သာဝကဗောဓိဆု
မြတ်စွာဘုရား၏
အထံ၌ဖြစ်စေ သာဝကတစ်ပါးပါး၏ အထံ၌ဖြစ်စေ သစ္စာလေးပါး ကမ္မဋ္ဌာန်း တရားကိုာကားနာရပြီးမှ အရဟတ္တမဂ်ကို
ရရှိကုန်သော သာဝကဗောဓိဆုကို ပန်ဆင်သည့် ဘုရားရှင်၏ တပည့်သား သာဝကတို့အဖြစ်၌လည်း (၁)
အဂ္ဂသာဝက=တပည့်အများတွင် အမြတ်ဆုံးဖြစ်သော သာဝက၊ (၂) မဟာသာဝက=တပည့်သာဝကကြီး၊ ပကတိသာဝက=ရိုးရိုးတပည့်သာဝက
ဟူ၍ သုံးမျိုးရှိပေသည်။
ထိုသုံးမျိုးတို့တွင်
(၁) အဂ္ဂသာဝကသည် တသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရ၏။ ယခုဂေါတမရှင်တော် ဘုရားလက်ထက်၌
အသျှင်သာရိပတြာနှင့် အသျှင်မဟာမောဂ္ဂလ္လာန်တို့ ပေတည်း။ (၂) မဟာသာဝကသည် ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ရ၏။ ယခု ဂေါတမဘုရားလက်ထက်၌ အသျှင်မဟာကဿပ စသော အသီတိ မဟာသာဝက ၈၀ တို့ပေတည်း။
ထိုပြင် (ခဂ္ဂ၀ိသာဏသုတ် အဋ္ဌကထာအရ) ဘုရားရှင်၏ မယ်တော် ခမည်းတော် အလုပ်အကျွေး သားတော်တို့သည်လည်း
ကမ္ဘာ တစ်သိန်းထက်မနည်း ပါရမီဖြည့်ရကြောင်းကို အထူး မှတ်သာသင့်ပေသည်။
ပကတိသာဝကတို့ကား
ကာလအပိုင်းအခြား မရှိချေ။ ၀ဋ်မှလွတ်ရာ (မဂ်ဖိုလ်) ကို တောင့်တ၍ အမှတ်မထား တပါးပါးသော
ဘ၀ကာလများက စ၍ ဖြည့်ကျင့် ဆည်းပူးခဲ့သော ပါရမီ အဆောက်အဦးနှင့် ပြည့်စုံလျှင် ပကတိသာဝကဥာဏ်ကို
ရနိုင်လေသည်။
အမှတ်မထား
တစ်ပါးပါးသော ဘ၀ကာလဟူသည် ကမ္ဘာ အရာအထောင် ဖြစ်နိုင်ကြောင်း သတိပြုသင့်၏။ အတ္ထသန္ဒက သပရိဝါရိယ
စသောထေရ်တို့သည် ကမ္ဘာတစ်သိန်းထက်၌ ပွင့်တော်မူသည့် ပဒုမုတ္တရဘုရားလက်ထက်မှ စ၍၎င်း၊ အနုလေပဒါယကထေရ်သည်
တစ်သင်္ချေနှင့် ကမ္ဘာသစ်သိန်းထက်၌ ပွင့်တော်မူသည့် အနောပဒဿီဘုရားလက်ထက်မှ စ၍၎င်း၊ ဧကပသာဒနိယထေရ်သည်
တရာ့တဆယ့်ရှစ် (၁၁၈) ကမ္ဘာထက်၌ ပွင့်တော်မူသည့် အတ္ထဒဿီ ဘုရားလက်ထက်မှ စ၍၎င်း၊ သူစိဒါယကထေရ်သည်
ကမ္ဘာသုံးသောင်းထက်၌ ပွင့်တော်မူသည့် သုမေဓာဘုရားလက်ထက်မှ စ၍၎င်း၊ ပါရမီများ ဖြည့်ခဲ့ကြကြောင်း
ဆိုင်ရာ ထေရာပဒါန်၌ ပါလေသည်။
ဤကဲ့သို့
အဂ္ဂသာဝက မဟာသာဝက ပကတိသာဝကတို့၏ ဆုတောင် ဆုယူ ပြုပုံများ ပါရမီဖြည့်ကျင့် ပုံများ ထို့အပြင်
ထူးခြား ဆန်းကြယ်သော အဖြစ်တော်များ (ပညာကြီးမားသော အသျှင်သာရိပုတြာ မထေရ် စသည်တို့၏
အဖြစ်မျိုး) သံဝေဂရဖွယ် အဖြစ်တော်များ (ဥာဏ်လေးသူကို ပြောင်လှောင်ခဲ့မိ သဖြင့် ပစ္ဆိမဘ၀တွင်
ဥာဏ်နုန့်နှေး ထိုးမှိုင်ရသော အသျှင်စူဠပန္တက အဖြစ်မျိုး) သက်တော် နုနုနယ်နယ်ဖြင့် ရဟန္တာဖြစ်တော်မူသော
အဖြစ်တော်များ (မိလိန္ဒပဥှာတွင် ၇-နှစ်အောက် ရဟန္တာမဖြစ်ဟု ဆိုသော်လည်း ၄-နှစ်သားအရွယ်
ရဟန္တာဖြစ်သော ဧကဒီပိယထေရ် ၅-နှစ်သားအရွယ် ရဟန္တာဖြစ်သော
ပဉ္စသီလသမာဒါနိယထေရ်နှင့် ပဒုမထေရ် တို့၏ အဖြစ်မျိုး) စသော မှတ်သားဖွယ်ရာတို့ကို အပဒါန်ပါဠိတော်
မြန်မာပြန် (ပထမအုပ်) တါင် ဖတ်ရူ တွေ့မြင်ရမည် ဖြစ်ပေသည်။
ထို့ပြင်
ယခုဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် လက်ဝဲရံ လက်ျာရံ အရှင်မြတ်များနှင့်တကွ ဧတဒဂ်ရ
ထေရာ ထေရီများကို သိလွယ် မှတ်လွယ်ကြစေရန်နှင့် သဒ္ဓါစေတနာပွားများနိုင်ကြစေရန် အကျဉ်းချုပ်
ဖော်ပြလိုက်ပါသည်။
No comments:
Post a Comment