Wednesday, September 12, 2012

စိတ်ရင်းထဲမှာ ဖြစ်ပေါ်လာသော

စိတ်ရင်းထဲမှာ ဖြစ်ပေါ်လာသော… လူများဟာ ဘယ်သူဟာ ကံကောင်းတယ်၊ ဘယ်သူဟာ ကံဆိုးတယ်လို့ ပြောလေ့ရှိကြတယ်။ ကံကောင်းခြင်း၊ ကံဆိုးခြင်းကိုဘယ်သူကမှ လာရောက် ဖန်တီးပေးခြင်းမဟုတ်ဘူး။ ကိုယ့်ကံကိုယ်သာလျှင် ဖန်တီးနေကြခြင်းဖြစ်တယ်။ ကံတရားဆိုတာ မိမိတို့၏ စိတ်ရင်းထဲမှ ဖြစ်ပေါ်လာတဲ့ စေတနာပင်ဖြစ်တယ်။စေတနာကောင်းလျှင် ကံကောင်းမယ်၊ စေတနာဆိုးလျှင် ကံဆိုးမယ်။ စေတနာဖြောင့်လျှင် ကံဖြောင့်မယ်၊ စေတနာ ကောင်းလျှင် ကံကောင်းမယ်။ မှတ်ချက်။ ။ (ဓမ္မရံသီ) ဖော်ဝတ်မေလ်းမှတစ်ဆင့် ဖော်ပြခြင်းဖြစ်ပါသည်။

မာန

ထောင်လွှား တက်ကြွခြင်း သဘောကို “မာန” လို့ ခေါ်ပါတယ်၊ ဒီမာနဟာ ထောင်လွှား တက်ကြွခြင်း သဘော ရှိပါတယ်၊ လောကမှာ ပုဂ္ဂိုလ်အတန်းအစားခွဲရင် -

၁။ သေယျပုဂ္ဂိုလ် = အထက်တန်းစားလူမျိုး၊
၂။ သဒိသပုဂ္ဂိုလ် = အများနှင့် တန်းတူလူမျိုး၊
၃။ ဟီနပုဂ္ဂိုလ် = အောက်တန်းစားလူမျိုး
ဒီလို (၃) မျိုးကို တွေ့နိုင်ပါတယ်၊ တစ်မျိုးတစ်မျိုးမှာ -

က။ သေယျမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ အဖက်ဖက်က သူများထက် သာတယ် - လို့ မှတ်ထင်မှု၊
ခ။ သဒိသမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ သင်းတို့နှင့် ဘာထူးသလဲ - လို့ မှတ်ထင်မှု၊
ဂ။ ဟီနမာန် = သူတို့အောက်ကျတော့ ငါက ဘာအရေးစိုက်ရမှာလဲ - လို့ မှတ်ထင်မှု။
ဒီလို သုံးမျိုးစီ ကွဲပြားနိုင်ပါတယ်။

ဒီ (၉) မျိုးထဲက သေယျပုဂ္ဂိုလ်ရဲ့ သေယျမာန်၊ သဒိသပုဂ္ဂိုလ်ရဲ့ သသိသမာန်၊ ဟီနပုဂ္ဂိုလ်ရဲ့ ဟီနမာန်ဟာ ဟုတ်မှန်တဲ့အတိုင်း မာန်မူခြင်း (ယာထာဝမာန်) မည်ပါတယ်၊ ဒီယာထာဝမာန်မျိုးကို အရဟတ္တမဂ်ကသာ ပယ်နိုင်ပါတယ်။


ဇာတိမာန်

မျိုးရိုး ကောင်းတဲ့အတွက် မာန်တက်တာ မျိုးကို ဇာတိမာန်လို့ ခေါ်ပါတယ်၊ ယခုခေတ်မှာလည်း အသင့်အတင့် မျိုးရိုး ကောင်းသူတွေ ရှိနေတတ်ပါတယ်၊ ဒါပေမယ့် ဟန်ကြီးပန်ကြီး လုပ်ကာ မာန်မာန တက်လောက်အောင် တစ်ဖက်သားကို ကိုယ့်ခြေဖ၀ါး အောက်ကလို မှတ်ထင်ရ လောက်အောင် မျိုးရိုး ကောင်းကြတာ မျိုးတော့ မဟုတ်ပါ။

ရှေးဘ၀က မထောင်လွှား မတက်ကြွ မာန်မာန မကြီးခဲ့လို့ မြင့်မြတ်တဲ့ အမျိုးဖြစ်ရတာကို အကြောင်းပြုပြီး ယခုဘ၀မှာ ထောင်လွှား တက်ကြွ မာန်မာန ကြီးနေခဲ့ပါလျှင် နောင်ဘ၀ သံသရာမှာ ယုတ်ညံ့ အောက်ကျ သူတစ်ပါးရဲ့ ခြေဖ၀ါးအောက်သို့ ရောက်ရမယ့် အရေးကို အဖန်ဖန်တွေးလို့ မိမိရဲ့ စိတ်ဓာတ်ကို ဖြူဖွေးသန့်စင် မာန်မာန မ၀င်အောင် ပြုပြင်သင့်ပါတယ်။

No comments:

Post a Comment