ချစ်ခင်လေးစားရပါသော ဘာသာရေးခေါင်းဆောင် များအားလုံးကို ဆက်လက်၍ ပြောပြချင်တာက ယနေ့ဘာ သာတိုင်း၏ ဘာသာရေးနောက်လိုက်အားလုံးလိုလိုပါ ပဲ။ သူတို့ကိုးကွယ်နေတဲ့ သူတို့ရဲ့ သက်ဆိုင်ရာဘာသာ တိုင်းရဲ့ အနှစ်သာရ၊ အနက်အဓိပ္ပာယ်ကို သူတို့ ထိထိ မိမိ တိတိကျကျ မသိနားမလည်ကြတော့ပါဘူး။ တိတိ ကျကျ လိုက်နာကျင့်သုံးခြင်းနည်းပါးသွားကြပါပြီ။ ဒါ ကြောင့် အဲဒီဘာသာရေးအဝိဇ္ဇာအမှောင်မှာ ကျရောက် နေတဲ့ လူတွေကို မပြတ်မပြတ် ဟောပြောဆုံးမခြင်းဖြင့် ပညာပေးဖို့ (Educate လုပ်ဖို့) အထူးပဲ လိုအပ်ပါတယ် လို့ ပြောချင်ပါတယ်။

ယနေ့ကမ္ဘာလောကမှာ- ဤမျှပင် ကွဲပြားခြားနား နေကြသော်လည်း Common Bridge အများလျှောက် ဖို့ တံတားတစ်ခုများ ဆောက်ပေးလိုက်နိုင်လျှင် ကျွန်ုပ် တို့ ဘာသာရေးတရားအားလုံး၏ ဘာသာဝင်အားလုံးအ ချင်းချင်း အပြန်အလှန်ရင်းနှီး ပွင့်လင်းသော နားလည်မှု တစ်ခု ရရှိလာကြလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါတယ်။ တင်းမာမှုနဲ့ ပဋိပက္ခမှုတွေကို လျှော့ချနိုင်လိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါတယ်။ တံတားဆိုတာဟာ မြစ်ချောင်းဟူ သော အတားအဆီးတွေကို ကျော်ဖြတ်ပြီး ဖြတ်လျှောက် သူ လူအားလုံးတို့ကိုမ တူညီသောဦး တည်ရာအမျိုးမျိုးကို ပို့ဆောင်ပေးတဲ့ အရာဝတ္ထုဖြစ်ပါတယ်။ ကိုယ့်ရည် ရွယ်ချက်နဲ့ကိုယ်၊ ကိုယ့်ဦးတည်ချက် နဲ့ကိုယ်၊ ကိုယ့်လမ်းကိုယ်လျှောက်နေ သူတွေဟာ ဒီတံတားကိုရှောင်လွှဲလို့ မရဘဲ ဒီတံတားပေါ်မှာ ဆုံမိကြမှာဖြစ်ပါတယ်။ ကျွန်ုပ် တို့တည်ဆောက်ရမည့်ဘုံတံတား(Common Bridge) ကတော့ သီလ၊ မေတ္တာ၊ ခန္တီ၊ သစ္စာတို့ပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဘုံပန်းတိုင် (Common Goal)ကတော့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ညီညွတ်ရေး (Peace, Security and Unity) ပဲဖြစ်ပါတယ်။ သီလ၊ မေတ္တာ၊ ခန္တီ၊ သစ္စာ လက်ကိုင်ထားနိုင်သူတိုင်း လူမျိုး နှင့် ဘာသာမခွဲခြားဘဲ တွေ့ဆုံနိုင်မှာဖြစ်ပါတယ်။ ဒါ ကြောင့် ဒီကနေ့ကျင်းပတဲ့ ဒီ Peace Summit ကြီးဟာ တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်လှပါတယ်။ ဒါ့ကြောင့်ပဲ ဒီ Summit ကို ကျွန်ုပ် တို့တံတားဆောက်ဖို့ ပစ္စည်းစုဆောင်းခြင်းလို့ တင်စာခေါ် ဆိုပါရစေ၊ ဤသို့များ ကျွန်ုပ်တို့တစ်တွေ အများလျှောက် ဖို့ တံတားဆောက်လိုက်နိုင်ကြလျှင် မငြိမ်းချမ်း၊ မလုံခြုံတဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းသော၊ လုံခြုံသောကမ္ဘာကြီးအသွင် သို့ ပြောင်းလဲပေးလိုက်နိုင်ကြမှာဖြစ်ပါတယ်။ ဤသို့ဆို လျှင် ကျွန်ုပ်တို့တစ်တွေဟာ သူတစ်ပါးတို့ကို လက်နက် တွေနဲ့ အနိုင်တိုက်နေကြမည့်အစား မိမိတို့ကိုယ်ကိုယ် မိမိတို့နိုင်အောင်တိုက်ကြဖို့ လိုပါတယ်။

ဆင်းရဲမွဲတေခြင်းကို ပေးကမ်းခြင်းဖြင့် အနိုင်တိုက် ပါ။ မုန်းတီးခြင်းကို ချစ်ခြင်းဖြင့် အနိုင်တိုက်ပါ။ ရက်စက် ခြင်းကို ကရုဏာတရားဖြင့် အနိုင်ယူပါ။ အကျင့်ပျက် ခြင်းကို သီလဖြင့် အနိုင်ယူပါ။ ဒေါသသမားကို ခန္တီဖြင့် အနိုင်ယူပါ။ အကြမ်းဖက်ခြင်းကို ငြိမ်းချမ်းစွာနေခြင်းဖြင့် အနိုင်ယူပါ။ မာနထောင်ခြင်းကို နှိမ့်ချခြင်းဖြင့် အနိုင်ယူ ပါ။ အစွန်းရောက်သူများကို အလယ်လမ်းကြောင်းကို လျှောက်လှမ်းခြင်းဖြင့် အနိုင်ယူပါ။ သူတစ်ပါးတို့ကို အ နိုင်တိုက်ခြင်းထက် မိမိကိုယ်ကိုယ် အောင်နိုင်သူသည်သာ တကယ့်အောင်နိုင်သူအစစ်ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ လူသားအားလုံးရဲ့ ကျင့်စဉ်ဖြစ်ပါတယ်။ Common Bridge သို့မဟုတ် Universal Humanism ဖြစ်ပါတယ်။
သို့သော် ကျွန်ုပ်တို့လူသားအားလုံး ကျွန်ုပ်တို့ရဲ့ညံ့ ဖျင်းသောစိတ်ထား၊ ယုတ်မာသောအပြော၊ ရိုင်းပျသော အပြုအမူတွေကို မဖယ်ရှား၊ မထိန်းချုပ်နိုင်သေးလျှင်တော့ ကျွန်ုပ်တို့တစ်တွေဟာ အလွန်ဝမ်းနည်းပူဆွေးစရာကောင်း တဲ့ ကမ္ဘာကြီးထဲမှာပဲ တဝဲလည်လည် နေနေကြရဦးမှာ ဖြစ်ပါတယ်။

ချစ်ခင်လေးစားရပါသော ဘာသာရေး ခေါင်း ဆောင်များ၊ ဘာသာရေးညီအစ်ကိုမောင်နှမများခင်ဗျား-
ဥပမာတစ်ခုပြောပြချင်ပါတယ်။ အမှောင်ရှိလျှင် အလင်းဆိုတာလဲ ရှိပါတယ်။ အမှောင်ကျတဲ့အခါ အ လင်းရောင်ဟာ အထူးလိုအပ်ပါတယ်။ အမှောင်နဲ့ အ လင်းဟာ အတူယှဉ်တွဲနေလို့ မရပါဘူး။ သူတို့နှစ်ခုဟာ ဆန့်ကျင်ဘက်ကြီးပါ။ အစွန်းရောက်ခြင်း၊ အကြမ်းဖက် ခြင်း စတဲ့ အမှောင်ဖုံးတဲ့ ကမ္ဘာလောကကြီးကို ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးဟူသော အလင်းရောင် ဝိုင်းဝန်းပေး ကြပါလို့ တောင်းပန်တိုက်တွန်းလိုပါတယ်။
မီး...မီး...ဆိုလျှင် ရေဆိုတာဟာ တကယ်မရှိ မဖြစ်လိုအပ်တဲ့အရာဝတ္ထုဖြစ်ပါတယ်။ ရေလာလျှင် မီး ငြိမ်းရိုး ထုံးစံရှိပါတယ်။ ဒီကနေ့ကမ္ဘာမှာ စစ်မီးတွေ ဟုန်းဟုန်းတောက်နေပါတယ်။
ဒီအစည်းအဝေးကြီးကို တက်ရောက်လာကြသော ဘာသာရေးခေါင်းဆောင်အားလုံးတို့က သူတော်ကောင်း တရားတည်းဟူသော ရေစင်ဖြင့် စစ်မီးတောက်တွေကို ဝိုင်းဝန်းသွန်းလောင်း ငြှိမ်းသတ်ပေးကြပါလို့ တောင်းပန် လိုပါတယ်။

အာဏာမက်မောမှုကြောင့် စွန်းထင်းနေသော ကမ္ဘာကြီးရဲ့ အညစ်အကြေးတွေကိုလည်း စွန့်လွှတ်ခြင်း၊ လိုက်လျောခြင်းတို့ဖြင့် ဆေးကြောပေးကြဖို့ တောင်းပန် လိုပါတယ်။
အမှန်တရားမျက်နှာလွှဲမှုကြောင့် ဖြစ်ပေါ်နေသော ငြင်းခုံမှုတွေကိုလဲ သစ္စာတရား၊ သီလတရားတို့ဖြင့် ပြေ ငြိမ်းအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ တောင်းပန် တိုက်တွန်းလိုပါတယ်။
မွန်မြတ်လှသော သစ္စာတရားသည် ဘာသာတ ရားအားလုံး၏ အနှစ်သာရဖြစ်ပါတယ်။ သစ္စာမဲ့သော ဒီကမ္ဘာအတွက် ဒီကနေ့သစ္စာတရားမှတစ်ပါး တခြား သင်ကြားပို့ချစရာ ဘာမှမရှိပါဘူး။ သစ္စာတရား ထွန်း ကားရေးမှာ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်အားလုံး တာဝန်ရှိပါတယ်။ လူသားတိုင်းရဲ့ အတွင်းနှလုံးသားမှာ သစ္စာတရားဟာ ရှိနေပါတယ်။ ထုတ်ဖော်ကြပါ။

ဘာသာရေးခေါင်းဆောင်အပေါင်းတို့
ဒီကနေ့ ကမ္ဘာကြီးမှာ ညီညွတ်ရေး၊ အတူတကွ လက်တွဲနေထိုင်ရေး၊ ငြိမ်းချမ်းရေးတို့ဟာ အရေးတကြီး လိုအပ်နေပါတယ်။ ဒီအချက်များဟာ ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင်များကို အထူးစိန်ခေါ်နေသော အချက်များဖြစ်ကြပါတယ်။ ထိုစိန်ခေါ်မှုများနှင့် စိတ်ပူ ပန်မှု၊ ကြောက်လန့်မှု၊ စိုးရိမ်မှုများကို လျော့ပါးအောင် ကျွန်ုပ်တို့ဘယ်လိုနည်းများဖြင့် လျော့ပါးသွားအောင် လုပ်ရမလဲဆိုတာ စဉ်းစားပြင်ဆင်ဖို့လိုနေပါပြီ။ ကျွန်ုပ် တို့ဘာသာရေးခေါင်းဆောင် အားလုံး ကျွန်ုပ်တို့ရဲ့ သက် ဆိုင်ရာဘာသာတရားများ သင်ကြားထားသော မွန်မြတ် သော ဘာသာရေးအဆုံးအမများဖြင့် လူသားတို့ရဲ့စိုး ရိမ်ပူပန်မှု၊ ထိတ်လန့်တုန်လှုပ်မှု၊ မလုံခြုံမှု၊ မငြိမ်းချမ်း မှုအားလုံး လျော့ပါးပျောက်ကွယ်သွားအောင် ဝိုင်းဝန်း ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ ကျွန်ုပ်ယုံကြည်မျှော်လင့် ပါတယ်။
ဘာသာတရားတိုင်းမှာ အပြင်အကာနှင့် အတွင်း အနှစ်သာရဆိုတာရှိပါတယ်။ ပူဇော်ခြင်း၊ ပသခြင်း၊ ရွတ်ဖတ်ခြင်း၊ အခမ်းအနားကျင်းပခြင်းတို့ဟာ ဘာသာ တရားတို့ရဲ့ ပြင်ပအကာမျှသာဖြစ်ပါတယ်။ အဲဒီပြင်ပ အကာတွေက ကျွန်ုပ်တို့ရဲ့ ဘာသာတရားအချင်းချင်း ကွဲပြားခြင်းရဲ့ အကြောင်းရင်းတွေပါပဲ။ ဒါပေမဲ့ သီလ၊ သမာဓိ၊ ပညာ၊ ခန္တီ၊ မေတ္တာ၊ ကရုဏာဆိုတဲ့ သန့်ရှင်း သောစိတ်၊ ဖြူစင်သောအကျင့်နှင့် ဆင်းရဲသူဆင်းရဲသား၊ ဘေးဒုက္ခရောက်သူများအား ပေးကမ်းဝေငှခြင်း၊ ဒါန၊ စာဂ၊ သစ္စာ၊ သန္တိတရားတွေဟာ ဘာသာတရားတို့ရဲ့ အနှစ်သာရတွေဖြစ်ပါတယ်။ (Inner Core) အတွင်း အနှစ်သာရကို ဘာသာရေးခေါင်းဆောင် များအားလုံးက သက်ဆိုင်ရာလူသားအားလုံးကို သင်ကြား ပို့ချဖို့ အရေးတကြီးလိုအပ်ပါတယ်။ ဒီအနှစ်သာရဟာ ကျွန်ုပ်တို့အားလုံးရဲ့ Common Ground ဖြစ်ပါတယ်။

ဒီဘာသာရေးအနှစ်သာရတွေကို လူတိုင်းသိရှိ၊ လိုက်နာ နိုင်ကြလျှင် ပဋိပက္ခနှင့် အကြမ်းဖက်ခြင်းတို့ဟာ လျော့ ပါးသွားနိုင်တယ်လို့ ကျွန်ုပ်တို့မျှော်လင့်ပါတယ်။ ဒါ ကြောင့် လူသားထုတစ်ရပ်လုံး သက်ဆိုင်ရာဘာသာ တရားများရဲ့ အပေါ်ယံမျက်နှာပြင်ပေါ်မှာ ရပ်မနေဘဲ အတွင်းအနှစ်သာရရောက် အောင်၊ ထိအောင်၊ သိ အောင် သင်ယူကြဖို့နှင့် ကျင့်သုံးလိုက်နာကြရန် အလေး အနက်တိုက်တွန်းလိုပါတယ်။
မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း ညှိနှိုင်း၍မရနိုင်သော မတူကွဲပြားသော အချက်တွေပေါ်မှာ စူးစိုက်ဆွေးနွေး ငြင်းခုံမနေဘဲ အားလုံးသဘောတူနိုင်သည့် အနှစ်သာရ အပိုင်းကို ဘုံလျှောက်တံတားအဖြစ် တည်ဆောက်ကြ ကာ ငြိမ်းချမ်းရေး ပန်းတိုင်သို့ လက်တွဲလျှောက်လှမ်းကြ ပါစို့ဟု တိုက်တွန်းတောင်းဆိုလိုပါတယ်။

မြတ်ဗုဒ္ဓက မိန့်ကြားပါတယ်-
(က) ရန်ပြုသူကို ပြန်၍ရန်ပြုခြင်းဖြင့် ငြိမ်းချမ်းရေး မရနိုင်၊
(ခ) ရန်ငြိုးဖွဲ့သူကို ပြန်၍ ရန်ငြိုးဖွဲ့ခြင်းဖြင့် ငြိမ်း ချမ်းရေး မရနိုင်၊
(ဂ) အကြမ်းဖက်သူကို ပြန်၍ အကြမ်းဖက်ခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်၊
(ဃ) မုန်းတီးသူကို ပြန်၍မုန်းတီးခြင်းဖြင့် အမုန်း ဇာတ် အဆုံးမသတ်နိုင်၊
(င) ဆဲရေးပုတ်ခတ်သူကို ဆဲရေးပုတ်ခတ်ကာ တုံ့ ပြန်ခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်၊
(စ) လိမ်လည်လှည့်ဖြားသူကို မုသာဝါဒနဲ့ တုံ့ပြန် ခြင်းဖြင့် သစ္စာတရား မထွန်းကားနိုင်၊
ရန်ပြုလာသူ၊ ရန်ငြိုးဖွဲ့သူ၊ အကြမ်းဖက်သူ၊ မုန်းတီး သူ၊ ဆဲရေးသူ၊ ပုတ်ခတ်သူ၊ လိမ်လည်သူတို့ကို မေတ္တာ၊ ခန္တီ၊ သစ္စာ၊ သမာဓိ၊ ပညာတို့ဖြင့်သာ ငြိမ်းချမ်းစေရာ၏။
ဤသည်တို့ကား- သနန္တနဓမ္မ-ကမ္ဘာဦးတရား- Elernal Law ဖြစ်ပါတယ်။
ဤသည်တို့ကား- Buddhism မဟုတ်။ Hinduism လည်းမဟုတ်၊ Jainism လည်းမဟုတ်။ Judaism လည်းမဟုတ်။ Islamism လည်းမဟုတ်။ Sikhism လည်းမဟုတ်။ Christianism လည်းမဟုတ်။ တကယ် တော့ ဒီကျင့်စဉ်တွေဟာ Universal Humanism ဖြစ် ပါတယ်။ ဒါကို ''ဓမ္မ''လို့ဆိုရင်တော့ Dhamma is a Simple Truth ပါပဲ။ Truth ဆိုတာ ဘာသာတရားအား လုံး၏ အနှစ်သာရပါပဲ။
(က) သစ္စာတရားကို သိမြင်နားလည်ခြင်းသည်
ကျွန်ုပ်တို့၏ Common Core (ဘုံဆိုင် အနှစ်သာရ)
(ခ) သစ္စာတရားကို သိမြင်နားလည်ခြင်းသည်
ကျွန်ုပ်တို့၏ Common Goal (ဘုံဆိုင် ပန်းတိုင်)
(ဂ) သစ္စာတရားကို သိမြင်နားလည်ခြင်းသည်
ကျွန်ုပ်တို့၏ ''Common Solution to Common Problems"
(ဘုံဆိုင်ပြဿ နာ များအတွက် ဘုံဆိုင်အဖြေ)
(ဃ) အစွန်းမရောက်ခြင်းနှင့် အလယ်လမ်းက လျှောက်ခြင်းသည် ငါတို့၏ ဘုံလမ်းကြောင်း
''To avoid the extremism and aggressiveness and to follow the Middle Path are our Common Platform"
''သန္တိ၊ သစ္စာ ဤနှစ်ဖြာ၊ ဤကမ္ဘာမှာ ထွန်းတောက် ပါစေသား''

သီတဂူဆရာတော်
ဆိုးလ်မြို့၊ ကိုရီးယားနိုင်ငံ
ဘာသာတရားအားလုံးတို့၏
၂ဝ၁၄ စက်တင်ဘာလ-၁၈ရက်