Monday, November 19, 2012

သတ္တိနှင့်သုတ ညီမျှအောင် ကြိုးစားကြပါ


သတ္တိနှင့်သုတ ညီမျှအောင် ကြိုးစားကြပါ

        ဗုဒ္ဓမြတ်စွာ၏ သာသနာတော်သည် ပြည့်စုံသောသာသနာဖြစ်၍ မှန်ကန်ကြောင်းကို ယခုခေတ် ကမ္ဘာ့ပညာရှိ အပေါင်းတို့က တစ်စ တစ်စလက်ခံလာကြပါပြီ။ ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာ နားလည်၍ ယုံကြည်နေသူ ရှင်လူတစ်ယောက်သည် မည်သည့်နေရာ၌ မဆို မည်သူ့ကိုမျှ ရွံ့ကြောက်ခြင်း မရှိပါ။ ထိုသို့ မရွံ့ကြောက်ခြင်းကား မိမိ၏ ဘာသာ တရားတော်အရ သူတစ်ပါးအပေါ်၌ မတရားမကြံခြင်း သူတစ်ပါး၏ ဖြစ်ထိုက်သော အကျိုးကို ရိုးရိုးသားသား လိုလာခြင်း မိမိတို့ဝါဒက စစ်မှန်၍ သူတစ်ပါး၏ အယူဝါဒက အားရဖွယ်မဟုတ်ခြင်းတို့ကြောင့် စိတ်ရင်းကိုက ထိုသူတို့အပေါ်၌ အထင်မကြီးခြင်း ကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ရှေးရှေး ဆရာတော် အကျော်အမော်များနှင့် ကင်းဝန်မင်းကြီး ယောအတွင်းဝန် စသော လူပညာရှိ သတ္တိခဲများ ဗန္ဗုလစစ်သူကြီး စသော စစ်ဗိုလ်ကြီး များသည် မည်သည့်နေရာ၌မဆို သတ္တိကို ပြနိုင်ခဲ့ကြပါသည်။

        သတ္တိကောင်းသော်လည်း သတ္တိချည်းကာ ကိစ္စမပြီးနိုင်သေးပါ။ သူတစ်ပါးတို့၏ ပြည်၌ မည်ကဲ့သို့ ပြုကြ ပြင်ကြ ကြိုးစားနေကြသည် ဟု သိဖို့ရန် ဒေသန္တရ ဗဟုသုတရှိဖို့ အရေး ကြီးသကဲ့သို့ သာသနာရေး ဘာသာရေး၌လည်း အခြားဘာသာဝင်တို့၏ ပြုကြ ပြင်ကြပုံ ရောက်ရာတိုင်းပြည်၏ အကျိုးပြုနိုင်ကြပုံစသော ဘာသန္တရ ဗဟုသုတလည်း အရေးကြီးလှပါသည်။
ထိုသို့ ဗဟုသုတမရှိလျှင် မိရိုးဖလာ အလုပ်မျှဖြင့် ကျေနပ်၍ ထိုအလုပ်မျှကို အထင်ကြီးကာ မမြင်ဖူး၍ မူးကို မြစ်ထင်မှုကြောင့် ရှေးကလည်း မှားခဲ့ကြ နောင်ခါလည်း မှားကြဦးမည်မှာ ဓမ္မတာပင် ဖြစ်၍ လောက သာသနာ နှစ်ဖြာလုံး၌ပင် သတ္တိနှင့် သုတ ညီမျှအောင် ကြိုးစားသင့်ကြပါသည်။

No comments:

Post a Comment