ပြာသိုလပြည့် ရှင်တစ်ထောင်နေ့
အခုလိုအေးချမ်းလှတဲ့ ဆောင်းရာသီကာလမှာ မနက်စောစောထကာ မြစ်အတွင်းရေဆင်းချိုးလျင် လုပ်ထားတဲ့အကုသိုလ်အညစ်အကြေးတွေ လုံးဝစင်ကြယ်ပြီး ကုန်ခန်းသွား၏ ဟု ယူဆနေကြသော ဥရုဝေလကဿပရသေ့ညီနောင် (၁၀၀၀)တို့အား ဆုံးမ၍ချေချွတ်တော်မူခဲ့ခြင်းကို အကြောင်းပြုပြီး ရှင်တစ်ထောင်အခါတော်နေ့ ဟု ဖြစ်ပေါ်လာရပေ၏။
ပြာသိုလပြည့်ဆိုသော်လည်း မြတ်စွာဘုရားသည် ရသေ့တို့အား ချေချွတ်ဖို့ရန် ထိုနေ့မတိုင်မှီ နှစ်လနီးပါးမျှ ထို့ရသေ့တို့၏ ဣနြေ္ဒရင့်ကျက်မည့်အချိန်ကို စောင့်ဆိုင်းရင်း ထိုဥရုဝေလတောအုပ်မှာပင် အနီးကပ်နေတော်မူခဲ့၏။
ထို (၂)တာ ကာလအတွင်းမှာ ဆုံးမရာ၌ လွယ်ကူစေခြင်းငှာ၎င်း ဘုရားရှင်အပေါ်မှာ စိတ်ညွတ်လာစေရန်၎င်း တန်ခိုးပြာဋိဟာပေါင်း (၃၅၀၀) တို့ကိုပြတော်မူရ၏။
တန်ခိုးများပြတော်မူခြင်း..
ဦးစွာပထမ ကြမ်းတမ်းသောအဆိပ်ရှိသော နဂါးကြီးကို ဆုံးမပြတော်မူ၏။ သူတို့ကြောက်ရွံ့နေကြသော နဂါးကြီးကို ယဉ်ကျေးအောင် ဆုံးမပြလိုက်သောအခါ ရသေ့တို့သည် မြတ်စွာဘုရားကို အထင်ကြီးလေးစားသွား၏။ ထိုကြောင့် ဥရုဝေလရသေ့ကြီးက မြတ်စွာဘုရားကို ဒီမှာပဲနေပါ၊ နေ့စဉ်ဆွမ်းလှူပါ့မည် ဟု လျှောက်ထားလေ၏။ ဒါဟာ တရားဟောဖို့အတွက် ပထမခြေလှမ်း စ၍ လှမ်းခြင်းဖြစ်၏။
ဒါပေမည့် ဥရုဝေလရသေ့ကြီးက မြတ်စွာဘုရားအား "ရဟန်းကြီးသည် တန်ခိုးကြီးပါတယ်၊ ကြမ်းတမ်းသောနဂါးကြီးကိုလည်း ဆုံးမနိုင်ပါပေတယ်၊ သို့သော် ငါကဲ့သို့ ရဟန္တာတော့ မဟုတ်သေးဘူး ဟု ကိုယ့်ကိုယ်ကို ရဟန္တာဟု အထင်ကြီးပြီး မြတ်စွာဘုရားကိုတော့ ငါလိုရဟန္တာမဟုတ်သေးဘူး" ဟု ထင်မှတ်နေသေး၏။
ထိုနောက် နတ်မင်းကြီးလေးပါး, သိကြားမင်း, သဟမ္ပတိဗြဟ္မာမင်းတို့ ဘုရားထံဆည်းကပ်ခြင်း၊ ရသေ့ကြီး၏စိတ်အကြံကိုသိခြင်း၊ ပံသုကူသင်္ကန်းလျှော်ရာ၌ သိကြားမင်းက ဝေယျာဝစ္စပြုလုပ်ပေးခြင်း၊ ဇမ္ဗုသပြေသီး သရက်သီး သျစ်သျှားသီး ဖန်ခါးသီး တို့ကို ယူဆောင်၍ စားစေခြင်း၊ တာဝတိံသာနတ်ပြည်မှ ပင်လယ်ကသစ်ပန်းကို ယူဆောင်၍ပေးခြင်း စသော တန်ခိုးများကို ပြတော်မူ၏။
ထိုနောက် ရသေ့အားလုံး ကိလေသာခေါင်းပါးစေရန် မီးလှုံခြင်း, ရေငုပ်ခြင်း စသော ပဉ္စာတပအကျင့်များကို ကျင့်ကြံနေကြရာတွင် အခုလို ဆီးနှင်းတွေ ဝေကျပြီး ခိုက်ခိုက်တုန်ချမ်းအေးသော ပြာသိုလမှာ စောစောစီးစီး နေရဉ္စရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်နေကြသောအခါ အအေးဒဏ်မှ သက်သာစေရန် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော်မူခြင်း၊ ရသေ့များခွဲ၍ မကွဲသော ထင်တုံး ၅၀၀ ကို တစ်ပြိုက်နက် ကွဲစေတော်မူခြင်း၊ ရသေ့များ မွှေးမရသောမီးကို တစ်ပြိုက်နက် တောက်လောင်စေခြင်း၊ ရသေ့များ ငြိမ်း၍မရသော မီးအိုးကင်း ၅၀၀ ကို တစ်ပြိုက်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ၅၀၀ ကို တစ်ပြိုက်နက် ဖန်ဆင်းခြင်း စသော တန်ခိုးတော်များကို ပြသ၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့ရ၏။
ထိုသို့တန်ခိုးများကို ပြသရင်း နှစ်လပြည့်၍ ပြာသိုလ်လပြည့်နေရောက်သောအခါ ရသေ့တို့၏ မဂ်ဖိုလ်ရရန် ဣနြေ္ဒတွေလည်း ရင့်ကျက်လာပြီးမို့ ဥရုဝေလရသေ့ကြီးအား သံဝေဂရစေရန် ခြိမ်းခြောက်စကား မိန့်တော်မူ၏၊
" ကဿပ သင်သည် ရဟန္တာလည်းမဟုတ်ဘူး၊ ရဟန္တာဖြစ်ကြောင်းအကျင့်လေးတောင် သင်မှာမရှိဘူး" ဟု မိန့်တော်မူမှ ခြေတော်အစုံဦးခိုက်ပြီး သူ့ရဲ့ အမှားကို ဝန်ခံကာ မြတ်စွာဘုရားထံမှာ ရဟန်းပြုခွင့်တောင်း၏။ ရသေ့ကြီး မြတ်စွာဘုရားတပည့်အဖြစ်ခံယူလိုက်တယ်ဆိုရင်ပဲ ရသေ့တွေအားလုံးလည်း ဘုရားတပည့်ခံယူကြ၍ ဘုရားရှင်က ဧထ ဘိက္ခဝေါ ဟု ခေါ်တော်မူပြီး ရဟန်းပြုပေးတော်မူ၏။
ထိုနောက် မြတ်စွာဘုရားက ထိုရဟန်းတစ်ထောင်တို့နှင့်အတူ ဂယာသီဟကျောက်ဖျာသို့ ကြွတော်မူပြီး အာဒိတ္တပရိယာယသုတ္တန်ဒေသနာကို ဟောတော်မူရာ ရဟန်းအားလုံး အာဝေ၀ါကုန်ခန်း၍ ရဟန္တာအဖြစ်သို့ ရောက်တော်မူကြ၏။
ဤကဲသို့ ထူးခြားသောဖြစ်ရပ်တွေရှိခဲ့သော ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့ ဟု ရှေးဆရာတော်ကြီးများက သတ်မှတ်တော်မူခဲ့ကြ၏။ ဒါကြောင့် အခုလိုအေးချမ်းသော ပြာသိုလ်လပြည့်နေမှာ မိမိတို့ကိုယ်တွင်းသန္တန်မှာလည်းအေးချမ်းသောတရားများကိန်းအောင်းစေရန် ဥရုဝေလကဿပစသောရဟန်းတို့ကျင့်သုံးခဲ့သော အပူမီးငြိမ်းနည်းများကို နှလုံးမူကျင့်သုံး၍ မြတ်စွာဘုရားအား နံ့သာဆီမီးများဖြင့် ပူဇော်ပြီးလျှင် မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်တံခါးခြောက်ပေါက်ကို လုံအောင်ပိတ်၍ မီး (၁၁) ပါးမှ ငြိမ်းအေးအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
မဇ္ဈိမစာသင်သား (နေမိန္ဒ)
No comments:
Post a Comment