ကိုယ်တိုင် ပိုင်ပိုင်ကြီးလုပ်မှ အကျိုးရမည်
သြကာသ
စသည်ဖြင့် ရှိခိုးပြိးနောက် အပါယ်လေးပါး စသည့်မှ လွတ်မြောက်ရန် မဂ်ဖိုလ် နိဗ္ဗာန်ကို ရလိုပါကြောင်း ဆုတောင်းကြီးဆုတောင်းကြ၏။ ဆုပေးသော ဘုန်းကြီးကမူ အသက်ရှည်ခြင်း အဆင်းလှခြင်း စသည်ဖြင့် မတောင်းသော ဆုကိုပါ အပိုပေး၏။ ဆုတောင်းတိုင်း ဆုပေးတိုင်း ကောင်းကောင်းမကျင့်ဘဲ အကျိုး ရနိုင် မရနိုင်ကို စဉ်းစားလျှင် မရနိုင်ဟုပင် မှတ်ပါ။ မိမိတောင်းသောဆုနှင့် ထိုက်တန်အောင် အပါယ်လေးပါး စသည်ဖြင့် လွတ်အောင် ဒုစရိုက်ကို ရှောင်ကြဉ်ကာ သုစရိုက်ကုသိုလ် ပုညကိရိယ၀တ္ထု ကုသိုလ်များ တရားအားထုတ်မှု သို့ ပါရမီကို ကြိုးစားဖြည့်မှသာ ဆုတောင်အားလျော်စွာ အကျိုးရနိုင်မည်။
တကယ်လို့
ဆုတောင်းတိုင်းသာရမည်ဆိုလျှင် ရှေးရှေးဘ၀တို့တွင်လည်း တောင်းဖူးလှသည်သာမက ယခုဘ၀တွင်လည်း ယုံကြည်လောက်သော ဘုရားဒကာ ကျောင်းအမလူဝင်စားတွေမှာလည်း လွန်ခဲ့သော ဘ၀က အကြိမ်ရာထောင်မက ဆုတောင်းခဲ့လှပြီးဖြစ်ကာ ထိုဆုတောင်းအားလျှော်စွာ ယခုဘ၀တွင် ကြွယ်ဝချမ်းသာသော ရွှေသူဋ္ဌေးတွေ ဖြစ်နေဖွယ် ရှိသည့်အပြင် ယနေ့နက်ဖြန်ဆိုသလို မဂ်ဖိုလ်နိဗ္ဗာန်ကို အလျင်အမြန်ရသူတွေ ဖြစ်ပေရာ၏။ သို့ရာတွင် ယခုအခါ ထိုသို့ ဖြစ်သူကို မတွေ့မြင် မကြားသိရပါတကား။ နိဗ္ဗာန်ကို မြန်မြန်ရမည် ဟုဆိုလျှင်လည်း သူတို့တစ်တွေ လိုချင်ကြမည် မဟုတ်ပါချေ။ ထိုကြောင့် စိတ်မပါ့တပါနှင့် တောင်းသောဆု ဘုန်းကြီးက နှုတ်တက်ချပေးသောဆုများကို အားကိုးနေကြခြင်းထက် မိမိကိုယ်တိုင် ပိုင်ပိုင်ကြီး အလုပ်လုပ်ခြင်းက အကျိုးရှိမည်ဟုမှတ်ပါ။ သို့သော် အမျာနှင့် မဆန့်ကျင်အောင် ထုံးစံအတိုင်း သြကာသ ရှိခိုးပြီးနောက် ဆုတောင်းကာ ဘုန်းကြီးပေးသော ဆုကိုလည်း အာမဘန္တေ လိုက်ကြပါလေတော့။
No comments:
Post a Comment